သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ်လုပ်ငန်း နှင့် ပြည်သူ့ယုံကြည်မှု


တိုက်ရိုက် လင့်ခ်

လွန်ခဲ့တဲ့နှစ်က ပြဌာန်းလိုက်တဲ့ နိုင်ငံတကာအဆင့်မီ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေးဟာ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးဖို့အတွက် အလွန်အရေးကြီးပါတယ်။ နောက်တော့ ဘဏ္ဍာရေးကဏ္ဍမှာ လိုအပ်နေတဲ့ လူ့စွမ်းအင်ဖူလုံရေး၊ အတတ်ပညာနဲ့ အခြေခံအဆောက်အအုံ ခိုင်မာရေးနဲ့ ပြည်သူ့ယုံကြည်မှုရရှိရေး စတာတွေဟာလည်း အရေးကြီးပါတယ်။ အနှစ် (၂၀) ကျော် စစ်အာဏာရှင်အမိန့် နာခံခဲ့ရတဲ့ ဘဏ္ဍာရေးလောကကို ပြုပြင်လာတာ (၄) နှစ်ပဲ ရှိပါသေးတယ်။ ၂၀၁၃ မှာ ပြဌာန်းတဲ့ နိုင်ငံတော် ဗဟိုဘဏ်ဥပဒေက စတယ်လို့ ပြောရပါလိမ့်မယ်။

နောက်တော့ ၂၀၁၅ မှာ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပြဌာန်းပြီး ၂၀၁၆ မှာ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ပြဌာန်းပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးမှာ အပြည်ပြည်ဆိုင်ရာ စာရင်းကိုင်စံ၊ စာရင်းစစ်စံနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။ စာရင်းကိုင်၊ စာရင်းကျွမ်းကျင်သူ၊ စာရင်းပညာရှင်၊ စာရင်းလုပ်ငန်းလုပ်ကိုင်သူ စတဲ့ ဝန်ထမ်းအမျိုးအစားတွေ ပေါ်လာပါတယ်။ ပြည်တွင်းက ကုမ္ပဏီနဲ့ အစိုးရဌာနတွေရဲ့ စာရင်းရှင်းတမ်းနဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေ နိုင်ငံတကာစံနှုန်းမီလာရင် ရင်းနှီးမြုပ်နံှမှုကို ပိုမိုဆွဲဆောင်နိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ဒါပေမဲ့ ဥပဒေ စည်းမျဉ်းတွေ ဘယ်လောက်ပဲကောင်းကောင်း လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲနေရင် ရည်ရွယ်ချက် အောင်မြင်ဖို့ ခဲယဉ်းပါတယ်။ ဘဏ္ဍာရေး ပြုပြင်မှုမှာ ပါဝင်နေတဲ့ အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေရာမှာ သတင်းအချက်အလက် စိတ်ချရမှု၊ သိသာမြင်သာမှုနဲ့ စီမံခန့်ခွဲမှု စွမ်းရည်ရှိဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူနဲ့ လုပ်ငန်းရှင်ရဲ့အကျိုးကို ဆောင်ရွက်နိုင်ပါလိမ့်မယ်။ တိုးချဲ့လာတဲ့ ဘဏ်လုပ်ငန်းအတွက် အမှုထမ်း အလုံအလောက်ပေးနိုင်ဖို့ လိုပါတယ်။ GIZ ဂျာမန်အဖွဲ့က စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ဘဏ်လုပ်ငန်းကဏ္ဍမှာ အလုပ်လုပ်နေသူ (၇၀,၀၀၀) ခန့်ရှိကြောင်း သိရပါတယ်။ ဒီကဏ္ဍမှာ အလုပ်လုပ်ချင်သူ နှစ်စဉ်တသောင်းလောက် ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

လူသစ်တွေထဲမှာ အများစုဟာ ပုဂ္ဂလိကဘဏ်လုပ်ငန်းမှာ အလုပ်ရကြပါတယ်။ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့တဲ့ တိုင်းပြည်မှာ ပညာရေးနဲ့ လေ့ကျင့်ရေးအစဉ်အလာ နည်းပါးတာကြောင့် ခေတ်မီဘဏ်လုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သား ရှားပါးနေရပါတယ်။ ဒါကြောင့်မို့ လူသစ်တွေထဲမှာ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံဗဟုသုတ ချို့တဲ့သူတွေလည်း ရှိပါတယ်။ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းအချို့ ရှိပေမယ့် ကျောင်းဆင်းတာနဲ့ ချက်ချင်းအလုပ်လုပ်နိုင်တာ မဟုတ်လို့ အချိန်ယူရပါသေးတယ်။ အလုပ်ဝင်စ လူသစ်ကိုသာ သင်တန်းပေးနိုင်တာ ဖြစ်တဲ့အတွက် ခေတ်မီဘဏ်လုပ်ငန်းအတွက် အထူးသင်တန်းမျိုး ပေးနိုင်တာ မဟုတ်ပါဘူး။ ဘဏ်လုပ်ငန်းအဆင့်အမျိုးမျိုးမှာ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်ထားဖို့လည်း အရေးကြီးပါတယ်။

ဘဏ်လုပ်ငန်းခေတ်မီအောင် ပြုပြင်ပြောင်းလဲတာဟာ တိုးတက်ရေးမှာ လိုအပ်တဲ့အဆင့်တဆင့်သာ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူလူထုက ယုံကြည်အားကိုးလာမှသာ ဘဏ်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးနိုင်ပါတယ်။ ဒီကိစ္စဟာ မြန်မာပြည်မှာ အခက်ခဲဆုံးလို့ ပြောနိုင်ပါတယ်။ အစိုးရဟာ ကိုယ်ထုတ်ထားတဲ့ ငွေစက္ကူကို တရားမဝင်ကြောင်း ကြေညာတဲ့တိုင်းပြည်ဖြစ်လို့ ဘဏ်လုပ်ငန်းကို ပြည်သူက မယုံကြည်တာ မထူးဆန်းသလို ဖြစ်နေပါတယ်။ ငွေမဲနဲ့ တည်ထောင်တဲ့ ပုဂ္ဂလိကဘဏ်ကိုလည်း စစ်အစိုးရက ခွင့်ပြုပါတယ်။ ဘဏ်လုပ်ငန်းကို အယုံအကြည်မရှိလို့ အပ်နံှငွေရှိသူတိုင်း ၂၀၀၂ မှာ အလုအယက် ငွေထုတ်ယူကြတဲ့အတွက် အကျပ်အတည်းနဲ့ ရင်ဆိုင်ရပါတယ်။ အမေရိကန်အစိုးရ တောင်းဆိုမှုကြောင့် မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အာရှဓနဘဏ်နဲ့ Mayflower ဘဏ်တွေကို ပိတ်လိုက်ရပါတယ်။

အာဆီယံဒေသမှာ ဘဏ်လုပ်ငန်းပြင်ပမှာ ငွေအများဆုံးရှိတဲ့နိုင်ငံဟာ မြန်မာပြည် ဖြစ်ပါတယ်။ ရွှေစုဆောင်းမှု၊ အိမ်ခြံမြေ ဈေးတက်မှု၊ ဥစ္စာပစ္စည်း စုဆောင်မှုတွေဟာ ဘဏ္ဍာရေးစနစ်ကို မယုံကြည်ကြောင်း ပြသတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နှစ်စဉ်အသားတင် ထုတ်လုပ်မှုတန်းဖိုး အချိုးအစားနဲ့ ကြည့်ရင်လည်း ဘဏ်လုပ်ငန်းမှာရှိတဲ့ ငွေကြေးပမာဏဟာ အနည်းဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ ဘဏ်ထဲမှာ တကျပ်ရှိရင် ဘဏ်အပြင်မှာ နှစ်ကျပ်ရှိတဲ့သဘော ဖြစ်ပါတယ်။ ၂၀၁၅ ရောက်တော့ ဘဏ်မှာ နှစ်ကျပ်ခွဲရှိပြီး အပြင်မှာ တကျပ် ဖြစ်လာလို့ ဘဏ်ကို ယုံကြည်လာကြတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ ဘဏ်က ငွေ (၉၀) ရာခိုင်နှုန်းကျော်ဟာ အချိန်မရွေး ထုတ်ယူနိုင်တဲ့ အပ်နံှငွေတွေ ဖြစ်နေတာကြည့်ရင် ပြည်သူလူထုဟာ ဘဏ်မှာ ငွေစုဖို့ စိတ်ထက်သန်ပုံ မရသေးပါဘူး။ ကောလဟာလ သတင်းတွေကြောင့် အပ်နံှငွေ အလုံးအရင်းနဲ့ ထုတ်ယူတာမျိုးတွေ ရှိပါတယ်။ ဦးအောင်သောင်းကို အမေရိကန်မှာ နာမည်ပျက်စာရင်းသွင်းတဲ့ ၂၀၁၄ မှာ သူ့သားပိုင်တဲ့ အမရဘဏ်ကနေ နေ့စဉ်ထုတ်တဲ့ကျပ်ငွေ သန်းနှစ်သောင်းခြောက်ထောင်အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့ဘဏ်လုပ်ငန်းကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ယုံကြည်လာဖို့ဆိုတာ အချိန်ကြာဦးမှာ ဖြစ်ကြောင်း GIZ ဂျာမန်အဖွဲ့က သုံးသပ်ထားပါတယ်

XS
SM
MD
LG