ရှမ်းပြည်မြောက်ပိုင်းမှာ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ MNDAA ကိုးကန့်တပ်ဖွဲတွေ ပါဝင်တဲ့ ညီနောင် မဟာမိတ် အဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက် ဖြစ်နေပါတယ်။ ကျောက်မဲမြို့မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခံခဲ့ရတာကြောင့် အဆောက်အဦတွေ ပြိုကျခဲ့ပြီး လူတွေ ထိခိုက် သေဆုံးခဲ့သလို၊ စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်း ထားရတာကြောင့် လူတွေ အတိဒုက္ခ ရောက်နေကြတဲ့ အကြောင်း ဒေသခံတွေက AFP သတင်းဌာနကို ပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စတင်လိုက်တဲ့ ရှမ်းပြည် မြောက်ပိုင်းက တိုက်ပွဲတွေကို ၁၀၂၇ အပိုင်း ၂ အဖြစ် ညီနောင် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကြေညာထားပါတယ်။ တရုတ်နိုင်ငံ ကြားဝင် စေ့စပ်ပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး ပျက်ပြား သွားပြီးတဲ့နောက် တိုက်ပွဲတွေ တကြော့ပြန် ပေါ်ပေါက်နေတာပါ။ စစ်ကောင်စီ ဘက်က ရတနာမြေလို့ တင်စား ခေါ်ကြတဲ့ မိုးကုတ်မြို့ကို လက်လွတ် ဆုံးရှုံးရနိုင်ခြေ ရင်ဆိုင် နေရတဲအကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။ လာရှိုးမြို့မှာ ဆိုရင်လည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် (၅၀၇) တပ်ရင်း ဌာနချုပ်ကို မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေက သိမ်းပိုက်ဖို့ အပြင်းအထန် ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လူတွေ ထောင်သောင်းချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ တိုက်ပွဲသတင်း၊ မြို့တွေ သိမ်းပိုက်ခံရမှု ရှိမရှိ အခြေအနေ၊ အရပ်သားတွေ ထိခိုက် ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက် မရသေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Forum