သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ရေးပဋိပက္ခမှာ မြေစာပင်ဖြစ်ရဟု ရိုဟင်ဂျာတွေယူဆ


ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် စခန်းအများအပြားသိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (မေ ၁၈၊ ၂၀၂၄)
ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် စခန်းအများအပြားသိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (မေ ၁၈၊ ၂၀၂၄)

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နေအိမ်တွေ မီးရှို့ခံရမှုဖြစ်စဉ်အပေါ် အပြန်အလှန်အငြင်းပွားနေချိန်မှာပဲ ရိုဟင်ဂျာမွတ်ဆလင်တွေဖက်ကတော့ သူတို့ဟာ နှစ်ဖက်အကြား မြေစာပင်ဖြစ်နေရတယ်ဆိုပြီး ပြောနေပါတယ်။ ရိုဟင်ဂျာတွေဖက်က အခုလို ပြောဆိုတာဟာ ရခိုင်ဒေသလွတ်မြောက်ရေးကို ထိခိုက်စေမယ်ဆိုပြီးတော့လည်း ရခိုင်အဖွဲ့အစည်းတွေဖက်က တုန့်ပြန်ချေပကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကိုတော့ နန်းလောင်ဝ်ပြောပြမှာပါ။

ဘူးသီးတောင်မြို့ကို မေလ ၁၈ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ AA အာရက္ခတပ်တော်အနေနဲ့ ကြေညာခဲ့တာဖြစ်ပြီး၊ ဒီမတိုင်ခင် အထူးသဖြင့် မေလ ၁၇ရက်နေ့မှာတော့ ဘူးသီးတောင်မြို့မှာ တိုက်ပွဲတွေအတော်ပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဖက်ကလည်း လေကြောင်းသုံးတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။ မြို့သိမ်းတိုက်ပွဲ တိုက်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေ မေလ ၁၈ ရက်နေ့မတိုင်ခင် မြို့ကနေ ထွက်ခွာဖို့ AA ကတိုက်တွန်းခဲ့တယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။ မြို့ကနေထွက်သင့်မသင့် စဉ်းစားနေတုန်း မေလ ၁၇ရက်နေ့ ည ၁၀နာရီလောက်မှာ နေအိမ်တွေ မီးရှို့ခံရမှု ဖြစ်ခဲ့တာလို့ ဘူးသီးတောင်ဘက်က ထွက်ပြေးလာခဲ့တဲ့ ဒေသခံရိုဟင်ဂျာတဦး ကဗွီအိုအေကိုပြောပါတယ်။

" ရခိုင်လက်နက်ကိုင်လို့သိရတဲ့ အဖွဲ့က ဘူးသီးတောင် ရွာမရွာကနေစပြီးရှို့တာ ပြီးရင်ဘူးသီးတောင် ရပ်ကွက် ၂ လမ်းဆုံကနေ လာပြီး ပြန်ပြီးတော့ မီးစရှို့လာတယ်။ ပြီးရင် ရပ်ကွက် ၄ ဘက်ကိုစရှို့လာတယ်။ ၁ကို ရှို့ လာတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ရက်မှရခိုင်လက်နက် ကိုင်တွေကမီးရှို့တာ။ ဆိုတော့ရည်ရွယ်ချက်ရှိရှိကျနော်တို့ကိုမီးရှို့တဲ့ပုံဖြစ်နေတယ်။ စစ်ကောင်စီကလည်း တိုက်တဲ့အချိန်မှာထွက်လာတဲ့ နေရာကိုစစ်ကောင်စီက လက်နက်ကြီးတွေနဲ့ထုတယ်။ အဲမှာ ကျည်ဆံတွေက ရိုဟင်ဂျာရွာတွေကိုကျတယ်။ ဘာလို့လဲဆို ရခိုင်လက်နက်ကိုင် တွေက ကျနော်တို့ရိုဟင်ဂျာရွာတို့ကိုလာပြီးတော့ နေရာယူတယ် အဲဒီကနေပစ်တယ်။ အလံလေးတွေထောင်တယ် ဘာကြောင့်အလံထောင်လဲကျနော်မသိဘူး။ ကျနော်တို့တွေတယ် ၂ဖက်လုံးက ဒရုန်းတွေသုံးတယ်။ လာတယ် လာပြီးကြည့်သွားတယ် ပြီးရင်လက်နက်ကြီးတွေ လာတယ်။ အဲလိုအခြေအနေတွေရှိတယ်။ သူတို့လွတ်လပ်နယ်မြေ အဲနေရာတွေမှာ ရခိုင်လူမျိုးတွေကိုသူတို့ကြိုပြီးတော့ ရွှေ့ပြောင်းတဲ့ အနေအထားရှိတယ်။ ကျနော်တို့ကိုတော့အဲလိုမျိုးမလုပ်ဘူး။"

မီးလောင်ပျက်စီးတဲ့နေအိမ်အရေအတွက် သေဆုံးမှုအရေအတွက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ အဲဒီနောက် မြို့ပေါ်မှာရှိတဲ့ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အရက္ခတပ်တော် AA က ဘူးသီးတောင်အကျဉ်းထောင်အနီး လယ်ကွင်းတွေမှာစုထားပြီး စာရင်းကောက်ယူတယ်လို့ ပြောပါတယ်။ အဲကနေတဆင့် မောင်တောဘက်သွား ကားလမ်းတလျှောက်ကနေ ထွက်ခွာခဲ့ရတယ်လို့ပြောပါတယ်။

ရခိုင်ဘက်တိုက်ပွဲပြင်းထန်လာချိန် ဘူးသီးတောင်ဒေသမှာ အာဆာ ARSA နဲ့ စစ်တပ်ကြား ပူးပေါင်းလုပ်ဆောင်တာတွေရှိခဲ့တယ်လို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာက ပြောပါတယ်။ အခွန်ကောက်ခံတာ၊ စစ်ဆေးရေးဂိတ်တွေမှာ နေရာယူတာတွေရှိသလို စစ်ကောင်စီတပ်သားသစ်စုဆောင်းရာမှာလည်း ဒေသခံရိုဟင်ဂျာတွေကိုခြိမ်းခြောက်ပြီးအတင်းဝင်ခိုင်းတာတွေရှိခဲ့တယ်လို့ သူကပြောပါတယ်။ အာဆာအဖွဲ့ဟာ ရိုဟင်ဂျာ လူမျိုးကိုကိုယ်စားမပြုသလို သူတို့ကိုကြောက်နေရတဲ့ဒေသခံရိုဟင်ဂျာပြည်သူတွေအပေါ် AA ဖက်က အမြင်ရှင်းဖို့လည်း သူက မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာ AA ကလည်း ဒေသခံရိုဟင်ဂျာတွေကို အကာအကွယ်မပေးခဲ့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ စစ်ကောင်စီနဲ့ AA အကြား မြေစာပင်လိုဖြစ်နေရတယ်လို့ ပြောပါတယ်။

" စကစရဲ့ မူလ ၂၀၁၇ ကလုပ်တဲ့ အာဆာဆိုတဲ့ကိစ္စက အာဆာ ကို စကစဘဲထူထောင်ထားတာ တချက်၊ အဲဒီ အာဆာကို အသုံးပြု ပြီးတော့ကျနော် တို့လူတွေကိုအတင်းအကြပ် စစ်မှုမထမ်းရင်မီးရှို့မယ် ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီး လိုက်နိုင်တဲ့သူတွေကို သူတို့ခေါ်သွားတယ်။ အာဆာကိုသူတို့ခေါ်လာတယ်။ ခေါ်လာပြီးတော့ လူတွေကိုနှိပ်စက်ခိုင်းတယ်။ ရှိသမျှပိုက်ဆံ တွေယူဖို့ အာဆာကိုခွင့်ပြုထားတယ်။ ကျနော်တို့ကအေအေနဲ့မပူးပေါင်းဘူးဆိုတာက အေအေကကျနော်တို့ကိုမဖိတ်ခေါ်ဘူး။ နေရာမပေးဘူး သူတို့အပြောနဲ့အလုပ်နဲ့က ကိုက်ညီမှုမရှိဘူး။ ကျနော်တို့ကမြေစာပင်ဖြစ်နေတယ်။ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တယ် ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်တယ်။"

လက်ရှိမှာ ရိုဟင်ဂျာအများအပြားဟာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရပြီး အခြေခံစားနပ်ရိက္ခာကို မရှိတော့တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရသလို ကျန်းမာရေး ပြဿနာတွေနဲ့ပါရင်ဆိုင်နေရတယ်လို့ သူကပြောပါတယ်။

ဘူးသီးတောင် မေလ ၁၇ရက်ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရော ရိုဟင်ဂျာအဖွဲ့တွေကပါ ဒေသခံရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ ဝေဖန်ခဲ့ကြပေမယ့်၊ AA ဖက်ကတော့ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေဆိုပြီး ပယ်ချပါတယ်။

ရိုဟင်ဂျာအသိုင်းအဝန်းတွေက ‌AA ဖက်က ကျူးလွန်တာလို့ ပြောသလို၊ AAကလည်း စစ်ကောင်စီနဲ့သူ့အပေါင်းပါရိုဟင်ဂျာအဖွဲ့တွေလက်ချက်ဖြစ်တယ်လို့ပြောပြီး အပြန်အလှန်စွပ်စွဲနေကြပါတယ်။

ရခိုင့်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းကတော့ မြေပြင်အခြေအနေတွေရှုပ်ထွေးနေချိန်မှာ တဖက်သပ်ပြောဆိုမှုတွေကြောင့် ရခိုင်ဒေသလွတ်မြောက်ရေးထိခိုက်စေတာ သတိပြုသင့်တယ်လို့ ထောက်ပြပါတယ်။

" အဲဒေသမှာ အခြေအနေတွေကတော်တော်ရှုပ်ထွေးနေတယ်။ ဒါကတော့ ဒီဘက်ကမေးရင်လည်းစစ်ကောင်စီတိုက်တယ်ပြောတယ်။ ဒီဘက်ကမေးရင်လည်းအေအေကတိုက်တယ်ပြောတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ကာလမျိုးမှာ တဖက်စကား တယောက်စကားနဲ့ ဒါတွေကိုအတည် ပြုဖို့ဆိုတာလည်းမဖြစ်သင့်ပါဘူး။ တဖက်ကလည်းငြင်းမယ် တဖက်ကလည်းစွပ်စွဲမယ်ပေါ့။ အဲဒါမျိုးတွေကရှိတယ်။ ဘူးသီးတောင် မောင်တော ကိုသိမ်းပြီးဆိုတဲ့အချိန်မှာ ဘက်စုံက အေအေမှာတာဝန်ရှိတယ်ဆိုပြီး ကြေငြာချက်စာထုတ်ပြောလာတယ်။ ဒီအတွင်းမှာသတင်းအချက်အလက် တွေ ခိုင်ခိုင်မာမာ တိုက်ပွဲတွေဖြစ်ရှုပ်ထွေးနေတဲ့ဧရိယာမှာ ဘယ်လိုအဲလောက်ခိုင်ခိုင်မာမာပြောနိုင်ရတာလဲပေါ့။ အမှန်တကယ်အတည်ပြုချင် ရင်တော့အဲနေရာကို သွားဖို့လိုတယ်။ ULA/AA ဘက်ကဖိတ်ခေါ်ထားတာရှိတယ်။ UN အပါအဝင်အဖွဲ့တွေအားလုံးက အဲနေရာကိုကွင်းဆင်းသွား လေ့လာသင့်တယ်။ ဘယ်ဟာမှားတယ် မှန်တယ်ဆိုတာစိစစ်သင့်တယ်။ ပြီးမှ အဲဒါတွေကိုအတည်ပြုသင့်တယ်။ အခုအချိန်မှာအတည်ပြုရင် တော့ တဖက်သတ်စကားဘဲဖြစ်လိမ့်မယ်။"
ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်လူမှုအသိုက်အဝန်းအကြား တင်းမာမှုတွေဖြစ်အောင် လှုံဆော်တာတွေရှိနေတယ်လို့လည်း ဦးဖေသန်းကထောက်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီဖက်က ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းပြီး တိုက်ခိုက်တာတွေကလည်း ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းအကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင်တာလို့လည်း ဦးဖေသန်းက သူ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (International Crisis Group) မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများဆိုင်ရာ အကြီးတန်းအကြံပေး သောမတ်စ်ကင်း ကတော့ ဒီလိုအခြေအနေမှာ လူမျိုးရေးပဋိပက္ခ မဖြစ်ပွားအောင် အထူးဂရုပြု ကာကွယ်တားဆီးဖို့ ရခိုင်နဲ့ရိုဟင်ဂျာ နှစ်ဘက်အသိုင်းအဝိုင်း ခေါင်းဆောင်တွေအနေနဲ့ လူမျိုးရေးတင်းမာမှုတွေ လျှော့ချဖို့ အပူတပြင်းလိုအပ်နေသလို တစ်ဖက်နဲ့တစ်ဖက် အမုန်းများစေတဲ့ ရန်စပြောဆိုမှု၊ ထုတ်ပြန်ချက်တွေကို ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG