သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေမဲကြီးစိုးတဲ့ မြန်မာ့ဈေးကွက်


ငွေမဲကြီးစိုးတဲ့ မြန်မာ့ဈေးကွက်
please wait

No media source currently available

0:00 0:05:37 0:00
တိုက်ရိုက် လင့်ခ်

လွန်ခဲ့တဲ့ အောက်တိုဘာလမှာ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို ရောက်စဉ်က ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ လျှပ်စစ်စွမ်းအင်လုပ်ငန်းတွေမှာ (၂) နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးပါတယ်။ နိုဝင်ဘာလရောက်တော့ ရူပီးငွေ (၅၀၀) တန်နဲ့ (၁၀၀၀) တန်တို့ကို အသုံးမဝင်တော့ကြောင်း အိန္ဒိယအစိုးရက ကြေညာပါတယ်။ အိန္ဒိယနိုင်ငံသား (၅၀) ရာခိုင်နှုန်းမှာ ဘဏ်စာရင်းမရှိတဲ့အတွက် ငွေမဲနဲ့ ငွေတု ပပျောက်အောင်လုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ငွေမဲကို ခဝါချလို့ တရားဝင် ငွေကြေးဖြစ်လာရင် ပုံမှန်စီးပွားရေးမှာ ဝင်ဆံ့သွားပြီး အရင်းအနှီး ဖြစ်လာလို့ စီးပွားရေးကို တိုးတက်စေသလို ထင်ရပါတယ်။

ဒါပေမဲ့ ရေရှည်အတွက် မကောင်းပါဘူး။ တိုင်းပြည်စီးပွားရေး အစိတ်အပိုင်း တော်တော်များများဟာ ခဝါချထားတဲ့ ငွေမဲနဲ့ မသမာငွေကြေးအဖြစ် လူတစု လက်ထဲရောက်နေတာဟာ စီးပွားရေး ကမောက်ကမ ဖြစ်စေပါတယ်။ ဈေးနှုန်းအဆမတန် မြင့်မားမှု၊ မမျှတတဲ့ ပြိုင်ဆိုင်မှု၊ အဂတိလိုက်စားမှု စတာတွေကြောင့် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာပါတယ်။ မူးယစ်ဆေးကရတဲ့ ငွေမဲကို ခဝါချပြီး သုံးနေတာဟာ စီးပွားရေး တိုးတက်မှုနှုန်းကို ဆုတ်ယုတ်စေတယ်လို့ ဆိုပါတယ်။ ငွေမဲခဝါချမှုကြောင့် ငွေကြေးအဝင်အထွက် မမှန်းဆနိုင်လို့ ငွေဖလှယ်မှုနဲ့ ဘဏ်တိုးနှုန်း မတည်မငြိမ် ဖြစ်ရတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးကရတဲ့ ငွေမဲဟာ စစ်အစိုးရရဲ့ ဈေးကွက်စီးပွားရေးမှာ တရားဝင် အရင်းအနှီး ဖြစ်လာပါတယ်။ မူးယစ်ဆေး ထုတ်လုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရတပ် အပစ်အခတ် ရပ်စဲလိုက်တဲ့အခါမှာ သူတို့ရဲ့ ငွေမဲကို စစ်အစိုးရက တရားဝင် အသိအမှတ်ပြုပါတယ်။ မူးယစ်ဆေးနဲ့ ကျောက်မျက်မှောင်ခိုတွေ ကြီးပွားလာပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နဲ့ မူးယစ်ဆေး ရောထွေယှက်တင် ဖြစ်လာပါတယ်။ ပြည်သူစစ်နဲ့ ဘိန်းမှောင်ခိုတဖြစ်လဲ လော်စစ်ဟန်ဟာ စစ်တပ်ကို အကျိုးပြုနိုင်တဲ့အတွက် စစ်အစိုးရက အခွင့်ထူးပေးလို့ အချမ်းသာဆုံး ဖြစ်လာပါတယ်။ လော်စစ်ဟန်ရဲ့ Asia World ကုမ္ပဏီကို သားဖြစ်သူ Steven Law (ခေါ်) ဦးထွန်းမြင့်နိုင်က ဆက်ခံပါတယ်။ နေပြည်တော် တည်ဆောက်မှု နဲ့ အခြားလုပ်ငန်းတွေမှာ Asia World အဓိက ပါဝင်ပြီး ရန်ကုန် အလုံဆိပ်ကမ်းတခုလုံးကိုလည်း ပိုင်ပါတယ်။

ဈေးကွက်ခေတ် ပုဂ္ဂလိက ဘဏ်တည်ထောင်ခွင့်ပေးချိန်မှာ ငွေရင်းထုတ်နိုင်သူဟာ ဘိန်းမှောင်ခိုနဲ့ အခွင့်ထူးခံ ခရိုနီတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တည်ထောင်ထားတဲ့ဘဏ်မှာ ငွေကြေးခဝါချတာ မဆန်းပါဘူး။ ကိုးကန့်တရုတ် ဦးအိုက်ထွန်းရဲ့ အာရှဓနဘဏ်နဲ့ ရှမ်းတရုတ် ဦးကျော်ဝင်းရဲ့ Mayflower ဘဏ်ကို ၂၀၀၅ မှာ ပိတ်လိုက်ပါတယ်။ ဦးအိုက်ထွန်းဟာ ရွှေတောင်ကုမ္ပဏီကို တည်ထောင်ပြီး လုပ်ငန်းမျိုးစုံမှာ ရင်းနှီးမြုပ်နံှနေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်မြို့က အဓိက အချက်အချာကျတဲ့ မြေနေရာတွေကို ရွှေတောင်ကုမ္ပဏီက ဆက်တိုက်ရရှိခဲ့ပါတယ်။ ငွေမဲကြောင့် နေ့ချင်းညချင်း ဦးအိုက်ထွန်း ချမ်းသာလာတာလို့ ဆိုပါတယ်။ တချို့ကလည်း တရုတ်ကုမ္ပဏီကိုယ်စား စီးပွားရှာနေတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးတေဇလို အခွင့်ထူးမရဘူးလို့ ဦးအိုက်ထွန်းက ညည်းတွားကြောင်း သိရှိရပါတယ်။

အခုတော့ ဗိုလ်ချုပ်မှူးကြီးတွေနဲ့ ရင်းနှီးသူအဖြစ် လူသိများတဲ့ ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇဘဏ်ဟာ မြန်မာပြည်မှာ အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်လာပြီး၊ ကျောက်မျက်လုပ်ငန်းနဲ့ လေကြောင်းလိုင်းကိုပါ တည်ထောင်ထားပါတယ်။ ရှမ်းပြည်နယ်မှာ ဗိုလ်ချုပ်ကြီးမောင်အေး တိုင်းမှူးလုပ်စဉ်က ဦးအောင်ကိုဝင်းဟာ ကျောက်မျက်လုပ်ငန်းမှာ အခွင့်ထူး ခံစားရသူ ဖြစ်ပါတယ်။ စစ်အုပ်စု ရရှိထားတဲ့ မသမာငွေကြေးကို ခရိုနီပိုင်ဘဏ်တွေက ခဝါပေးတယ်လို့ မယုံသင်္ကာ ဖြစ်သူတွေလည်း ရှိပါတယ်။ ကမ္ဘောဇဘဏ်ဟာ ငွေကြေးခဝါချမှုကို ဟန့်တားရမယ့်တာဝန်ကို ကောင်းကောင်းသိပုံ မရဘူးလို့ FATF – Financial Action Task Force က ကြေညာထားတာ ရှိပါတယ်။ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ယုဇနဦးဌေးမြင့်၊ ဦးမိုးမြင့်၊ ဦးအိုက်ထွန်းစတဲ့ ခရိုနီကြီးတွေကို လူသိများပါတယ်။

အိန္ဒိယလိုပဲ မြန်မာပြည်မှာ ဘဏ်တိုက်မှာ မအပ်တဲ့ငွေတွေ အများကြီး ရှိတယ်လို့ မတ်လထုတ် အမေရိကန်နိုင်ငံခြားရေးဌာန “နိုင်ငံတကာ မူးယစ်ဆေး ချုပ်ကိုင်ရေး မဟာဗျူဟာအတွဲ (၂)” မှာ ဖော်ပြထားပါတယ်။ ငွေကြေးခဝါချမှုနဲ့ ဘဏ္ဍာရေးပြစ်မှု Money Laundering and Financial Crime ကို သီးသန့်ဖော်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် အရေးယူခံရမယ့် အလားအလာနည်းတာဟာ ငွေကြေးခဝါချဖို့ အခြေအနေပေးတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဘိန်းဖြူ ဒုတိယအများဆုံး ထုတ်လုပ်ပြီး၊ ဒေသတွင်းမှာ စိတ်ကြွဆေး အများဆုံးထုတ်နေတာ မြန်မာပြည်ပါ။

အရွယ်ရောက်သူ မြန်မာပြည်သားတွေထဲမှာ ဘဏ်စာရင်းရှိသူက (၂၅) ရာခိုင်နှုန်းပဲ ရှိပါတယ်။ လက်ငင်းငွေချေပြီး စီးပွားရေးလုပ်ကိုင်ကြတာမို့ မသမာငွေကြေးကို ဖမ်းဆီးနိုင်ဖို့ ခက်ခဲပါတယ်။ ဥပဒေအရ ဖွင့်ခွင့်မရှိပေမယ့် မြန်မာ-တရုတ်နယ်စပ်မှာ Casino ကစားဝိုင်း (၅) ခု ရှိပါတယ်။ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအတွက် ကွန်ပြူတာစနစ် အားကောင်းဖို့ လိုပေမယ့် မြန်မာပြည်မှာ စာရွက်စာတမ်း အားကိုးနေရတုန်း ဖြစ်ပါတယ်။ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအတွက် လိုအပ်တဲ့ စွမ်းရည်တွေ မြန်မာအဖွဲ့အစည်းတွေမှာ ချို့တဲ့နေသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန “နိုင်ငံတကာ မူးယစ်ဆေး ချုပ်ကိုင်ရေး မဟာဗျူဟာ အတွဲ (၂)” မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG