သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်ကို ဖုံးကွယ်ပြီး တော်လှန်ရေးအင်အားစုများနဲ့ သတင်းမီဒီယာများကို စစ်ကောင်စီပြစ်တင်ဝေဖန်


မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တပ်ဖွဲ့ဝင်များ (ဇွန် ၂၀၂၄)
မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တပ်ဖွဲ့ဝင်များ (ဇွန် ၂၀၂၄)
ဗိုလ်ချုပ်ဇော်မင်းထွန်း

ဗိုလ်ချုပ်ဇော်မင်းထွန်း

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်

ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေတဲ့ ဓားပြဆန်ဆန် အဖွဲ့အစည်းဖြစ်တဲ့ သောင်းကျန်းသူအဖွဲ့တွေကို အားပေး၊ အားမြှောက်လုပ်နေတဲ့၊ ပြည်ပကိုထွက် ပြေးတိမ်းရှောင်ပြီး ပြည်ပအားကိုး ပုဆိန်ရိုးလုပ်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေကိုလည်း စိတ်ပျက်ဖွယ်တွေ့ရပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုရဲ့ သေကျေပျက်စီးမှု၊ အိုးအိမ် နေရာဖျက်ဆီးဆုံးရှုံးခံရမှု၊ ပြည်သူပိုင် လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကိုးကွယ်ရာနေရာတွေ ဖြစ်တဲ့ ဘုရား၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးရမှုတွေကို ဝမ်းသာအားရဖြစ်နေတဲ့ သူတွေဟာ သူတို့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ ပြည်သူလူထု အပေါ်မှာ ဘယ်လောက်ထိ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်၊ ဖျက်လိုဖျက်ဆီးစိတ်ရှိတယ်ဆိုတာကို အထင်းသားပေါ်လွင်ပြသနေတာ ဖြစ်ပါတယ်။

ဒါက မှားယွင်းနေပါတယ်။
အချက်အလက်စီစစ်ခြင်း

စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေဟာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေပြီးစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ သတင်းမီဒီယာတွေက အားပေးအားမြှောက်ပြုနေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောပါတယ်။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က သူ့ရဲ့ပြောဆိုမှုအတွင်းမှာ ပြည်သူလူထုရဲ့ပိုင်ဆိုင်မှု၊ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝလုံခြုံစေရမယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။ ဒါပေမယ့်လည်း အချက်အလက်များအရ စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့မှာ ထုတ်ပြန်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာတင် ၁၅,၀၀၀ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့အထိ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးရတဲ့ အရပ်သားပြည်သူပေါင်း (၅၄၅၃) ထက်မနည်းရှိပြီဖြစ်တယ်လို့ နွေဦးတော်လှန်ရေးကာလအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေကို စာရင်းကောက်ယူနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ (၂၆) ရက် ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ စစ်ကောင်စီက ကျူးလွန်တဲ့ လူ(၅) ဦး နဲ့အထက် သတ်ဖြတ်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ် (၂၆၈) ခုရှိခဲ့ပြီး အရပ်သားပြည်သူ (၂၄၉၈) ဦးသေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လ (၁၂) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်းမီဒီယာများရဲ့ ဖေါ်ပြမှုများကို စောင့်ကြည့်မှုအရ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ကနေ ဇူလိုင်လနောက်ဆုံးအပတ် (၂၆) ရက်နေ့ အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှု၊ဖမ်းဆီးသတ်ဖြတ်တွေကြောင့် နိုင်ငံတဝန်း မြို့နယ်ပေါင်း (၄၀) မှာ အရပ်သားသေဆုံးမှုဟာ (၂၀၀) နဲ့ အထက်မှာ ရှိတာကိုတွေ့ရပါတယ်။ ယခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့မှာတင် တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသ ငပုအင်းရွာကို ရက်နေ့က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ (၂၀) ကျော် သေဆုံးခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းဖြစ်ပွားလာတဲ့ လက်နက်ပဋိပက္ခတွေအပေါ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အပေါ် စစ်ကောင်စီက မကြာခဏ ပြစ်တင်ပြောဆိုလေ့ရှိပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA (၈) နှစ်ပြည့်အခမ်းအနားမှာလည်း ပြည်ပဒီမိုကရေစီနိုင်ငံအချို့က လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တယ်လို့လည်း စွပ်စွဲပြောဆိုဖူးပါတယ်။ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ ပြည်သူတွေရဲ့ စာတတ်မှုနည်းတဲ့ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ပြောဆိုဖူးပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အာဏာသိမ်းမှုကို ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ရတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။

အာဏာသိမ်းမှုအကျိုးဆက်အဖြစ် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့များစွာပေါ်ပေါက်လာပြီး နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားလာခဲ့ပါတယ်။ အာဏာသိမ်းပြီး (၂)လ အကြာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ စတင်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို လက်လုပ်တူမီးသေနတ်များဖြင့် ခုခံခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှု ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကနေ စတင်ပြီး လက်နက်ကိုင်ခုခံတော်လှန်မှု စတင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က ၁၀၂၇ စစ်ဆင်ရေးကို စတင်လာခဲ့ပြီး စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းတို့အပါအဝင် နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းသိမ်းမြို့သိမ်း စစ်ဆင်ရေးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နဲ့ (၁၁) ရက်နေ့တို့မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ကြား ဟိုင်ဂင်သဘောတူညီမှုရရှိပြီး ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ AA နဲ့ စစ်ကောင်စီတို့ စစ်ရေးအရှိန်မြင့်တက်လာခဲ့ပြီး ပလက်၀မြို့နဲ့ ပေါက်တောမြို့တို့ကို AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလအတွင်းမှာတော့ ရခိုင်ပြည်နယ်အတွင်းက ကမ္ဘာကျော်ကမ်းခြေဖြစ်တဲ့ ငပလီရှိရာ သံတွဲမြို့ကို AA က တိုက်ခိုက်ပြီး ထိန်းချုပ်လာနိုင်ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၅) ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်လာခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊နောင်ချို၊ကျောက်မဲ၊သီပေါ နဲ့ မန္တလေးတိုင်းအတွင်းက မတ္တရာ၊မိုးကုတ်၊စဉ့်ကူးတို့ကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက အဓိကပစ်မှတ်ထားတိုက်ိခုက်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၄) နေ့မှာ TNLA နဲ့ MDY-PDF ပူးပေါင်းတပ်များက မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး မိုးကုတ်မြို့အတွင်း တော်လှန်ရေးအင်အားစုများကို အများပြည်သူက ကြိုဆိုကြတဲ့ ဓါတ်ပုံများကို သတင်းမီဒီယာတွေမှာ ဖေါ်ပြလာကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်နိုင်ပြီး လားရှိုးမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း MNDAA က ဇူလိုင်လ (၂၅) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) ကို MDAA က သိမ်းပိုက်နိုင်တာနဲ့ မိုးကုတ်မြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်တယ်ဆိုတာ လိမ်ညာဝါဒဖြန့်တာသာဖြစ်ကြောင်း ငြင်းဆိုပါတယ်။

“သူတို့နောက်ကွယ်က ထောက်ပံ့နေတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေဆီကနေ သူတို့ အသက်ဆက်နိုင်ဖို့၊ လိုအပ်ချက်တွေ ပိုမိုရရှိနိုင်ဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း လားရှိုးမြို့အချို့နေရာတွေမှာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူ၊ ပြီးမှ ယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ လားရှိုးမြို့ပေါ် အချို့နေရာတွေမှာ မော်တော်ယာဉ်နဲ့ လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ဝါဒဖြန့်တာတွေ ဆောင်ရွက်နေတာ တွေကို တွေ့ရမှာဖြစ်တယ်။” လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင်က ငြင်းဆိုရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ငြင်းဆိုလိုက်တဲ့ ဇူလိုင်လ (၂၆) ရက်မှာပဲ လားရှိုးမြို့ပေါ်က ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ တပ်ရင်းဌာနအချို့အပါအဝင် လားရှိုးမြို့ပေါ်က အထင်ကရနေရာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားတဲ့ ဓါတ်ပုံတွေကို ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ထုတ်ပြန်လာပါတယ်။

လားရှိုးမြို့အတွင်း ရဲတပ်ဖွဲ့မှ လုံခြုံရေးကင်းလှည့်နေကြောင်း MNDAA ထုတ်ပြန်ထားသည့် မှတ်တမ်းပုံ (ဇူလိုင် ၂၉၊ ၂၀၂၄)
လားရှိုးမြို့အတွင်း ရဲတပ်ဖွဲ့မှ လုံခြုံရေးကင်းလှည့်နေကြောင်း MNDAA ထုတ်ပြန်ထားသည့် မှတ်တမ်းပုံ (ဇူလိုင် ၂၉၊ ၂၀၂၄)

မြန်မာတပ်မတော်က တိုင်းရင်းသားပြည်သူလူထုကို ကာကွယ်တဲ့ စစ်ကို ဆင်နွှဲနေတာဖြစ်ပြီးအောင်မြင်ရမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပေမယ့် စစ်ကောင်စီတပ်တွေက လေကြောင်းကနေတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအရပ်သားပြည်သူသေဆုံးမှုတွေက ဆက်ဖြစ်ပွားနေတာကို အချက်အလက်တွေက ဖေါ်ပြနေပါတယ်။ အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီက မြို့ပေါင်း (၇၀) ကျော်ကို လက်လွှတ်ဆုံးရှုံးထားရပြီး တပ်ရင်းဌာနချုပ်များအပါအဝင် တပ်စခန်းကြီးပေါင်း ၂၅၀၀ ကျော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်ပါတယ်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်အဖြစ် စစ်ကောင်စီက စွပ်စွဲပြောဆိုလေ့ရှိပါတယ်။ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကို ဖေါ်ပြနေတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပြည်ဖျက်မီဒီယာတွေဖြစ်တယ်လို့ အချက်အလက်မဲ့ စွပ်စွဲပြောဆိုလာတာကို တွေ့မြင်ရပါတယ်။ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဖမ်းဆီးအရေးယူမှု၊ စစ်ကောင်စီတပ်တွေရဲ့ ပုံသဏ္ဍန်မျိုးစုံနဲ့ ကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးရမှု၊ စစ်ကောင်စီတပ်သားတွေက ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုအပါအဝင်၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချမှုနဲ့ သတင်းလွတ်လပ်ခွင့်ပိတ်ပင်ထားမှုတွေကိုတော့ ဖုံးကွယ်ချန်လှပ်ထားတာကို အချက်အလက်တွေက ဖေါ်ပြနေပါတယ်။

XS
SM
MD
LG