သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအားလုံးနဲ့ မျှတစွာ ဆက်ဆံမည် (အီရန် သမ္မတသစ်)


အီရန်သမ္မတသစ် မာဆုဒ်-ပဇစ်ကီရန် ။
အီရန်သမ္မတသစ် မာဆုဒ်-ပဇစ်ကီရန် ။

အီရန်နိုင်ငံမှာ အသစ်တက်လာတဲ့ သမ္မတ မာဆုဒ်-ပဇစ်ကီရန် Masoud Pezeshkian က သူ့အစိုးရအဖွဲ့ဟာ အမျိုးသား အကျိုးစီးပွါးနဲ့ ငြိမ်းချမ်းရေး လိုအပ်ချက်အရ နိုင်ငံအားလုံးနဲ့ မျှတတဲ့ ဆက်ဆံမှုထားရှိမှာဖြစ်ကြောင်း ဒါပေမဲ့ အထူးသဖြင့် အမေရိကန်နဲ့ ဆိုရင်တော့ ဖိအားပေးတာကို သူ့နိုင်ငံက တုံ့ပြန်မှာ မဟုတ်ဖူးလို့ပြောပါတယ်။

အီရန်သမ္မတသစ်က နိုင်ငံပိုင် Tehran Times သတင်းစာမှာ သောကြာနေ့က ကမ္ဘာကို သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။ အခု ကျင်းပခဲ့တဲ့ အီရန်သမ္မတ ရွေးကောက်ပွဲဟာ သိသိသာသာ တည်ငြိမ်မှုရှိတာကို ပြနေကြောင်းနဲ့ မဲဆွယ်ပွဲမှာ သူကတိပေးထားတဲ့အတိုင်း လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ သမ္မတသစ် Pezeshkian ဟာ နှလုံးအထူးကု ဆရာဝန်တဦးဖြစ်ပြီး လွှတ်တော်အမတ် တာဝန်ကို အချိန်အတော်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဇူလိုင် ၅ ရက် ရွေးကောက်ပွဲမှာ သဘောထားတင်းမာသူ အီရန် နျူကလီယားညှိနှိုင်းရေးမှုး Saeed Jalili ကို အနိုင်ရပြီး လစ်လပ်နေတဲ့ သမ္မတရာထူးအတွက် အရွေးကောက်ခံရသူ ဖြစ်ပါတယ်။ သမ္မတဟောင်း Ebrahim Raisi ကတော့ မေလတုန်းက ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့တာပါ။

သမ္မတသစ်က သူ့အစိုးရအဖွဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်မာဖို့ ဦးစားပေး လုပ်ဆောင်မယ်လို့ သူ့ရဲ့ သတင်းစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာရပ်နိုင်ငံတွေ အနေနဲ့လည်း အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ ဂါဇာကမ်းမြောင်က အစ္စရေး- ဟားမတ်စ်စစ်ပွဲ တွက် ရေရှည် အပစ်ရပ်ရေးရအောင် သံတမန်ရေးနည်းအားလုံးကိုသုံးပြီး ဝိုင်းပြီး တွန်းအားပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

သမ္မတသစ် ပဇစ်ကီရန်က ဟားမတ်စ်ခေါင်းဆောင် Ismail Haniyeh အတွက်လည်း ဗုဒ္ဓဟူးနေ့က သတင်းစကား ပါးခဲ့တာဖြစ်ပြီး၊ အီရန်အနေနဲ့ ဟားမတ်စ် စစ်သွေးကြွအဖွ့ဲအတွက် ကာလကြာရှည် ကူညီပံ့ပိုးခဲ့တာဖြစ်ပြီး ပါလက်စတိုင်းတွေရဲ့ ရုန်းကန်မှုအတွက် အစွမ်းကုန် အကူညီဖို့ရှိကြောင်းလည်း ပြောခဲ့တာပါ။

သောကြာနေ့ သူ့ရဲ့ သတင်းစကားမှာတော့ သူ့နိုင်ငံရဲ့ စိန်ခေါ်မှုကြုံနေရချိန်မှာ ပုံမှန်ရပ်တည်ပေးခဲ့တဲ့ ရုရှားနဲ့ တရုတ် နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့တာပါ။ အီရန်အတွက် အမေရိကန်က ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်ကိုတော့ ဝေဖန်ခဲ့ပါတယ်။

Forum

XS
SM
MD
LG