သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ် ၂ သောင်း ငွေစက္ကူကြေညာမှုနောက် ထိုင်း၊ မြန်မာ ငွေလွှဲရပ်တန့် 


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းဘတ်ငွေစက္ကူတချို့ကိုတွေ့ရစဉ် (သြဂုတ် ၉၊ ၂၀၂၂)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းဘတ်ငွေစက္ကူတချို့ကိုတွေ့ရစဉ် (သြဂုတ် ၉၊ ၂၀၂၂)

ကျပ်ငွေ နှစ်သောင်းတန် အသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီက မနေ့က ကြေညာခဲ့ပြီးတဲ့နောက် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားပြီး ငွေဈေး မတည်ငြိမ် တော့တာကြောင့် ထိုင်း−မြန်မာနယ်စပ်က ငွေလွှဲလုပ်ငန်းတွေလည်း ရပ်တန့်သွားပါတယ်။ ငွေလွှဲလုပ်ငန်း လုပ်နေတဲ့ ဆိုင်အတော်များများ လတ်တလော ပိတ်ထားကြတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်မှာ ကျပ်ငွေ နှစ်သောင်းတန် အသစ်ထုတ်ဝေမယ်ဆိုပြီး ကြေညာခဲ့ပြီးတဲ့နောက် မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျခဲ့ရတာမှာ မနေ့တုန်းကတော့ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁ ထောင်အောက် ရောက်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာ ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန် တက်လာပေမဲ့ အတက်အကျ မြန်လွန်းတဲ့အတွက် ငွေလွှဲ လုပ်ငန်းတွေကို ရပ်နားထားရတယ်လို့ ထိုင်းမြန်မာနယ်စပ်က ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပြပါတယ်။

"ငွေက အကျမြန်နေလို့ ဝယ်မရ လွှဲမရ ဖြစ်ပြီး ငွေလွှဲတာတွေ ရပ်ထားရတယ်။ ငွေဈေးက အခုတမျိုး တော်ကြာတမျိုး ပြောင်းနေလို့ ညီမလည်း ရပ်ထားရတယ်။ ငွေက အခုတမျိုးတော်ကြာတမျိုးဆိုတော့ ဝယ်ထားတာတွေလည်း တအားရှုံးတယ်။ ငွေဈေးက မငြိမ်ဘူးလေ။ အခုတမျိုး တော်ကြားတမျိုး ငွေဈေးက ၉၅၀ ထိ (ထိုင်းငွေတဘတ်ကို) ဖြစ်သွားတယ်ဆိုတော့ အဝယ်တွေကို ၉၅၀ ပဲ ပေးတော့ လူတွေက မရောင်းကြတော့ ဒီမနက်က ပြန်တက်တာက တသိန်းကို ၁၀၇၀၊ ၁၀၈၀၊ ၁၀၉၀ ဖြစ်တယ် တနေ့တည်း သုံးကြိမ်လောက်ဖြစ်နေတယ်။"

နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ် (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ် (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ထိုင်းဘတ်ငွေ ၁ ထောင်ဝန်းကျင်ကို ငွေလဲမယ်ဆိုရင် မြန်မာကျပ်ငွေ ၁ သိန်းလောက် ရတာကြောင့် ထိုင်းနိုင်ငံက ရွှေပြောင်း အလုပ်သမားတွေ က မြန်မာပြည်ထဲ ငွေလွှဲဖို့လုပ်ကြပေမဲ့၊ လောလောဆယ် ငွေကြေး မတည်ငြိမ်မှုကြောင့် ငွေလွှဲလို့ မရဘူးလို့ နယ်စပ်မှာ နေထိုင်နေသူ တဦးကလည်း ပြောပါတယ်။

“မြန်မာငွေက တအားကျတော့ ထိုင်းဘတ်ငွေပေးရင် ထိုင်းဘတ်ငွေ နည်းနည်းပဲပေးရင် မြန်မာက အများကြီးရတယ်ဆိုတော့ ငွေက အလဲ လိုက်နေတယ် အလျင်မီ မပေးနိုင်တော့ဘူး။ ဒီတော့ ငွေလဲတော့ သူတို့က မြန်မာငွေ မပေးနိုင်ကြတော့ဘူး။ အဲဒီတော့ မလဲပေးတော့ဘူး ပြောတယ်။”

တချို့ကတော့ ငွေဈေးကျချိန်မှာ မြန်မာကျပ်ငွေတွေကို လိုက်ဝယ်တာတွေ ရှိပြီး ပြန်ရောင်းတာမလုပ်ဘဲ ငွေကို သိမ်းထားဖို့ လိုက်ဝယ်တာတွေလည်း ရှိတယ်လို့ ငွေလွှဲလုပ်ငန်း လုပ်နေသူက ပြောပါတယ်။

"တချို့က မြန်မာငွေက ကျတော့ ဒီဈေးနဲ့ လိုက်ဝယ်တယ်။ ပြန်ထုတ်တာ(ရောင်းတာ)ကျတော့ သိပ်မလုပ်တော့ဘူး။"

ငွေစက္ကူအသစ် မထုတ်ရသေးခင်မှာကိုပဲ အရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့အတိုင်း ငွေကြေးဖောင်းပွတာ၊ ကုန်ဈေးနှုန်း မငြိမ်တာ၊ ကုန်ပစ္စည်းတွေ ဝယ်ယူ သိုလှောင်တဲ့အခါ ဆုံးရှုံးတာတွေ ဆက်တိုက် ဖြစ်လာနေတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။ ပြီးခဲတဲ့ ရက်ပိုင်းကပဲ မြန်မာကျပ်ငွေ တသိန်းကို ထိုင်းဘတ်ငွေ ၁၂၀၀ နီးပါး ရှိခဲ့ပေမဲ့ ဒီကနေ့မှာတော့ မြန်မာကျပ်ငွေ တသိန်းကို ဘတ် ၁ ထောင်ဝန်းကျင်အထိ ထိုးကျခဲ့တာပါ။ နောက်ထပ်လည်း ကျပ်ငွေ ထပ်ကျနိုင်တယ်ဆိုပြီး ကုန်သည်တွေက စိုးရိမ်ပူပန်နေကြသလို၊ ဒီလို ငွေကြေးမတည်ငြိမ်မှုကြောင့် ထိုင်းနယ်စပ်မှာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတွေက သူတို့လုပ်ငန်းတွေကို လတ်တလော ရပ်နားထားကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG