သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငွေအတုကြောင့်ဖမ်းခံရမှု အလုပ်သမားအဖွဲ့များအကူအညီပေး


မြန်မာငွေတစ်သောင်းတန်
မြန်မာငွေတစ်သောင်းတန်

စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ပြီးပြန်လာတဲ့ အမျိုးသမီးတစ်ယောက်ဆီက မြန်မာငွေတစ်သောင်းတန် အတုတွေမိတဲ့ကိစ္စမှာ လူမှုရေးအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ရှေ့နေငှားပြီး ဝိုင်းဝန်းကူညီဖို့လုပ်ဆောင်နေပါတယ်။ တရားမဝင်ငွေကြေးကို လက်ဝယ်မိတယ်ဆိုပေမဲ့ မှားယွင်း စွပ်စွဲခံရတယ်ဆိုတာ သက်သေအလုံအလောက်ရှိနေတာကြောင့် လွတ်ဖို့ဆောင်ရွက်ပေးသွားမယ်လို့ လိုက်ပါကူညီမယ့် ရှေ့နေကပြောလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

မြန်မာငွေတစ်သောင်းတန် ၁၉၀ကျော် (၂၉ သိန်းကျော်) လက်ဝယ်တွေ့မှုနဲ့ အခုလ၇ရက်က ဒိုက်ဦးမြို့မ ရဲစခန်းမှာ အဖမ်းခံထားရတဲ့ စင်္ကာပူမှာ အိမ်အကူလုပ်ပြီးပြန်လာတဲ့ နော်သောသွဲ့ထူးအမှုမှာ အပြစ်ကင်းကြောင်း သက်သေ အထောက်အထားတွေရှိနေ တာကြောင့် အမှုကလွတ်အောင်ဆောင်ရွက်သွားမယ်လို့ လိုက်ပါကူညီမယ့်အထက်တန်းရှေ့နေ ဦးစောထူးသာထော် က ပြောပါတယ်။

“ရဲကတော့ သူလုပ်ရမယ့်အလုပ် လုပ်မှာပဲလေ။ ကျွန်တော်ကိုယ်တိုင်ပဲမနေ့က ဒိုက်ဦးမှာရဲစခန်းမှာ သွားပြီးတော့ ဒီကောင်မလေးနဲ့ တွေ့ခွင့်တောင်းတော့ စခန်းမှူးက ခွင့်မပြုဘူးလေ။ ကျွန်တော်တို့ ကတော့သူတို့ကို ရအောင်ဆွဲထုတ်ရမယ်ဆိုတာက သူသည်အမှန်တကယ်တော့ လက်ဝယ်မှာ ရှိတာတော့မှန်တယ်။ သူ့မှာ ဒီပိုက်ဆံရဲ့ အရင်းအမြစ်က သူ့ကို သူ့အိမ်ရှင်ကနေပြီးတော့ သူ့လစာကို ငွေလွှဲဌာနကနေလွှဲပေးလိုက်ပြီးတော့ ဒီ Receive (လက်ခံပြေစာ) စာရွက်စာတမ်းသက်သေတွေနဲ့ ရထားတဲ့အတွက်ကြောင့် ကျွန်တော့အထင်တော့ နည်းနည်းတော့သက်သာမလား။ နောက်ပြီး ကောင်မလေးက အလိမ်ခံရဆိုတာကိုပေါ့နော် အလိမ်ခံရတယ်ဆိုတာ သူကိုယ်တိုင်မသိဘဲနဲ့ သူက ကိုင်တွယ်ခဲ့တာကိုး။ ဘယ်လိုပြောမလဲ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားပေါ်မှာပဲ မူတည်မှာပဲပေါ့နော်။”

နော်သောဘွဲ့ထူးက စင်္ကာပူမှာ အိမ်အကူအလုပ်နဲ့ သုံးနှစ်လုပ်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံးအိမ်ပြန်တဲ့ နိုဝင်ဘာ ၃၀ရက်မှာ လက်ကျန်စင်္ကာပူဒေါ်လာ ၃၀၀၀ ကျော် (၃၁၂၃.၃၉) ကိုအလုပ်ရှင်က ငွေလဲလုပ်ငန်းတစ်ခု ကနေ မြန်မာငွေနဲ့လဲပေးခဲ့တာပါ။ အဲဒီငွေတွေကို နေရပ် ပဲခူးတိုင်း ဒိုက်ဦးမြို့မှာ အသုံးပြုရင်းဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ငွေအတုမှန်းသိသိချင်း ရဲစခန်းကိုသွားပေမဲ့လည်း ဒိုက်ဦးမြို့မရဲစခန်းက မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးထားတာလို့ သူ့ရဲ့မိခင် ဒေါ်သီသီခိုင်ကပြောပါတယ်။

“သားအမိနှစ်ယောက်သွားတာပေါ့နော် ရဲစခန်းကိုသွားအပ်မလို့သွားတာပေါ့။ သွားတဲ့အခါမှာ ‘သစ်ဆန်းထွန်း’ ကနေပြီးတော့ ဆန်ဆိုင် အကုန်ရောင်းတယ် သူ့ဆီကိုလာခဲ့ပါဆိုပြီးတော့ ခေါ်ပြီးတော့ ရဲစခန်းကို ပို့လိုက်တာ လက်ဝယ်သုံးစွဲမှုဆိုပြီးတော့ သူတို့က အဲလိုမျိုးပြောပါတယ်။ လက်ရှိကတော့ ရဲစခန်းအချုပ်ထဲမှာပဲ သူ့ကိုထားပါတယ်။”

ဒိုက်ဦးက လူငယ်အဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေကလည်း နော်သောသွဲ့ထူး ဆုံးရှုံးသွားတဲ့ ငွေကြေးပမာဏအတွက် စုပေါင်းကောက်ခံပြီး ပေးသွားဖို့လည်းရှိသလို စင်္ကာပူအလုပ်ရှင်နဲ့လည်း ညှိနှိုင်းသွားဖို့လည်းရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CIUM ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန လက်ထောက်ဌာနမှူး ကိုဟိန်းလတ်ကအခုလိုပြောပါတယ်။

“လက်ရှိကတော့ ကျွန်တော်တို့ဟို ဝိုင်လုပ်ပေးတဲ့ Network တွေရှိတယ်လေ။ ကျွန်တော်တို့ MOEAF တို့နဲ့တွဲလုပ်တာတွေလည်းတွဲလုပ်တာလည်းရှိတယ်။ ကျွန်တော်တို့ဘယ်လိုကူညီပေးရင်ကောင်းမလဲ ကျွန်တော်တို့ အစုအဖွဲ့နဲ့ ဝိုင်းထည့်ပေးနိုင်မလားပေါ့နော်၊ အစုအဖွဲ့နဲ့ဝိုင်းထည့်ပေးနိုင်မယ်ဆိုလည်း အစုအဖွဲ့နဲ့ဝိုင်းထည့်ပြီး ကျွန်တော်တို့ ၂၉ သိန်း ၆သောင်းအတွက် ပြန်ကူဖို့ဆောင်ရွက်တာလည်း ရှိပါတယ်ခင်ဗျာ။”

နိုဝင်ဘာ ၂၉ကလည်း မြန်မာငွေ ၁သောင်းတန်အတုကိုင်ထားတဲ့ စင်္ကာပူနိုင်ငံသားနှစ်ယောက် ရန်ကုန်မှာအဖမ်းခံရပြီးနောက်ပိုင်း စင်္ကာပူ ငွေလဲလုပ်ငန်း ၁၈ခုကို သူတို့ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ပြီး နံပတ်စဉ်တူနေတဲ့ မြန်မာငွေတစ်သောင်းတန်အတုတွေ တွေ့ရှိခဲ့ပါတယ်။

စင်္ကာပူမှာစုံစမ်းစစ်ဆေးမှုတွေကိုဆက်လုပ်နေပြီး မြန်မာနိုင်ငံရောက်နေတဲ့ သူ့နိုင်ငံသားတွေကိုလည်း AG/ AE ရိုက်နှိပ်ထားတဲ့ အက္ခရာတူ တစ်သောင်းတန်တွေကိုင်မိထားရင် ရဲစခန်းကိုအကြောင်းကြားဖို့ သတိပေးပါတယ်။ စင်္ကာပူဥပဒေအရဆိုရင် ငွေအတုသုံးစွဲတဲ့သူက ထောင်ဒဏ်အနှစ် ၂၀နဲ့ ဒဏ်ငွေ၊ လက်ဝယ်ထားရှိတဲ့သူကိုတော့ ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေမှာတော့ ငွေအတုကိုင်ဆောင်သုံးစွဲတာ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ်သုံးနှစ်နဲ့ ဒဏ်ငွေပေးဆောင်ရမယ်လို့ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG