သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွင့်ပြုချက်မရှိတဲ့ ငွေလွှဲလုပ်ငန်းတချို့ကို စစ်ကောင်စီအရေးယူ


ရန်ကုန်မြို့ရှိ ဈေးတခုမှာ တွေ့ရတဲ့ မြန်မာငွေစက္ကူများ (ဧပြီ ၁၉၊ ၂၀၁၇)
ရန်ကုန်မြို့ရှိ ဈေးတခုမှာ တွေ့ရတဲ့ မြန်မာငွေစက္ကူများ (ဧပြီ ၁၉၊ ၂၀၁၇)

ခွင့်ပြုချက်လိုင်စင် မရှိဘဲ ငွေလွဲှလုပ်ကိုင်နေသူ ၁၀၀ နီးပါးကို စစ်ဆေးနေပြီး တချို့ကို အရေးယူထားကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာက အရေးယူ ဒဏ်ခတ်မှုတွေ တိုးမြှင့်လာရာက စီးပွားရေး အကျပ်အတည်းတွေနဲ့ ငွေကြေးပြဿနာတွေ ကြုံနေရချိန်မှာပဲ နိုင်ငံခြားငွေ လဲလှယ်တဲ့ လုပ်ငန်းတွေကို အာဏာပိုင်တွေ တင်းကြပ်လာနေတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပေးမှာ ဖြစ်ပါတယ်။

လိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေတဲ့ ပြည်တွင်းက ဟွန်ဒီလုပ်ငန်း ၉၉ခုကို စစ်ဆေးနေပြီး အဲဒီအထဲက အယောက်၂၀ကို အရေးယူထားတယ်လို့ မြန်မာဗဟိုဘဏ်က ဇန်နဝါရီလ ၁၂ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဒီဟွန်ဒီလုပ်ငန်းတွေဟာ ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံက လွှဲပေးလိုက်တဲ့ မြန်မာအလုပ်သမားတွေရဲ့ လစာငွေကို ပြည်တွင်းမှာ ကျပ်ငွေနဲ့ ပြန်ပြီး လဲလှယ်ရယူခဲ့တယ်လို့ ဗဟိုဘဏ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပရောက် မြန်မာတွေ နေရပ်ကို ငွေပြန်လွှဲတဲ့အခါမှာ ဗဟိုဘဏ်ကနေ အသိအမှတ်ပြုပြီး လွှဲခွင့်ရထားတဲ့ ဘဏ်တွေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကနေ လွှဲပြောင်းပေးဖို့ ဗဟိုဘဏ်က ထပ်ပြီး အသိပေးထားပါတယ်။ ဒီနည်းလမ်းနဲ့ လစာငွေရဲ့ ၂၅ရာခိုင်နှုန်းကို ပြည်တွင်းက မိသားစုဆီကို လွှဲပြောင်းပေးရမယ်ဆိုတာကို အလုပ်ရှာဖွေရေး အေဂျင်စီနဲ့ အလုပ်သမားတွေက ထည့်သွင်းချုပ်ဆိုရမှာ ဖြစ်ပါတယ်။ ဒါကို အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက အဓိက တာဝန်ယူရမှာလို့ မြန်မာအလုပ်သမားရေးဌာနရဲ့ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

"ပြည်ပအလုပ်အကိုင်ဆိုင်ရာ အေဂျင်စီတွေက တာဝန်ယူပြီးတော့မှ လက်ရှိ ကြီးကြပ်၊ ဆောင်ရွက်တာပေါ့။ ကျနော်တို့က အလုပ်သမားကို တိုက်ရိုက်ကြီးကြပ်တာထက် အေဂျင်စီကိုပဲ ညွှန်ကြားချက် ထုတ်ထားတယ်၊ အေဂျင်စီကနေ တာဝန်ယူပြီးလုပ်တဲ့ ရွှေ့ပြောင်းသွားမဲ့ အလုပ်သမားနဲ့ လိုအပ်တဲ့ ကတိကဝတ် စာချုပ်ကတော့ ချုပ်ပြီး ထွက်ရမှာဖြစ်ပါတယ်။"

လစာထဲက ၂ရာခိုင်နှုန်းကို အခွန်ဆောင်ရမယ်၊ လစာရဲ့ ၂၅ရာခိုင်နှုန်းကို နေရပ်ပြန်ပို့ပေးရမယ်ဆိုတဲ့ ကိစ္စတွေဟာ လက်တလောမှာ အငြင်းပွားစရာကိစ္စ ဖြစ်လာကြောင်း ထိုင်းအခြေစိုက် ရခိုင်အလုပ်သမားများအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်အောင်က ဗွီအိုအေကို ပြောပါတယ်။ ထိုင်းက မြန်မာအလုပ်သမားတွေ ဘဏ်သွားတဲ့အခါ ဖြစ်လာတဲ့ ဘာသာစကားအခက်အခဲ၊ ပြီးတော့ လွတ်လပ်စွာ ငွေလွှဲပြောင်းခွင့်အပါအဝင် တခြား အခက်အခဲတွေ အများကြီးရှိနေကြောင်း သူက ပြောပါတယ်။

" ပထမဆုံး တခေါက်တော့ သူတို့ထုတ်ပြန်ကြေညာချက်အရ ကြည့်မယ်ဆိုရင် သူတို့က ၂၅ရာခိုင်နှုန်း ကိစ္စတို့၊ ငွေပို့ငွေလွှဲ ကိစ္စပေါ့ တရားဝင် ငွေလွှဲပုံစံပေးရမယ် အဲဒီဟာတွေ သူမအောင်မြင်တဲ့အခါကြတော့ သူတို့စာအုပ်ထုတ်ပေးတဲ့ နေရာတွေကအစ အကြပ်ကိုင်လာတာပေါ့။ ဒီပြဿနာတွေကို ပြန်ကြည့်မယ်ဆိုရင် ရေတိုအနေနဲ့ လုပ်နိုင်ပေမဲ့ ရေရှည်မှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အစုအဖွဲ့တွေကလည်း ဒီဟာကို စောင့်ကြည့်နေတယ်ပေါ့။ ငွေလွှဲငွေပို့တယ်ဆိုတာက အလုပ်သမားတွေ သူရဲ့ငွေကို ပို့ချင်ပို့မယ်၊ မပို့ချင် မပို့ဘူး၊ လွတ်လပ်စွာ စီမံခွင့်ရှိတယ်ပေါ့။ ဥပဒေလမ်းကြောင်းက ကြည့်မယ်ဆိုရင် ဒါဟာ ချိုးဖောက်မှုတခုဖြစ်တယ်၊ လူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင် လူတယောက်ရဲ့ လွတ်လပ်မှုတွေကို ချိုးဖောက်မှုတခု ဖြစ်တယ်ပေါ့။"

ဟွန်ဒီလုပ်ငန်းတွေကို ပြည်တွင်းမှာ ဖမ်းဆီးနေသလိုပဲ ပြည်ပရောက် မြန်မာတွေက အခွန်မဆောင်တဲ့အခါ၊ နေရပ်ကို သတ်မှတ်ပမာဏအတိုင်း မလွှဲပြောင်းတဲ့အခါမျိုးမှာ သံရုံးက ပတ်စ်ပို့သက်တမ်းမတိုးပေးတာ၊ အလုပ်သမားကတ် လျှောက်လို့ မရတာတွေ ကြုံနေရပါတယ်။ အစိုးရတရပ်က ရွှေ့ပြောင်း အလုပ်သမားတွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲဆိုတဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို အရင်ကြည့်သင့်ပြီး အခွန်နဲ့ ဝင်ငွေအတွက် ဖိအားပေး မလုပ်သင့်ကြောင်း ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG