သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် စီးပွားရေးလုပ်ငန်းတွေထိခိုက်


မြန်မာငွေနဲ့ ထိုင်းဘတ်ငွေ
မြန်မာငွေနဲ့ ထိုင်းဘတ်ငွေ

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းနေတဲ့အတွက် အမေရိကန်ဒေါ်လာအပါအဝင် ကုန်သွယ်ရေးမှာ အဓိကအသုံးပြုနေတဲ့ တရုတ်ယွမ်နဲ့ ထိုင်း ဘတ်ငွေဈေးနှုန်းတွေနေ့စဉ် စံချိန်တင်မြင့်တက်နေပါတယ်။ အလားတူ ရွှေဈေးနှုန်းတွေဟာလည်း နေ့စဉ်ခုန်တက်နေတဲ့အတွက် စီးပွား အရောင်းအဝယ်ပျက်သလောက်ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အသုံးပြုနေတဲ့ တရုတ်ယွမ်ငွေစျေးနဲ့ ထိုင်းဘတ်ငွေစျေးက ဆက်တက်လာတယ်လို့ သွင်းကုန် လုပ်ငန်းရှင်တချို့နဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတချို့က ဗွီအိုအေကို ပြောပါတယ်။ တရုတ်ယွမ်ငွေ အဝယ်စျေးဟာ ဒီနေ့ မေလ၂၉ရက်မှာ တယွမ်ကို မြန်မာကျပ်ငွေ ၆၃၀ အထိဖြစ်လာပါတယ်။ ဒီပမာဏဟာ ယွမ်နဲ့ကျပ်ငွေ လဲလှယ်နှုန်းမှာ အမြင့်ဆုံးပမာဏဖြစ်တယ်လို့ Yunnan International Logistics ကုမ္ပဏီရဲ့ တာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့တွေက တရုတ်ငွေလိုချင်လို့ ပြန်ဝယ်ပြီဆိုရင် ၆၃၀ အဲလောက်ဝန်းကျင်ကို ဖြစ်နေတာပါ။ ငွေက ပြန်တော့ကျမယ်လို့တော့ မျှော်လင့်တာပေါ့နော် အရင်လိုတော့ ပြန်မဖြစ်တော့ဘူးပေါ့။ ဘာမဆို ဖြစ်သွားနိုင်နေတော့လေ။ ဒီတခေါက်က ငွေ စံချိန်တင်ပေါ့ အဲလိုဖြစ်သွားတာပါ။ ကျနော်တို့က အဓိက ပစ္စည်းဝယ်ပေးတယ်၊ ပစ္စည်းသယ်ပေးတယ်ပေါ့နော်။ အဲလို သယ်ပေးတယ်ဆိုရင် သူတို့ (ကုန်သည်) တွေမှာက ငွေရှင်းတာမှာ နည်းလမ်း၂ခုရှိတယ်၊ ပစ္စည်းရောက်မှ ငွေချေတာနဲ့ ငွေကြိုချေတာပေါ့၊ အဲဒီတော့ ငွေကြိုချေထားတဲ့ သူတွေအတွက်ကတော့ နည်းနည်းပါးပါး ခံသာသွားတာပေါ့။ ပစ္စည်းရောက်မှ ငွေချေမဲ့သူတွေကတော့ ဖြစ်လာတဲ့ ပေါက်စျေးအတိုင်းပဲ ချေရမယ်ဆိုတော့ အတော်ကို ဒုက္ခတော့ ရောက်နေကြတာပေါ့။"

ကုန်အမှာကို ကြိုတင်လက်ခံထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကတော့ လုပ်ငန်းခဏနားလိုက်ပြီလို့ တချို့က ပြောပါတယ်။ ထိုင်းဘတ်ငွေစျေးကလည်း ဒီနေ့ မေလ ၂၉ရက် တနေ့တည်းမှာတင် တရိပ်ရိပ်တက်လာနေတာပါ။ လွန်ခဲ့တဲ့ ၂ရက်လောက်က မြန်မာငွေ တသိန်းကို ထိုင်းဘတ်ငွေ ၉၀၀ ရခဲ့ပေမဲ့ ဒီနေ့ နေ့လည် ၃နာရီလောက်မှာတော့ ၈၁၀ ကျပ်ပဲ ရတော့တာ ဖြစ်ပါတယ်။ အခု ညနေပိုင်းမှာ မြန်မာငွေ ထပ်ကျလာပြီး ထိုင်းဘတ်ငွေ ၇၉၅ ဘတ် ဖြစ်လာပါတယ်။ ထိုင်းငွေ တဘတ်ကို မြန်မာငွေ ၁၂၆ ကျပ် ဖြစ်လာတာပါ။ ဒါကလည်း ထိုင်း-မြန်မာ ငွေလဲနှုန်းမှာ စံချိန်တင် ငွေလဲနှုန်း ဖြစ်ပါတယ်လို့ နယ်စပ်က လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။

စျေးမငြိမ်တဲ့အခြေကြောင့် ပြည်တွင်းမှာ အွန်လိုင်းကနေ ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေ အပါအဝင် လူသုံးကုန်ပစ္စည်းတွေမှာ စျေးအပြောင်းအလဲ မြန်နေပါတယ်။ ထိုင်းနယ်စပ်က ကုန်စည်အဝယ်လုပ်ငန်းတွေကတော့ တက်စျေးအတိုင်း ပြောင်းလဲ ရောင်းချနေရကြောင်း ပြောပါတယ်။

" နှစ်ရက်အတွင်းမှာ ကုန်သည်တွေ အထိနာကြတာပေါ့ ၈၃၀ လောက်နဲ့ ဝယ်ထားတယ်ဆိုတော့ စျေးကထိုးဆင်းတဲ့အခါကြတော့ ဆင်းရင် ဆင်းနဲ့စျေးအတိုင်း ပြန်ပြီးတော့ ပြန်လိုက်ဆွဲပေးရတာဆိုတော့၊ ၇၀၀ ဝန်းကျင်လောက် ဆင်းဖို့ အလားအလာ ရှိတယ်ဗျ။ ပြန်ငြိမ်ပြီး ပြန်ရပ်တည်မယ် ဆိုလည်း ကုန်စျေးနှုန်းက ကျမှာမဟုတ်ဘူး။ တက်ထားတဲ့ စျေးအတိုင်းပဲ သူတို့(အဝယ်က) ပြန်ရောင်းမှာပဲ။ အခုအချိန်မှာ ကျနော်တို့ မြန်မာငွေ မထားတော့ဘူး မကိုင်ရဲဘူးဗျ၊ ဘတ်ပဲထားတော့တယ် ဥပမာ ဝယ်သူလာရင်လည်း ဆယ်သိန်း ကျနော့ဆီမှာ လာဝယ်မယ်ဆိုရင် သိန်း၂၀လာဝယ်မယ်ဆိုရင် ကျနော်တို့က ပေါက်တဲ့ စျေးနဲ့ပဲ ဖြတ်ထုတ်ပေးလိုက်တယ် မထားရဲဘူးလေ။"

ပြည်တွင်း အခေါက်ရွှေစျေးနှုန်းကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ် ပြင်ပစျေးကွက်မှာ တကျပ်သားကို ကျပ် ၅၅သိန်းနဲ့ ၅၇ သိန်းကြားမှာ ရှိပါတယ်။ အမေရိကန်ဒေါ်လာစျေးက ပြင်ပမှာ တဒေါ်လာကို ၄,၆၀၀ ကျပ်အထက်မှာ ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်တွေကတော့ ဒေါ်လာစျေး ဆက်တက်လာနေချိန် ရွှေစျေးတည်ငြိမ်ဖို့ အရောင်းအဝယ်ကို ခဏပိတ်ထားတယ်လို့ အသီးသီး ကြေညာထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG