သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာ နေ့အပူချိန်ပြင်းထန်လို့ ရောဂါအခံရှိသူတွေနဲ့သက်ကြီးရွယ်အိုတွေ သေဆုံးမှုများလာ


ရန်ကုန်မှာ ၁၀၄ ဒီဂရီဖာရင်ဟိုက်အပူချိန်မှာ ရေခဲရေသည်ရဲ့ အရည်ပျော်သွားတဲ့ ရေခဲရေနဲ့ ရေချိုးနေတဲ့ ကလေးတယောက်။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရန်ကုန်မှာ ၁၀၄ ဒီဂရီဖာရင်ဟိုက်အပူချိန်မှာ ရေခဲရေသည်ရဲ့ အရည်ပျော်သွားတဲ့ ရေခဲရေနဲ့ ရေချိုးနေတဲ့ ကလေးတယောက်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နေ့အပူချိန်ပြင်းထန်တာနဲ့ဆက်စပ်ပြီး ရောဂါအခံရှိသူနဲ့ အသက်ကြီးပိုင်းအပါအဝင် လသားအရွယ်ကလေးငယ်တွေ သေဆုံးနှုန်း ဒီရက်ပိုင်းထဲ တော်တော်များများ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မုံရွာမြို့မှာ နေ့အပူချိန် ပြင်းထန်လို့ အခုရက်ပိုင်းထဲ သေဆုံးသူဦးရေ ၁၀၀ ဝန်းကျင်မှာ ရှိနေတယ်လို့ နာရေးလမ်းကြောင်း ပို့ဆောင်ပေးသူတွေက ပြောပါတယ်။ သေဆုံးသူ အများစုက ရောဂါအခံရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေအပြင် လသားအရွယ် ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

"မြို့ပေါ်ဆိုရင်တော့ အယောက် ၁၀၀ ဝန်းကျင်ရှိတယ်ဗျ။ ၄ ရက်အတွင်းမှာပေါ့။ ၄ ရက်က တော်တော်ပူတာလေ။ ဒီ အယောက် ၁၀၀ ဝန်းကျင်ဆိုတာ မြို့ပေါ်ဦးရေဗျ။ ဒီပြင့် နယ်ပိုင်းတွေ မပါသေးဘူး။"

မုံရွာမြို့မှာ မေလ ၁၈ ရက်၊ ပြီးခဲ့တဲ့ စနေနေ့က အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်၊ ၁၁၃ ဒီဂရီဖာရင်ဟိုက်အထိ ရှိခဲ့တယ်လို့ မိုးဇလက ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။ နေ့အပူချိန် ပြင်းထန်ချိန်မှာ ရေချိုးမှားလို့ သေဆုံးတာလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ သေဆုံးသူတချို့ဟာ ဦးနှောက်သွေးကြောပြတ်တဲ့လက္ခဏာမျိုးတွေ့ရတယ်လို့လည်း နောက်ထပ် ပရဟိတအသင်းဝင် တဦးက ပြောပါတယ်။

"ကျနော်တို့ လူလတ်ပိုင်းတွေတောင်မှ တော်တော် အပြင်းအထန်ခံရတာဆိုတော့ လူကြီးပိုင်းနဲ့ ကလေးငယ်တွေက များသောအားဖြင့် ပျက်စီးတာ များတာပေါ့ဗျာ။ များသောအားဖြင့်တော့ အသက်ကြီးတဲ့သူက အပူဒဏ်မခံနိုင်တော့ မောတာပြုတာတွေ ဖြစ်ပြီးတော့ သေကြတာပေါ့ဗျာ။ တချို့ လူလတ်ပိုင်းတွေက အသောက်အစားရှိတဲ့ သူတွေပေါ့။ အဲလိုသောက်ပြီး အပူဒဏ်မခံနိုင်တော့ နေခင်းဘက်မှာ ရေထချိုးတာတွေ ရှိပြီးတော့ တချို့ကျတော့ အဲလိုရေချိုးမှားတာ ထင်တယ်။ အခုနောက်ပိုင်းဆို ကျနော်တို့ သင်္ဂြိုဟ်ပေးရတဲ့ အလောင်းတွေက နှာခေါင်းထဲက သွေးထွက်ပြီးတော့ ဦးနှောက်သွေးကြောပြတ်တဲ့ ပုံစံမျိုးတွေများတယ်။"

အပူဒဏ်လွန်ကဲတဲ့ဒဏ်ကို ပြီးခဲ့တဲ့ ဧပြီလကတည်းက မြန်မာနိုင်ငံမှာ သိသိသာသာ ခံစားခဲ့ရပြီး နေ့အပူချိန်ကြောင့် သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ မုံရွာမြို့က နေအပူရှိန်ကြောင့်သေဆုံးတယ်လို့ ယူဆရတဲ့အထဲမှာ လသားအရွယ်ကလေးငယ်တွေလည်း တွေ့ရတယ်လို့ပြောပါတယ်။

"ကျနော်တို့ ဒိုင်ခံချတဲ့ သုဿာန်နှစ်ခုကို မေးကြည့်တာ မနေ့က တရက်တည်းတင်ကို ၂၉ ဦးရှိတာ။ စိတ်မကောင်းတာက တချို့ လသားလေးတွေဆိုရင် ၄ လသား၊ ၅ လသားလေးတွေ ဟိုတနေ့က တရက်တည်းတင်ကို မနက်အစောကြီးပဲ ရှိသေးတယ်၊ လေးလောင်းရှိပြီတဲ့၊ လာမြှုပ်တာ။ အဲဒီ လသားလေးတွေကျတော့ ကျနော်တို့က မသင်္ဂြိုဟ်ပေးရဘူး။ ဒီအရွယ်မရောက်သေးတဲ့ ကလေးတွေက တကယ်တမ်းကျတော့ အပူဒဏ်မခံနိုင်တာပေါ့။"

အပူဒဏ်ကြောင့် သေဆုံးနာမကျန်းမှု အချက်အလက်တွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တရားဝင် ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့လည်း အပူဒဏ်နဲ့ ဆက်နွယ်ပြီး အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေအပြင် နဂိုရောဂါအခံကြောင့် သေဆုံးသူတွေလည်း ပိုများလာတယ်လို့ ပရဟိတ ကူညီစောင့်ရှောက်သူတွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG