သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝန်း အပူချိန်မြင့်တက်


၂၀၂၀ ခုနှစ်တုန်းက ရန်ကုန်မြို့ရှိ မဲရုံအပြင်ဘက်မှာ မဲပေးဖို့ တန်းစီနေကြသူများ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)
၂၀၂၀ ခုနှစ်တုန်းက ရန်ကုန်မြို့ရှိ မဲရုံအပြင်ဘက်မှာ မဲပေးဖို့ တန်းစီနေကြသူများ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ အပူချိန် အခုရက်ပိုင်း မြင့်တက်နေတာမှာ အညာဒေသဘက်မှာ အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ် ကျော်ဖြစ်ခဲ့ပါတယ်။ မေလ ၂၀ ရက်နေ့မှာ အပူလှိုင်းဖြတ်မယ်ဆိုတဲ့ လူတွေကြား အပြောများနေတဲ့ သတိပေးချက်တွေဟာ မှန်ကန်မှု မရှိဘဲ အဲဒီရက်နောက်ပိုင်းကစပြီး အပူချိန်ပြန်ကျနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနတာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မစုမြတ်မွန်ပြောပြမှာပါ။

မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးရွာသွန်းမှု လျော့နည်းလာပြီး နေ့အပူချိန်မြင့်တက်လာနေပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းထဲက ချောက်မြို့မှာဆို နေ့ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ် ကျော်တဲ့အထိ မြင့်တက်နေပါတယ်။ ရန်ကုန်မြို့မှာလည်း အခုရက်ပိုင်း နေ့ဘက် အပူချိန်ဟာ ၃၅ ဒီဂရီစင်တီဂရိတ် ကျော်ပြီး တချို့ရက်တွေ ၄၀ နားကပ်နေတဲ့အတွက် အပူဒဏ်ကို ခံစားနေကြရပါတယ်။ လက်ရှိအချိန်မှာ မိုးရွာသွန်းမှု နည်းနေတာကြောင့်ဖြစ်ပေမဲ့ မုတ်သုံပြန်ဝင်လာရင်တော့ အပူချိန်ပြန်ကျမယ့်အနေအထားမှာရှိတယ်လို့ မိုးလေဝသဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဗွီအိုအေကိုပြောပါတယ်။

“မေလ ၁၅ ရက် နောက်ပိုင်းမှာ အပူချိန်ပြန်မြင့်လာတာပေါ့။ မေလ အရှေ့ပိုင်းကတော့ မိုးရွာသွန်းမှုတွေလည်း အထိုက်အလျောက်ရှိတယ်။ ဆိုတဲ့အခါကျတော့ သိပ်မပူဘဲနဲ့ မုတ်သုံဝင်ခါနီးမှာ ပူလာတဲ့သဘောရှိတာပေါ့။ လာမယ့် ၂၀ ရက်နေ့လောက်ရောက်ရင် အပူချိန်မြင့်မယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒီထက် အပူချိန်ပိုမြင့်ဖို့တော့ အလားအလာ သိပ်မရှိဘူး။ အခုလက်ရှိ ပူနေတဲ့အနေအထားမျိုးတော့ ဖြစ်နိုင်တယ်။ ဆက်ပြီး အများကြီး အပူချိန်တက်လာမယ့် အနေအထားမျိုးတော့ မရှိဘူး။”

လာမယ့် မေလ ၂၃ နဲ့ ၂၄ ရက်နေ့တွေလောက်မှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး မုန်တိုင်းအဆင့်လောက်ထိ ရောက်လာနိုင်ပေမယ့် မြန်မာနိုင်ငံဘက် ဦးတည်မယ့်အလားအလာ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဒီမုန်တိုင်းရဲ့အရှိန်ကြောင့် မုတ်သုံလေဝင်လာနိုင်တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

နေ့အပူချိန်မြင့်လာတာကြောင့် အပြင်မထွက်ဘဲ အိမ်ထဲနေသူတွေတောင် အပူဒဏ်ကို ခံနေရပါတယ်။ အဲဒီထဲမှာ အသက်ရွယ်ကြီးသူတွေနဲ့ ကလေးငယ်တွေ ပိုပြီး ဂရုစိုက်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အပူဒဏ်အန္တရာယ်ကို သတိပေးနေပါတယ်။ အပူဒဏ်ခံနိုင်ဖို့ ရေနဲ့ ဓာတ်ဆားကို အရင်ကထက်ပိုပြီး မှီဝဲဖို့လိုတယ်လို့လည်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန့်ဇော်က ပြောပါတယ်။

“အသက် ၅၀၊ ၆၀ အထက်တွေက သူတို့မှာ အသက်အရွယ်လည်း ကြီးလာတော့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက လူငယ်တွေလိုမျိုး အားမကောင်းဘူး။ နာတာရှည်ရောဂါ - နှလုံး၊ သွေးတိုး၊ ဆီးချိုလို ရောဂါတွေရှိတဲ့သူဆို ပိုပြီးတော့ ခန္ဓာကိုယ်ရဲ့စွမ်းအင်တွေက ကျဆင်းနေပြီဖြစ်လို့ ဒီလိုလူတွေက ပိုပြီးတော့ အပူဒဏ်ကို ခံစားရနိုင်တယ်။ အန္တရာယ်ရှိနိုင်တဲ့ အတွက်ကြောင့်မို့လို့ အပူဒဏ်ကို ပိုပြီးတော့ သတိထားရမယ်။ ရေကို အရင်ပုံမှန်သောက်နေတာထက် ၁ လီတာပတ်ဝန်းကျင်လောက် ပိုပြီးတော့ သောက်သုံးပေးသင့်တယ်။ ဓာတ်ဆားရည်သောက်မယ်ဆိုရင်တော့ ပိုကောင်းတယ်။”

မိုးနည်း အပူမြင့်ကာလဖြစ်နေချိန်မှာ စိုက်ပျိုးရေးအဓိကထား လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကတော့ မိုးကို မေ ျှာ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG