သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝန်း မိုးကြီး လေပြင်းတိုက်နိုင်


ရန်ကုန်မြို့တွင်း မိုးသည်းထန်နေစဉ် တွေ့ရတဲ့ လမ်းသွားလမ်းလာတဦး (အောက်တိုဘာ ၆၊ ၂၀၂၂)
ရန်ကုန်မြို့တွင်း မိုးသည်းထန်နေစဉ် တွေ့ရတဲ့ လမ်းသွားလမ်းလာတဦး (အောက်တိုဘာ ၆၊ ၂၀၂၂)

မြန်မာနိုင်ငံတဝန်း ကချင်ပြည်နယ်ကလွဲလို့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးကြီးလေပြင်းနိုင်တယ်လို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မုတ်သုံအဝင်ကာလနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ပုံမှန်မိုးရွာသွန်းနိုင်တဲ့ ပမာဏထက် မိုးရေချိန်လက်မ ပိုများနိုင်တယ်လို့ မိုးဇလတာဝန်ရှိသူက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး မအိသန့်စင်က ပြောပြမှာပါ။

လေဖိအားနည်းရပ်ဝန်းနဲ့ မုတ်သုံလေဝင်ရောက်လာနိုင်တဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မေလ ၂၃ ရက်ကနေ ၂၇ ရက်အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးထစ်ချုန်းရွာပြီး၊ တချို့နေရာတွေမှာ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးလေပြင်းတိုက်တာတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။ မိုးဦးကျ လေဦးကျကာလနဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးရွာမယ့် မိုးရေချိန်လက်မက သာမန်ထက် ပိုများနိုင်တယ်လို့လည်း မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"အပူပိုင်းဒေသတွေ မကွေး၊ မန္တလေးမှာဆိုရင် ပုံမှန်အားဖြင့်တော့ မိုးရေချိန်က တနှစ်လုံးနေမှ လက်မ ၄၀ လောက်၊ ၅၀ လောက် ရွာတာလေ။ အဲတော့ အခုရွာနိုင်တဲ့မိုးက ၅ ရက်အတွင်း ရွာမယ့်မိုးက နည်းနည်းလေးများမှာပေါ့။ ချောင်းငယ်၊ မြောင်းငယ်တွေမှာ ရေကြီးနိုင်တာတွေရော၊ မိုးရွာသွန်းမှုများလို့ ရုတ်တရက် ရေကြီးလာတာတွေက ဖြစ်နိုင်တာပေါ့နော်။"

နွေကာလထဲ အပူချိန်များခဲ့တဲ့ ဒေသတွေမှာလည်း ဒီရက်ပိုင်းထဲ မိုးရွာသွန်းမှု ပိုလာနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် - တနင်္သာရီကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ မိုးသက်လေပြင်း ကျချိန်မှာ ရေပြင်မြေပြင်လေက တနာရီမိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။

ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာလည်း တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ပြောပါတယ်။ ရေပြင်မြေပြင်လေကတော့ မိုးသက်လေပြင်း ကျချိန်မှာ တနာရီမိုင် ၃၀ ကနေ ၃၅ အထိ တိုက်ခတ်နိုင်ပါတယ်။

"လေဖိအားနည်းရပ်ဝန်း အရှိန်လည်းရှိမယ်။ မုတ်သုံလည်း အဝင်ဖြစ်နေတယ်။ ဆိုတော့ မိုးကများမယ်။ ပြီးတော့ လေဖိအားနည်းရပ်ဝန်းကတော့ လောလောဆယ် ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်မယ်။ ပြီးရင် သူက အရှေ့မြောက်ကို ရွေ့ပြီးတော့ မုန်တိုင်းငယ်အဖြစ် ရောက်လာနိုင်တယ်။ ဒီဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းရှိရင်တော့ ကျနော်တို့ မြန်မာနိုင်ငံက မုန်တိုင်းရဲ့ လက်ယာဘက်ရောက်နေတော့ မိုးသက်လေပြင်း ကျတတ်တယ်။ မြန်မာ့ကမ်းရိုးတန်းမှာ ရှိနိုင်တာပေါ့နော်။"

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် - တနင်္သာရီကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေဝန်းကျင်ရှိနိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ ၇ ပေကနေ ၉ ပေဝန်းကျင်အထိ ရှိနိုင်ပါတယ်။ ကုန်းမြင့်ဒေသမှာ နေထိုင်သူတွေ မြေပြိုနိုင်တဲ့ အန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေလည်း ရေကြီး၊ ရေလျှံနိုင်တာကို ကြိုသတိပြုသင့်တယ်လို့ ပြောပါတယ်။

ဧပြီနဲ့ မေလထဲ နေ့အပူချိန် ပြင်းထန်ခဲ့တဲ့ ဒေသတွေမှာတော့ ဒီရက်ပိုင်းထဲ နေ့အပူချိန် သိသိသာသာ လျော့ကျတာမျိုး ရှိလာပြီး၊ တချို့နေရာတွေမှာ မိုးရွာသွန်းတာတွေ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၃ ကနေ ၂၇ ရက်နေ့အတွင်း မိုးကြီးလေပြင်းနိုင်လို့ သဘာဝဘေး ကြိုတင်ကာကွယ်နိုင်ဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG