သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒဏ်ခတ်မှု နိုင်ငံခြားငွေ အလွှဲအပြောင်းများ ပိုမိုထိခိုက်ဖွယ်ရှိ


ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန်အစိုးရက ကြေညာခဲ့တဲ့နောက်၊ စစ်ကောင်စီဟာ ကြုံလာနိုင်တဲ့အကျပ်အတည်းကိုဖြေရှင်းဖို့ နည်းလမ်းရှာနေကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ပြောပါတယ်။ အခုနောက်ဆုံးအမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်မှုကြောင့် ပြည်တွင်းလုပ်ငန်းတွေ ဘယ်လောက်အထိနာနိုင်နိုင်သလဲဆိုတာ ရန်ကုန်က သတင်းပေးပို့ချက် ကိုသားညွန့်ဦး ပြောပြပါမယ်။

မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ဇွန်လ၂၁ရက်မှာ အရေးယူဒဏ်ခတ်လိုက်တဲ့နောက် ပြည်တွင်း လုပ်ငန်းရှင်တွေအကြား စိုးရိမ်မှုရှိလာပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငွေအလွှဲအပြောင်းတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ ပြည်တွင်း လုပ်ငန်းတွေအပေါ် ဘယ်လောက် ရိုက်ခတ်နိုင်မလဲဆိုတာ မခန့်မှန်းနိုင်ကြောင်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။

မနေ့ ကြာသပတေးနေ့ကတော့ လုပ်ငန်းရှင်ကြီးတချို့ကို ဗဟိုဘဏ်က အရန်ငွေကြေးထဲက အမေရိကန်ဒေါ်လာတွေကို စတင်ထုတ်ရောင်းပေးနေကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" အရန်ဒေါ်လာတွေ အစိုးရက ထုတ်ရောင်းနေတယ်။ လောလောဆယ်တော့ တလလောက်တော့ သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်သေးပါဘူး။ တလကျော်ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ အမြင်ကတော့ ဖြစ်ရင် (လုပ်ငန်းတွေအပေါ် ရိုက်ခတ်နိုင်ခြေ) နောက်လလောက်မှ ဖြစ်မယ်။"

ပြည်ပ ရင်နှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်ငန်းအားလုံးရဲ့ ငွေအပေးအယူနဲ့ အခွန်ဆောင်တာတွေကို အခု အရေးယူခံရတဲ့ ဘဏ်နှစ်ခုနဲ့ အဓိက ချိတ်ဆက်ထားတာပါ။ ပုဂ္ဂလိက လုပ်ငန်းတွေလည်း အနည်းနဲ့ အများကတော့ ထိခိုက်လိမ့်မယ်လို့ စီးပွားရေးပညာရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ဘာဖြစ်လာမလဲ ရှင်းရှင်းလင်းလင်း မသိသေးဘူး။ သို့သော်လည်း မဖြစ်မနေလုပ်ရမဲ့သူတွေ ရှိသလို စောင့်ကြည့်နေတဲ့သူတွေ တခြားနည်းလမ်း ကြိုးစားတဲ့သူတွေ ဒီလိုတော့ လုပ်ငန်းရှင်လောက က တုံ့ပြန်မယ်လို့ အကြမ်းဖျဥ◌် မှန်းကြည့်လို့ရတယ်။ သူ့နည်းနဲ့သူ ထွက်ပေါက်ရှာလာမယ်။ ထွက်ပေါက်ရှာလို့မရတဲ့ အလုပ်တွေက လုပ်ငန်းတွေ ရပ်သွားတာ၊ ဆိုင်းသွားတာ၊ ပြောင်းသွားတာပေါ့နော်။ အဆင်ပြေတဲ့နိုင်ငံတွေဆီ ပြောင်းပြောင်း လုပ်ကြတာကိုး။"

ထွက်ပေါက်ရှာဖို့ ခက်ခဲနိုင်တဲ့ ပြည်တွင်းလုပ်ငန်းတွေထဲမှာ လက်ခစားယူ ချုပ်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေလည်း ပါနိုင်ပါတယ်။ ကုန်ကြမ်းယူတာ၊ ကုန်ချောပြန်ပို့တာ၊ ဝန်ထမ်းလစာပေးဖို့ စီစဉ်တာမှာ ငွေအလွှဲအပြောင်းများတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ လုပ်သား အများအပြားရှိနေတဲ့ ကဏ္ဍတခုဖြစ်လို့ ဒီနယ်ပယ်က လုပ်ငန်းရှင်တွေလည်း ဒီပိတ်ဆို့မှုရဲ့ သက်ရောက်မှုကို စောင့်ကြည့်နေတယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်က ပြောပါတယ်။

"ဆိုတော့ အခုဟာက ဗဟိုဘဏ်ကပဲ အရာရာဆုံးဖြတ်မယ်ဆိုပြီး ထိန်းချုပ်လိုက်တဲ့အထဲမှာ Trade ရော Non-trade ရောပေါ့။ ကုန်သွယ်ရေးနဲ့ ပတ်သက်တာရော၊ မပတ်သက်တာရော နှစ်ခုလုံး ပါတယ်ဆိုတော့ အထည်ချုပ်တွေလည်း ပါသွားမှာပေါ့။ အထည်ချုပ်ရဲ့ သဘာဝက ပစ္စည်းဝင်လာရမှာရှိတယ် တန်ဖိုးတခုနဲ့။ နောက်တခါ အဲဒီပစ္စည်းအချောထည် ကုန်ချောပြန်ထွက်မှာ ရှိတယ်။ နောက် အပ်ထည်လုပ်ငန်းတွေပေါ့။ သူတို့ရဲ့ ဝန်ဆောင်ခ၊ ချုပ်ခ၊ လုပ်ခတွေ ပြန်ရဖို့လည်း ရှိတာပေါ့။ အဲဒီအပိုင်းမှာ ဘယ်လိုထိခိုက်မလဲ ဆိုတာလည်း စိတ်ပူစရာ ရှိတယ်ပေါ့။ အထည်ချုပ်လုပ်ငန်းရဲ့ လက်တွေ့သဘာဝ အခြေအနေအရ ဘယ်လောက်အထိ ရိုက်မလဲပေါ့။ ထိတာကတော့ ထိခိုက်မှာပဲ။"

ဌာနဆိုင်ရာနဲ့ ချိတ်ဆက်လုပ်ကိုင်ရတဲ့ လောင်စာနဲ့ စွမ်းအင်ကဏ္ဍ၊ သတ္ထုကဏ္ဍတွေလို လုပ်ငန်းကြီးတွေဟာ အခုနောက်ဆုံးအမေရိကန်ဒဏ်ခတ်မှုကြောင့် ပိုပြီးထိခိုက်လိမ့်မယ်လို့ အများစုက ခန့်မှန်းပါတယ်။

မြန်မာစစ်ကောင်စီဖက်ကတော့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွေမှာ သက်ဆိုင်ရာနိုင်ငံငွေကြေးတွေနဲ့ လဲလှယ်ကုန်သွယ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ကုန်သွယ်ရေးပိုင်းတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ တခြားကဏ္ဍတွေကလည်း ဝင်ငွေရရှိနေပါတယ်။ အခုနှစ် ဇန်နဝါရီလ တလတည်းမှာတင် ပြည်ပကိုဆန်တန်ချိန်ပေါင်း ၂၆၈,၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း၁၀၀ကျော် ရရှိထားပါတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေ ပြန်ပို့တဲ့ လစာငွေတွေကနေ တနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ဘီလီယံဖိုး ရရှိထားတယ်လို့လည် မကြာသေးခင်က စစ်ကောင်စီက ပြောထားပါတယ်။

အမေရိကန်အစိုးရက နောက်ဆုံး ဒဏ်ခတ်အရေးယူလိုက်တဲ့ စာရင်းထဲမှာ မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနလည်း ပါပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းနဲ့ ဆယ်စုနှစ်များစွာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေကို အမိန့်ပေး၊ ညွှန်ကြားခဲ့တာမှာ မြန်မာကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်အရှိဆုံးဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။ အခုဆိုရင် အမေရိကန်အစိုးရဟာ ပြည်တွင်းက လုပ်ငန်း၃၀လောက်နဲ့ လူပုဂ္ဂိုလ် အယောက်၈၀လောက်ကို ဒဏ်ခတ်အရေးယူထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG