သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတသစ်ကို ရုရှားသမ္မတ ဂုဏ်ပြုကြိုဆို


အီရန်သမ္မတအသစ် Masoud Pezeshkian
အီရန်သမ္မတအသစ် Masoud Pezeshkian

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အီရန်သမ္မတသစ် ဖြစ်လာတဲ့ မာဆု ပဇာရှကီယန်း Masoud Pezeshkian ကို ဂုဏ်ပြုကြောင်း ကရင်မလင်နန်းတော်က စနေနေ့မှာ ထုတ်ပြန်ပါတယ်။ "သမ္မတသစ် အဖြစ် လုပ်ဆောင်မယ့် ဆောင်ရွက်ချက်တွေဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး အကျိုးစီးပွားအတွက် ကဏ္ဍအားလုံးမှာ အပြုသဘောဆောင်တဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတည်ဆောက်နိုင်မယ်လို့ မျှော်လင့်" ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အနောက်နိုင်ငံတွေနဲ့ ပြေလည်ဖို့ ကြိုးစားလာဖွယ် ရှိတယ်လို့ ယူဆထားကြတဲ့ ပြုပြင်ပြောင်းလဲရေးသမား ပဇာရှကီယန်း အနိုင်ရချိန်မှာ ပူတင်က အခုလို ဂုဏ်ပြုစကား ဆိုတာပါ။ ပဇာရှကီယန်းက အီရန်ကို ကမ္ဘာကြီးနဲ့ ပိုထိတွေ့နိုင်ဖို့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ လွတ်လပ်ခွင့်တွေ ဆောင်ကြည်းပေးမယ်လို့ ကတိပြုထားပါတယ်။

အနောက်နိုင်ငံတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့၊ အီရန်ရဲ့ ပြင်းထန် တင်းကျပ်ထားတဲ့ အမျိုးသမီး ခေါင်းဆောင်းပုဝါခြုံ ဆင်ယင်မှုဆိုင်ရာ ဥပဒေကို ဖြေလျှော့ပေးဖို့နဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်လည် ရယူဖို့ စတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ သူ့ကို ထောက်ခံပေးကြဖို့ ပဇာရှကီယန်းက သမ္မတရာထူး ရယူအပြီးမှာ ပြည်သူကို မေတ္တာရပ်ခံခဲ့ပါတယ်။


ဒါပေမယ့် အီရန်ရဲ့စနစ်အရ ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီက အဓိပတိခေါင်းဆောင် အဖြစ် နိုင်ငံတော်အရေးကိစ္စအားလုံးကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားပြီး အီရန်အစ္စလမ္မစ်သမ္မတနိုင်ငံမှာ အကြွင်းမဲ့ အာဏာရှိသူ ဖြစ်တဲ့အပြင် သူ့အနီးအဝန်းအဝိုင်းထဲမှာလည်း သဘောထားတင်းမာသူတွေဝန်းရံထားပါတယ်။ ဒါကြောင့် အသက် ၆၉ နှစ်အရွယ် နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး ဖြစ်တဲ့ ပဇာရှကီယန်း ရဲ့ မဲဆွယ်စည်းရုံးရေးကတိတွေ အတိုင်း သမ္မတရာထူးယူချိန်မှာ အမှန်တကယ် လုပ်နိုင်ပါ့မလားဆိုတာကတော့ အီရန်လူထုကြားမှာ သံသယရှိနေကြပါတယ်။

ကျန်းမာရေးဝန်ကြီး အဖြစ် အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ပဇာရှကီယန်း (Pezeshkian) ဟာ ဇူလိုင် ၅ ရက် (သောကြာနေ့) က သမ္မတလောင်း နှစ်ယောက်တည်း သီးသန့် ဒုတိတတကြိမ် ယှဥ်ပြိုင်ရတဲ့ ရွေးကောက်ပွဲမှာ သဘောထားတင်းမာသူ နျူကလီးယားညှိနှိုင်းရေးမှူးဟောင်း ဆာယိ ဂျာလီလီ (Saeed Jalili) ကို အနိုင်ရခဲ့တာပါ။

ဇွန်လ ၂၈ ရက်နေ့က ပထမ အကြိမ် ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲမှာ ကနဦး ယှဥ်ပြိုင်သူ ၄ ဦးထဲက ဘယ်သူမှ သတ်မှတ်ထားတဲ့ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် မရရှိခဲ့တဲ့ အတွက် ဇူလိုင် ၅ ရက်နေ့မှာ မဲအများဆုံးရတဲ့ ကိုယ်စားလှယ်လောင်းနှစ်ဦးအဖြစ် ပြုပြင်ပြောင်းလဲရေး ဥပဒေပြုအမတ် ပဇာရှကီယန်း နဲ့ ရှေးရိုးစွဲဝါဒီ သဘောထားတင်းမာသူလို့ ရှုမြင်ခံရတဲ့ နျူကလီးယား ညှိနှိုင်းရေးမှူးဟောင်း ဂျာလီလီ တို့ ထပ်မံ ယှဥ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒုတိယ အကြိမ် ရွေးကောက်ပွဲမှာ ဂျာလီလီ က မဲ ၁၃.၅ သန်း ရပြီး ပဇာရှကီယန်း က မဲ ၁၆ ဒသမ ၃ သန်း ရရှိခဲ့ကြောင်း အီရန်အာဏာပိုင်တွေက ကြေညာပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ မရှိဘဲ သောကြာနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ သန်း ၃၀ ရှိတယ်လို့ အီရန် ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မဲပေးခွင့် ရှိသူ အများစုသည် မဲလာပေးဖို့ မလိုလားကြကြောင်း ပြည်တွင်းက စောင့်ကြည့်လေ့လာသူတွေကလည်း ပြောပါတယ်။

အစ္စရေး-အီရန် ပဋိပက္ခ ဘယ်အထိ ကျယ်ပြန့်လာနိုင်သလဲ
please wait

No media source currently available

0:00 0:11:15 0:00

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအရ အမည်ထုတ်ဖော် ပြောကြားခြင်း မရှိဘဲ ဗွီအိုအေ ပါရှန် ဌာနကို ဖြေကြားချက်ထဲမှာတော့ အီရန် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသလို၊ အီရန်နိုင်ငံသား အများအပြားက ရွေးကောက်ပွဲမှာ မဲမပေးဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း ပြောပါတယ်။

“ဒီရွေးကောက်ပွဲကနေ အီရန်ရဲ့ ရှေ့လာမယ့် ဦးတည်ချက်မှာ အခြေခံကျကျပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ မယူဆသလို အီရန်နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို လေးစားမှု ပိုရှိလာလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နဲ့ အီရန်ကြားက နှစ်နိုင်ငံ ချစ်ကြည်ရေး ကူးလူးဖလှယ်မှု သမိုင်းကြောင်း ရှည်လျားပြီး နှစ်နိုင်ငံ ဆက်ဆံရေးက ရာစုနှစ်တဝက်ကျော် ခိုင်မာ အားကောင်းခဲ့ပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထားတယ်လို့ တရုတ် သတင်းအေဂျင်စီ ဆင်ဟွာမှာ ရေးပါတယ်။ သမ္မတ ရှီက "တရုတ်-အီရန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး တရုတ်-အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာ တိုးတက်လာစေရန်အတွက် သမ္မတသစ် လက်တွဲဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်း” ပြောတယ်လို့ ဆိုပါတယ်။

အီရန်သမ္မသစ်ကို ဂုဏ်ပြုကြတဲ့ အထဲမှာ အီရန်နဲ့ မပြေလည်မှုတွေ ရှိခဲ့တဲ့ ဆော်ဒီအာရေဗျလည်း ပါဝင်ပြီး ဘုရင်နဲ့ အိမ်ရှေ့မင်းသားတို့က မာဆု ပဇာရှကီယန်း အီရန်သမ္မတအဖြစ် ရွေးကောက်ခံရတာအပေါ် ဝမ်းမြောက်ကြောင်း ဆော်ဒီနိုင်ငံပိုင်သတင်းဌာန SPA က စနေနေ့မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG