သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားမွေးမြူရေးကုမ္ပဏီ ယာယီရပ်နားမှုနဲ့ မြန်မာ့စီးပွားရေးအကျပ်အတည်း


ရန်ကုန်တိုင်း မှောဘီမြို့ မြောင်းတကာစက်မှုဇုံမှာရှိတဲ့ CJ Feed Myanmar စက်ရုံ
ရန်ကုန်တိုင်း မှောဘီမြို့ မြောင်းတကာစက်မှုဇုံမှာရှိတဲ့ CJ Feed Myanmar စက်ရုံ

မြန်မာ့စီးပွားရေး ကျဆင်းမှုအကျပ်အတည်းကြောင့် တောင်ကိုရီးယား မွေးမြူရေးကုမ္ပဏီကြီး ယာယီရပ်နားတော့မယ်လို့ ကြေညာချက်ထွက်လာတာက အကျိုးဆက်ကြီးနိုင်တယ်လို့ သုံးသပ်မှုထွက်လာပါတယ်။ CJ Feed Myanmar ကိုရီးယား တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက်ကုမ္ပဏီအနေနဲ့ အရောင်းအဝယ်ခက်လာတာ၊ ကုန်ကြမ်းဈေးကြီးပြီး ရဖို့ခက်လာတာနဲ့ လုပ်သားအင်အား မလုံလောက်တော့တာကြောင့် လာမယ့် အင်္ဂါနေ့ မေလ ၂၈ ရက်ကစပြီး လုပ်ငန်းတွေ ရပ်နားတော့မယ်လို့ မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာက ဘယ်လို အခြေခံအကြောင်းရင်းတွေကြောင့်လဲဆိုတာနဲ့ ဘယ်လို အကျိုးဆက်တွေရှိလာနိုင်ပါလဲ။ ကိုဝင်းမင်းက စီးပွားရေးပညာရှင်တွေကို မေးမြန်း တင်ပြထားပါတယ်။​

တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီ မွေးမြူရေးကုမ္မဏီကြီးကို ၁၉၇၃ ခုနှစ်က စထူတောင်ခဲ့ပြီး အရင် အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့မှာ ဝင်လုပ်ခဲ့တာကနေ မြန်မာနိုင်ငံကိုလည်း လွန်ခဲ့တဲ့ ၅ နှစ်ကျော်က စဝင်လာခဲ့ပြီးမှ အခုလို ယာယီရပ်ဆိုင်းလိုက်ရတာပါ။

ရန်ကုန်တိုင်း မှောဘီမြို့ မြောင်းတကာစက်မှုဇုံမှာရှိတဲ့ ဒီလုပ်ငန်းကြီး၊ ဘယ်လို အခြေခံအကြောင်းရင်းတွေကြောင့် ရပ်ဆိုင်းလိုက်ရတာဖြစ်နိုင်ပုံကို အမေရိကန်ရောက် မြန်မာစီးပွားရေး ပညာရှင် ဦးစိန်ဌေးက အခုလို ထောက်ပြပါတယ်။

"နံပါတ် ၁ ကတော့ အကျိုးအမြတ်မရှိဘူး။ သိသာတာတချက်ပြောမယ်ဗျာ exchange rate ပြဿနာ၊ နိုင်ငံခြားငွေလဲနှုန်းက floating exchange rate (ကိန်းရှင်ငွေလဲနှုန်း) နဲ့ မသွားဘူးဗျာ၊ သူတို့သတ်မှတ်တဲ့ဟာနဲ့သွားတော့ ပြဿနာရှိတယ်။ သူက ၂၁၀၀ အပြင်မှာပေါက်နေတာက အခု ၄၀၀၀ ကျော်နေပြီ။ ရှုံးနေပြီလေ။ နောက် ကုန်ထုတ်လုပ်ငန်းမှာ သွင်းအားစုတွေရှိတယ်ဗျာ၊ ထုတ်လုပ်မှုအတွက်လည်ပတ်မယ့် လျှပ်စစ်ဓာတ်အားပျက်နေရင် ဘယ်ကိုက်မလဲဗျာ၊ production (ထုတ်လုပ်မှု) ကျပြီပေါ့။ အဓိက လျှပ်စစ်ဓာတ်အား၊ အဲဒါပြဿနာအကြီးဆုံးပဲ။ နောက် အလုပ်လုပ်မယ့် အလုပ်သမားလိုတယ်။ သူတို့ management (လုပ်ငန်းစီမံသူ) တွေတင်မဟုတ်ဘူး ကျွန်တော်တို့မြန်မာနိုင်ငံမှာ သာမန်အလုပ်သမားတွေလိုတယ်။ အဲဒီအလုပ်သမားတွေက အခုမရှိတော့ဘူး။ သူတို့အခု စစ်မှုထမ်းဥပဒေနဲ့ တကယ့် အားကောင်းမောင်းသန် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား တကယ့်လုပ်အားကောင်းတဲ့ အရွယ်လေးတွေကို စစ်ထဲစုတယ်ဆိုတော့ အဲဒီလူတွေက သူတို့ဆီမလာချင် ထွက်ပြေးကုန်ပြီဗျာ၊ အဲဒီတော့ ကုန်ထုတ်လုပ်ငန်းလုပ်တဲ့အခါမှာ လိုအပ်တဲ့ အချက်အလက်တွေမပြည့်စုံတဲ့အပြင် သွင်းအားစုလုပ်ငန်းတွေက shortage ဖြစ်လာတဲ့အခါမှာ ဒီလုပ်ငန်းတွေကရှုံးတော့ ထွက်ပြီပေါ့"

မြန်မာနိုင်ငံထဲ တိရစ္ဆာန်အစာနဲ့ကြက်သားပေါက် ထုတ်လုပ်ရေး ဒီ အကြီးစားကုမ္ပဏီကြီး ရပ်ဆိုင်းရတဲ့ အခြေခံ အကြောင်းရင်း အသေးစိတ်တွေကို အမည်မဖော်လိုတဲ့ စီးပွားရေး သုတေသီ တဦးကလည်း အခုလို ရှင်းပြပါတယ်။

"ဒေါ်လာဈေးကြောင့်ပါ အခုအရမ်းတက်တယ်။ လက်ရှိဒီနေ့ ဒေါ်လာပေါက်ဈေးက ၄၀၅၀ နဲ့ ၄၁၀၀ ကြားပေါက်တယ်။ ဒေါ်လာဈေးက အရမ်းတက်လာတဲ့အခါမှာ ငွေတန်ဖိုးတော်တော်ကျတော့ သူတို့စီးပွားရေးရပ်တည်ဖို့က တော်တော်ကို ခဲယဉ်းလာတယ်။ နောက်တခုက သုံးနှစ်တာကာလကျပ်ပြီးတဲ့နောက်ပြီးမှာ ကုန်ထုတ်လုပ်မှုတွေက ပိုပိုပြီးတော့ ကျလာတယ်။ ဘာကြောင့်ပိုကျလာလဲဆိုရင် ကျွန်မတို့ ကုန်ထုတ်လုပ်မှုဆိုလို့ရှိရင် နိုင်ငံခြားကနေ ကုန်ကြမ်းတင်သွင်းရတယ်။ ကုန်ကြမ်းတင်သွင်းမှုမှာ import (သွင်းကုန်) လိုင်စင် ချထားမှုကလည်း ပိုပိုပြီးတော့ တဖြေးဖြေးနဲ့ ကျပ်တည်းလာတဲ့အတွက်ကြောင့်မို့လို့လည်း ကုန်ထုတ်လုပ်မှုတွေ လုပ်ငန်းတွေကလည်း ပိုပိုပြီးတော့မှ ကျဆင်းလာတယ်။ အခုနွေရာသီမှာ စပြီးတော့မှ challenges (စိန်ခေါ်မှု) ထပ်ဖြစ်တာက ဘာလဲဆိုတော့ မီးရရှိဖို့ပါ။ စက်မှုဇုန်တွေကို တနေ့ကိုမှ နှစ်နာရီပဲ မီးပေးနိုင်တယ်။ အဲဒီတော့ မီးစက်တွေနဲ့ Run (လုပ်ငန်းလုပ်) ရတယ်ပေါ့။ စက်သုံးဆီကလည်း မြန်မာနိုင်ငံမှာ မလုံလောက်မှုတွေ ခဏခဏဖြစ်ပေါ်နေတာပေါ့နော်။ စက်သုံးဆီဈေးနှုန်းတွေ မြင့်မားမှုကြောင့်လည်း ဒီကုန်ထုတ်မှုကုန်ကျစရိတ်က မျှော်မှန်းထားတာထက် ပိုပိုပြီးမှ ကုန်ကျတဲ့အခါမှာ ဒီ profit (အမြတ်ငွေပမာဏ) ကို သွားထိတယ်ပေါ့နော် "

ဒီ နိုင်ငံခြား မွေးမြူရေးကုမ္ပဏီကြီး ရပ်ဆိုင်းမှုကို ဦးတည်စေတဲ့ လက်ရှိအခြေအနေအပြင် ရှေ.ဆက်ဖြစ်လာနိုင်တာကိုလည်း ဦးစိန်ဌေးက အခုလို သုံးသပ်ပါတယ်။

"တိုင်းပြည်စီးပွားရေးဟာ ပြိုလဲတော့မယ်။ အခုဆို တနေ့တခြား စဉ်းစားကြည့် ရွှေဈေး တရက်တရက်ကိုတက်တာ နည်းတဲ့နှုန်းမှ မဟုတ်တာ ဒေါ်လာဈေးလည်း လာလိမ့်မယ်။ ဒီတိုင်းသာ ဆက်သွားရင် ၅၀၀၀ ဖြစ်သွားမှာ တဒေါ်လာကို။ ဒါတွေကို ဆေးမြီးတိုနဲ့ကုဖို့အတွက် တရုတ်ကိုမြစ်ဆုံထိုးပေးတယ်ဗျာ။ ရုရှားကို စီးပွားရေးဇုန်တွေပေးတော့မယ်။ တစ်အချက် - လက်နက်ပစ္စည်းတွေဝယ်ရတော့မယ်။ ဝယ်လည်းဝယ်နေတယ်။ အဲဒီတော့ ငွေလိုတယ်။ ဒါကို သူပို့ပေးတာပဲ။ နံပါတ် ၂ နိုင်ငံခြားငွေ မလုံလောက်မှု ဖြစ်တော့ အဲဒီမှာ ချေးမယ်ငှားမယ်ပေါ့ဗျာ၊ ဒါမျိုးတွေလျှောက်လုပ်တာ။ ပိုဆိုးမှာပေါ့ဗျာ။ ဒါကြောင့် တိုင်းပြည်စီးပွားရေးက ပြိုလဲမယ်။ ချောက်ထဲကို တွန်းတွန်းချသလိုဖြစ်နေတယ် "

ဒီ ရှေ.ဆက်ဖြစ်လာနိုင်ခြေအပေါ်လည်း စီးပွားရေးသုတေသီက အခုလို ဆက် သုံးသပ်ပြပါတယ်။

"ကုန်ထုတ်လည်ပတ်မှုလုပ်ငန်းတွေအကုန်လုံးကတော့ တဖြေးတဖြေးနဲ့တော့ ကျလာမှာပါပဲ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့်ပေါ့နော်။ တင်ပို့မှုတွေသိပ်မလုပ်နိုင်တဲ့အခါမှာ နိုင်ငံခြားငွေရရှိမှုကလည်း ကျဆင်းလာတဲ့အခါမှာ import လိုင်စင်တွေ ပိုထုတ်ဖို့အတွက်လည်း ပိုမိုခဲယဉ်းလာတာပေါ့နော်။ အဲဒါက တောက်လျှောက် consequences effects (နောက်ဆက်တွဲအကျိုးဆက်) တွေဖြစ်လာတာပေါ့နော်။ အဲဒါတွေကြောင့် မြန်မာ့စီးပွားရေးကတော့ လာမယ့်လပိုင်းတွေမှာ တဖြေးဖြေးနဲ့ ပိုမိုကျပ်တည်းလာမယ်။ ရှေ့ဆက်အလားအလာတွေမှာတော့ ပြန်လည်ပြီးတော့မှ ဦးမော့လာဖို့ဆိုတာက သိပ်ပြီးတော့ မဖြစ်နိုင်ဘူးပေါ့နော်။ ကုမ္ပဏီတွေ ထွက်ထွက်ထွက်ထွက် သွားတာမျိုးတွေလည်း ပိုဖြစ်လာနိုင်တယ်"

ဒါ့အပြင် အခုလို ကုမ္ပဏီကြီးတွေ ရပ်ဆိုင်းတာ (ဒါမှမဟုတ်) ထွက်ခွာတာရဲ့ နောက်အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံထဲ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ထပ်ကြီးမားလာနိုင်တာကို ဝင်ငွေမတိုးတဲ့ ပြည်သူတွေ ပိုခံစားလာရနိုင်တယ်လို့ စီးပွားရေးသုံးသပ်သူတွေက ထောက်ပြနေကြပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG