သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတန်ဖိုးကျတဲ့အပေါ် စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်ချက်


မြန်မာငွေနဲ့ ထိုင်းဘတ်ငွေ
မြန်မာငွေနဲ့ ထိုင်းဘတ်ငွေ

မြန်မာနိုင်ငံထဲ ကျပ်ငွေတန်ဖိုး ထိုးကျနေပြီး နိုင်ငံခြားငွေလဲနှုန်း ရုတ်တရက်ခုန်တက်ရတဲ့ လတ်တလောအကြောင်းရင်းက နိုင်ငံခြားကို ရင်းနှီးငွေတွေ ထွက်ကုန်တာကြောင့်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် လက်ရှိဗဟိုဘဏ်ရဲ့ တိုင်တွယ်မှုညံဖျင်းတာ အပါအဝင် စီမံခန့်ခွဲသူတွေနဲ့ ဘဏ်တွေအပေါ် အများပြည်သူ ယုံကြည်မှု ပိုကျဆင်းလာတာကလည်း အဓိကအကြောင်းရင်းဖြစ်တယ်လို့ သုံးသပ်သူတွေက ထောက်ပြကြပါတယ်။ မြန်မာကျပ်ငွေကျဆင်းခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်ခြေတွေကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

အမေရိကန်ဒေါ်လာလဲနှုန်းက (မေလ ၂၉ ရက်နေ့က) တစ်ဒေါ်လာကို ပြင်ပမှာ ၄,၆၀၀ ကျပ်ကျော်အထိ ခုန်တက်လာပါတယ်။ ဒီရက်ပိုင်းထဲ အခုလို ဒေါ်လာလဲနှုန်း ခုန်တက်လာပြီး၊ မြန်မာကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးကျနေရတဲ့ အဓိကအကြောင်းရင်းကို အမေရိကန်ရောက် စီးပွားရေး ပညာရှင် ဦးစိန်ဌေးက အခုလို သုံးသပ်ပြပါတယ်။

"အဓိကအချက်ကတော့ တိုင်းပြည်စီးပွားရေးကို စီမံခန့်ခွဲမှုမှားလာတဲ့အခါကျတော့ ဒီအကျိုးဆက်တွေက ပြင်းပြင်းထန်ထန် သက်ရောက်လာတာပါပဲ။ အဓိက စကစဆီမှာ နိုင်ငံခြားအရန်ငွေမရှိတော့ဘူး။ စီးပွားရေးဝေါဟာရနဲ့ပြောရင် Balance of payment problem တပ်ပြီးပေါ့ဗျာ။ နိုင်ငံခြားနဲ့ကုန်သွယ်မှုငွေကရတာကိုး။ ပြည်ပငွေရှင်းတမ်းလက်ကျန်လို့ခေါ်တာပေါ့။ အဲဒီမှာ minus တွေပြ သူ့မှာအကျပ်ရိုက်ပေါ့၊ ဒါကို ဆေးမြီးတိုနဲ့ကုခဲ့တာလည်း ၂ နှစ်ကျော်ရှိပြီ။ ပြဿနာတွေက ပြင်းထန်လာတဲ့အခါ ဘာတွေကထပ်ပြီးမှ မီးလောင်ရာလေပင့်သလဲဆိုတော့ အခုနကပြောတဲ့ စီမံခန့်ခွဲမှုလုပ်တဲ့သူတွေက အကျင့်ပျက်တယ်။ ပြည်သူလူထုက မယုံဘူး။ အခုသူတို့နဲ့ပေါင်းနေတဲ့ ခရိုနီတွေကော စီးပွားရေးသမားတွေက မယုံတော့ ဒီငွေဟာ မတည်ငြိမ်ဘူး။ ကုန်ဈေးနှုန်းတွေကတက် မြန်မာငွေတန်ဖိုးချ၊ ဒေါ်လာရှားတော့ သူတို့ရဲ့အရင်းအနှီးကိုရွှေ့တာပေါ့ဗျာ။ ဘန်ကောက်နီးစပ်တယ်ဆိုရင် ဘန်ကောက်သွားပြီးတော့မှ ရင်းတာပေါ့။ ကွန်ဒိုဝယ်မယ်ဗျာ။ အဲဒါပါပဲ "

ဒီ ပြည်တွင်း ရင်းနှီးငွေတွေ ပြည်ပထွက်ကုန်တာရဲ့ နောက်ထပ် အဓိက အကြောင်းရင်းနဲ့ အုပ်ချုပ်သူတွေဖက်က ဖိနှိပ်ကိုင်တွယ်မှုကြောင့် အကျိုးဆက်ဖြစ်လာပုံကိုလည်း အမည်မဖော်လိုတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တဦးက အခုလို ထောက်ပြပါတယ်။
"အဓိက အခုလက်တလောဖြစ်တဲ့ဟာကတော့ capital flight ပေါ့။ ဒီက မြန်မာတွေရဲ့ပိုင်ဆိုင်မှုပေါ့ဗျာ။ အဲဒီရဲ့ အရင်းအနှီးတွေက ယိုးဒယားကိုအကုန်ထွက်ကုန်တာပေါ့။ စစ်မှုထမ်းကိစ္စရဲ့နောက်ဆက်တွဲက ကလေးတွေတော်တော်များများ ဘန်ကောက်ထွက်သွားတော့ မိဘတွေကလည်း ပိုက်ဆံရှိတဲ့သူတွေက ဘန်ကောက်မှာ အိမ်ဝယ်တယ်။ ဒီမှာအခြေဖျက်ပြီးတော့ ဘန်ကောက်မှာ အခြေချမယ်ပေါ့။ အဲဒီအတွက်လည်း စီမံခန့်ခွဲတဲ့သူတွေက အရေးယူမယ်ပေါ့။ ယိုးဒယားမှာအိမ်ဝယ်မယ်ဆီဒိုးနားမှာပြပွဲတွေလုပ်သွားတာ၊ တချို့ဆိုရင် ဘတ် ငါးသောင်း စရံတင်ထားတာ။ အဲဒီလူတွေအကုန်လိုက်ပြီးတော့ ခေါ်စစ်တယ်ပြောတယ်။ နောက်ပြီးတော့ ရိုးမနဲ့ပတ်သတ်တဲ့ အကြီးဆုံးတယောက်ကိုလည်း ခေါ်စစ်နေတယ်လို့လည်း သတင်းတွေက သတင်းပေါင်းစုံထွက်လာပြီ။ မနေ့ကဆိုရင် ဘယ်လောက်အခြေအနေဆိုးသွားလဲဆိုတော့ ဒေါ်လာဈေးက ၄၅၀၀ ဖြစ်သွားတယ်။ ဘတ်ဈေးက တဘတ်ကို ၁၂၇ ကျပ်လောက်ဖြစ်သွားတယ်။ မနက်တုန်းကတောင်မှ ၁၁၈ ကျပ် ၁၁၆ ကျပ်ဝန်းကျင်ပဲရှိသေးတယ်။ တရက်တည်းနဲ့ကို တက်သွားတာပေါ့နော်။ ရွှေဆိုလည်းပြောစရာမလိုဘူး။ အဲလောက်ကို အခြေအနေကဆိုးသွားတာ။ အခုလတ်တလောကလေ။ အဲဒါကြောင့်မို့လို့ ဈေးကွက်က မြန်မာပြည်မှာ ကသောင်းကနင်းဖြစ်နေတာ။ "

ဒါ့အပြင် အခုလို ငွေကြေးဈေးကွက် အကြပ်အတည်းဖြစ်လာရတဲ့ နောက်ထပ် အခြေခံအကြောင်းရင်းတွေကိုလည်း ဦးစိန်ဌေးက အခုလို ဆက်သုံးသပ်ပြပါတယ်။

"ပြည်တွင်းမှာက အဓိက ကုန်ထုတ်လုပ်မှု မပြုနိုင်ဘူးတော့ဘူးဗျာ။ ဘယ်သွားပြီးတော့ export လုပ်လို့ရမလဲ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုထွက်တယ်။ နောက်တခါပိုဆိုးသွားတာက အခုလောလောဆယ်ကို သူတို့စစ်မှုထမ်းဥပဒေထုတ်လိုက်တဲ့အခါကျတော့ ဒီကုန်ထုတ်လုပ်မှုက အဓိကကျတဲ့ လေဘာတွေနော် အားကောင်းမောင်းသန်အရွယ်တွေက မထုတ်နိုင်တော့ဘူး ။ အဲဒီမှာတင် တိုင်းပြည်စီးပွားရေးပေါ့နော် အကုန် ကမောက်ကမဖြစ်တယ် ဒါပဲ။ အရင်တုန်းက ၁ နှစ် ၂ နှစ်အတွင်းမှာ ဒေါ်လာဈေးတက်တဲ့နှုန်းက နှေးသေးတယ်။ အခုက ရက်ပိုင်းအတွင်းမှာကို တက်လာတာ အဲတော့ဘာဖြစ်လဲ။ အဲတော့ သူက လူကစားဦးမှာ ပြန်ချိန်းဦးမှာ နောက် ဒီပြဿနာတက်ဦးမှာပဲ။"

အခုလို အချိန်မှာ စီးပွားရေးနဲ့ ငွေကြေးပိုင်းကျွမ်းကျင်တဲ့ စစ်ကောင်စီ ဥက္ကဌရုံးဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို အနားပေးလိုက်တာကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်တွေအကြား ယုံကြည်မှု ပိုကျဆင်းလာစေတယ်လို့ သုံးသပ်သူတွေက ပြောနေပါတယ်။

ဒါ့အပြင် အခုလို နိုင်ငံခြားငွေလဲနှုန်း ခုန်တက်စေနိုင်တဲ့ နောက်ထပ် အကြောင်းရင်းကို ဆက်မေးရာမှာလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်က အခုလို ဆက်ထောက်ပြပါတယ်။

"တခြားလတ်တလောအကြောင်းရင်းဆိုတဲ့ဟာကတော့ အားလုံးကတော့ အကြောင်းအပေါင်းတွေဆုံလာတယ်လို့ ပြောလို့ရမှာပေါ့နော်။ အဓိက လတ်တလောအကြောင်းရင်းမှာက ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှု တော်တော်ညံ့ဖျင်းတယ်ဆိုတဲ့ သဘောဖြစ်နေတာတွေ့ရတယ်။ ဥပမာအားဖြင့် အခုလတ်တလောဖြစ်တဲ့ကိစ္စကို ဗဟိုဘဏ်ကကိုင်တွယ်တာ အချက်နှစ်ချက်ကြေညာတာတွေ့ရတယ်။ ကျွန်တော်တို့ cryptocurrency ပေါ့ USDT တို့ Bitcoin တို့ တရားဝင်ခွင့်ပြုထားတာမဟုတ်တဲ့အတွက် အရေးယူသွားမယ်လို့ ကြေညာတယ်။ အဓိကက မြန်မာပြည်ကလူတွေက လူနည်းစုလောက်ပဲသိတာပါ။ ဒါအဓိကမကျဘူးလို့ ထင်တယ်ပေါ့နော်။ နောက်တခုကတော့ ဗဟိုဘဏ်ရဲ့ကြေညာချက်ထဲမှာ လိုင်းပေါ်မှာ ရွှေဈေးငွေဈေးတွေ တင်တယ်ပေါ့နော်။ ဒေါ်လာဈေးတင်တဲ့ facebook page တွေ အဲဟာတွေ အရေးယူမယ်ဆိုပြီးတော့ ဒီကလည်းရိုးနေပြီပေါ့နော်။ ဘယ်လိုသွားအရေးယူမလဲ ဦးတည့်ရာလျှောက်လုပ်သလိုဖြစ်နေတယ်။ ရယ်စရာကြီးတခုဖြစ်နေတာပေါ့။ ဈေးကွက်ကိုဘယ်လိုမှ ကိုင်တွယ်လို့မရဘူးလေ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ပြောရမှာပေါ့ "

အခုလို စီမံခန့်ခွဲမှုအပေါ် အများယုံကြည်မှု ကျဆင်းလာနေတာရဲ့ နောက်ဆက်တွဲအဖြစ် အမေရိကန် ဒေါ်လာလဲနှုန်းက မကြာခင် တစ်ဒေါ်လာ ၅၀၀၀ အထိ ခုန်တက်နိုင်ပြီး ရှေ့ဆက် ပိုဆိုးကာ ကုန်ဈေးနှုန်းလိုက်တက်တဲ့ဒဏ်ကို အများပိုခံစားရတော့မယ်လို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။

Forum

XS
SM
MD
LG