သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ် ၂ သောင်းတန်ကြေညာအပြီး ရွှေ၊ ဒေါ်လာဈေးတက်


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ငွေလဲကောင်တာတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာ (၁၀၀)တန်တချို့
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ငွေလဲကောင်တာတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာ (၁၀၀)တန်တချို့

ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူအသစ်ကို လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်မယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ မနေ့က ကြေညာအပြီးမှာပဲ ရွှေနဲ့ ဒေါ်လာဈေးတွေ တက်သွားပါတယ်။ စီးပွားရေး တည်ငြိမ်မှု မရှိတဲ့အချိန်မှာ အခုလို ငွေစက္ကူသစ် ထုတ်ဝေမယ့် သတင်းကြောင့် ငွေကြေး ဖောင်းပွမှု ပိုဆိုးလာပြီး အကျပ်အတည်းတွေ ပိုဖြစ်လာနိုင်တယ်လို့ ဈေးကွက် စောင့်ကြည့်လေ့လာသူတွေနဲ့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မအေးသန္တာကျော်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူသစ်ကို လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေမယ့်အကြောင်း မနေ့က ကြေညာခဲ့တာပါ။ အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေမှာဖြစ်ပြီး ဒီအစီအစဉ်ဟာ ဟောင်းနွမ်းငွေစက္ကူတွေ နေရာမှာ လဲလှယ်ဖို့ ဖြစ်တယ်လို့ စစ်ကောင်စီကတော့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စီးပွားရေး စျေးကွက် တည်ငြိမ်မှု မရှိချိန်မှာ အခုလို ငွေစက္ကူသစ် ထုတ်ဝေတာက ငွေကြေးဖောင်းပွမှုနဲ့အတူ စီးပွားရေး လုပ်ငန်းတွေ အပေါ် ရိုက်ခတ်မှု ပြင်းထန်စေလိမ့်မယ်လို့ စီးပွားရေး လုပ်ငန်းရှင် တဦးက သုံးသပ် ပြောဆိုပါတယ်။

"နဂိုကတည်းက ဒေါ်လာစျေးတို့ ကုန်စျေးတို့က အတက်ဘက် ဖြစ်နေတာလေ။ ငိုချင်လျက် လက်တို့၊ ဘာပဲဖြစ်ဖြစ် တက်မယ်ဆိုတာပဲ ဖြစ်နေတာ။ ခု ဒီလို လုပ်လိုက်တော့ လူတွေရဲ့ စိုးရိမ်စိတ်ကို ပိုကြီးစေတယ်။ ပြည်ပကနေ တင်သွင်းတဲ့သူတွေ အတွက်ကတော့ သက်ရောက်မှု ကြီးမားတယ်။ နဂိုကတည်းကိုက နိုင်ငံခြားငွေ ဝယ်ဖို့ ခက်နေတဲ့ အခြေအနေလေ။ ‌ဒေါ်လာ ရောင်းအား ပိုနည်းတယ်။ ပေးချေမှုတွေမှာကျ အခက်အခဲ ဖြစ်တယ်။ အစိုးရကနေပြီး ဝယ်ဖို့ကလည်း မကျ။ ပြင်ပကနေ ဝယ်ဖို့ကလည်း မလွယ်ဆိုတော့ နိုင်ငံခြားငွေ ပေးချေဖို့ သက်ဆိုင်ရာ စာချုပ်တွေအတွက် ပေးချေဖို့ ခက်လာမယ်မြင်တယ်။ ဒီအခြေအနေက ကောင်းတဲ့အခြေအနေ မဟုတ်ဘူးလို့ မြင်ပါတယ်။"

ဗဟိုဘဏ်ကတော့ အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်ပြီး ငွေစက္ကူအဟောင်းတွေနဲ့ အစားထိုး လဲပေးမှာဖြစ်လို့ ငွေကြေးဖောင်းပွတာ မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။

နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ် (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ် (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

စောင့်ကြည့်လေ့လာသူတွေကတော့ အခုချိန်မှာ ငွေကြေးအသစ် ထုတ်ဝေတာဟာ အစိုးရအသုံးစရိတ်ငွေ လိုအပ်တာကြောင့် ဖြစ်နိုင်တယ်လို့ တွက်ဆ ပြောဆိုကြပါတယ်။ ငွေစက္ကူအသစ် ထုတ်ဝေတဲ့ အကျိုးဆက်ကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဆမတန် စျေးတက်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တဦးကလည်း ပြောပါတယ်။

"လက်ရှိထိခိုက်တဲ့ နေရာမှာ ထပ်ပြီးတော့ ပိုပြီးတော့ ဆိုးဆိုးရွားရွား ထိခိုက်ဦးမယ်။ ဘူးလေးရာဖရုံဆင့် လုပ်ရပ်မျိုး ဖြစ်ရပ်မျိုး ဖြစ်နေတာလေ။ ပို ဆိုးဆိုးရွားရွား ထိခိုက်လာမယ်။ ပိုပြီး အယုံအကြည် မဲ့လာမယ်။ စီးပွားရေး ပိုအခြေအနေ ဆိုးလာမှာ။ ဒါကတော့ မြေကြီးလက်ခတ် မလွဲပါပဲ။ သာမန်လူထု ဝယ်ခြမ်းစားသုံးတဲ့ အရာတွေ စျေးက အဆနဲ့ကို တက်နေတာ။ ပိုဆိုးတာက ငွေဖောင်းပွတာ အတွက် ဝယ်ကြတယ်။ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား၊ ရွှေ စျေးတွေက ခုန်တက်နေတာ။ လက်တွေ့မှာ ကြည့်ရင်တော့ မှန်းဆလို့ ရတဲ့ ကုန်ပစ္စည်းတွေက ၅၀ ရာခိုင်နှုန်းကနေ အထက် ပိုပြီး စျေးတက်လာမယ် ပြောလို့ရတယ်။"

ဒီသတင်း ထွက်လာပြီးပြီးချင်းမှာပဲ ပထမဆုံး ရိုက်ခတ်မှုကတော့ ပြည်တွင်းမှာ ရွှေနဲ့ ဒေါ်လာ စျေးတွေ တက်သွားတာပါ။ ဒီနေ့ တရက်တည်းမှာတင် တဒေါ်လာကို ကျပ်ငွေလဲနှုန်းက ကျပ် ၂၀၀ နီးပါးလောက် ခုန် တက်သွားခဲ့သလို ဆက်တက်နိုင်ဖွယ် ရှိနေတယ်လို့ ဒေါ်လာရောင်းဝယ်ရေး လုပ်ကိုင်နေတဲ့ မသက်ဆွေက ပြောပြပါတယ်။

"၂၀,၀၀၀ တန်က မထွက်သေးဘူး။ ထွက်မယ်ဆိုတဲ့ သတင်းနဲ့တင် ဒီမနက်က အမှန်ဆို စျေးဖွင့်ရမှာ။ စျေးမဖွင့်နိုင်ဘဲ စောင့်ကြည့်တွေ ဖြစ်တယ်။ ဒေါ်လာဝယ်မယ့် သူပဲ ရှိတယ်။ ရောင်းမယ့်သူ မရှိဘူး။ အရောင်းအဝယ် ဖြစ်တော့လည်း ၃,၃၀၀ နဲ့ ဖြစ်တယ်။ တဒေါ်လာကို ၂၀၀ လောက် တက်သွားတာပေါ့။ ထပ်တက်မယ် ထင်တယ်။"

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်နိုင်အောင် မူဝါဒတွေ ချမှတ် ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ငွေစက္ကူသစ် ထုတ်ဝေလို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ ပြောဆိုထားတဲ့အပြင် အခုကိစ္စကို အကြောင်းအမျိုးမျိုး ပြပြီး ကုန်စျေးနှုန်း တက်အောင် လှုံ့ဆော်သူ၊ နိုင်ငံခြားငွေလဲနှုန်း မြင့်အောင် ကြိုးစားနေသူတွေဟာ ပြည်သူ့ အကျိုးစီးပွားကို ပျက်စီးအောင် ဆောင်ရွက်နေသူတွေ ဖြစ်လို့ ဖော်ထုတ် အရေးယူသွားမယ်လို့ မနေ့က သတိပေး ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG