မုန်တိုင်း Yagi ရဲ့ အရှိန်ကြောင့် အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ အလယ်ပိုင်းနေရာတွေမှာ စိုက်ပျိုးမြေဧက အများအပြား ရေနစ်မြုပ်၊ ပျက်စီးခဲ့ပါတယ်။ မုန်တိုင်း အကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရခိုင်မြောက်ပိုင်းမှာ ထပ်မံ မိုးကြီးနိုင်ပြီး မြစ်ရေလျှံတာတွေ ဖြစ်လာနိုင်တယ်လို့ သဘာဝ ဘေးအန္တရာယ်နဲ့ မိုးလေဝသစောင့်ကြည့် လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းအပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
သုံးလအတွင်း (ဇူလိုင် - စက်တင်ဘာ) ရေကြီးတဲ့ဒဏ်ကို နှစ်ကြိမ်နီးပါး ခံခဲ့ရတဲ့ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီ တိုင်းမှာ စိုက်ခင်းအများအပြား ပျက်စီးခဲ့ပြီး ဆုံရှုံးမှုပမာဏကို တွက်ဆလို့ မရသေးကြောင်း စိုက်ပျိုးရေးပညာရှင်တချို့က ပြောပါတယ်။ တချို့ စပါးစိုက်ခင်းတွေကတော့ ရာသီချိန်အမီ ပြန်စိုက်ဖို့ မလွယ်နိုင်ကြောင်း ကမ်းရိုးတန်းဒေသ တောင်သူလယ်သမား ဖွံ့ဖြိုးရေးအဖွဲ့က စိုက်ပျိုးရေး ပညာရှင်တဦးက ပြောပြပါတယ်။
"တချို့တောင်သူကျတော့လည်း အချိန်မီ ပြန်ထည့် လိုက်တယ်ပေါ့နော်။ ဒီတကြော ရေကြီးတာတော့ မပါသေးဘူးပေါ့နော်၊ တချို့ကျ စပါးပြန်ထည့်တာမျိုး ရှိတယ်၊ တချို့ကျ မီတယ်၊ တော်တော်များများက မမီဘူးပေါ့။ တမြို့နယ်ချင်း ပြောမယ်ဆို သနပ်ပင်မြို့နယ်မှာဆို တော်တော်များများက လွတ်တယ်။ ပုံမှန်ရေကြီးနေကျ နေရာဆိုတော့ ရေကြီးတဲ့နေရာတွေမှာ နဂိုကတည်းက ရေမြုပ်ဒဏ်ခံနိုင်တဲ့ မျိုးတွေ ထည့်ထားတာရှိတယ်၊ ကဝမြို့နယ်မှာဆို တော်တော်လေး ဆိုးတယ်ဗျ၊ ကဝဘက် တခြမ်းဆို ပြန်စိုက်လို့က မမီတော့ဘူး၊ လုံးလုံး ပျက်စီးသွားတဲ့ လယ်ကတော့ ပြန်စိုက်ဖို့အတွက် မဖြစ်နိုင်တော့ဘူးပေါ့နော်။"
စိုက်ခင်းတွေက ရေကြီးလို့ ပျက်စီးရသလို၊ ရေကြီးပြီးနောက်ပိုင်း ပိုးမွှားကြောင့်လည်း ပျက်စီးရတယ်လို့ သူကပြောပါတယ်။ ဇူလိုင်လအတွင်း ပထမ ရေကြီးကာလမှာ ပဲခူးတိုင်းတခုတည်းက ကျေးရွာ ၃၀ နီးပါး ရေနစ်မြုပ်ခဲ့ပြီး ပဲ၊ နှမ်းနဲ့ မြေပဲ စိုက်ဧက ၂၀,၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ပဲခူးတိုင်းက လယ်သမားတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စီမံဘဏ္ဍာဌာနကတော့ သီးနှံအာမခံကြေး ထားရှိထားသူတွေကို လျော်ကြေးငွေ ကျပ် ၁၂ ဘီလီယံကျော် ပေးသွားမယ်လို့ စက်တင်ဘာလ၊ ၁၁ ရက်မှာလုပ်တဲ့ ဌာနအစည်းအဝေးမှာ ပြောခဲ့တာပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းက သူတွေကို ပေးလျော်သွားမယ်လို့ ပြောပါတယ်။ အချိန်မီ ပြန်စိုက်နိုင်ဖို့ မျိုးစပါးနဲ့ မြေဩဇာတွေ ထောက်ပံ့ပေးဖို့ ဆန်စပါး အသင်းအဖွဲ့တွေကို စစ်ကောင်စီက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ နစ်နာသွားတဲ့ တောင်သူလယ်သမား အရေအတွက်က ခန့်မှန်းထားတာထက် အဆမတန် ပိုများနိုင်တယ်လို့ လယ်သမားအဖွဲ့အစည်းတချို့က တုံ့ပြန်ထားပါတယ်။
ဗီယက်နမ် သတင်းတွေမှာတော့ Yagi မုန်တိုင်းကြောင့် သူတို့နိုင်ငံက စိုက်ပျိုးမြေဧက ၆၁၇,၀၀၀ ကျော် ပျက်စီးသွားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမ ရေကြီးတဲ့ ဇူလိုင်နဲ့ ဩဂုတ်လထဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဧက သိန်းဂဏန်းလောက် ပျက်စီးခဲ့တယ်လို့ လယ်သမားအစုအဖွဲ့တွေက ပြောပါတယ်။ အခုလည်း ရေလွှမ်းတဲ့ လယ်ယာမြေအများစုက ပျက်စီးလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Yagi မုန်တိုင်း အကြွင်းအကျန်ကြောင့် မကွေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ဒီရက်ပိုင်း မိုးကြီးရေလျှံတာတွေ ထပ်ဖြစ်ဦးမယ်လို့ မိုးလေဝသ ပညာရှင်တချို့က ခန့်မှန်းပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ရခိုင်ရိုးမပေါ်က ဆင်းလာတဲ့ တောင်ကျရေ၊ ရခိုင်ရိုးမနဲ့ ပဲခူးရိုးမကြားက လှိုင်မြစ်ရေ၊ ပဲခူးရိုးမ အရှေ့ခြမ်းက ပဲခူးမြစ်ရေ၊ အထူးသဖြင့် စိုးရိမ်ရေမှတ် အထက်ကို ရောက်နေတဲ့ စစ်တောင်းမြစ်ရေက ပင်လယ်ဒီရေနဲ့ တွေ့ဆုံမယ်ဆိုရင် မြစ်ရေတက်တဲ့နှုန်း မြန်လာလိမ့်မယ်လို့ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ပြောပါတယ်။ အခုလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းက မြစ်တွေမှာ ရေလျှံနေကြောင်း သူကပြောပါတယ်။
" ပင်လယ်ဒီရေ တက်မယ့်ရက်က ၁၇ ရက်၊ လပြည့်နေ့က စပြီးတော့ (အခုလ) ၂၁ ရက်အတွင်းမှာ ထူးကဲဒီရေ ၂၃ ပေအထိ တက်ဖို့ရှိတယ်။ အဲဒီရက်ပိုင်းအတွင်းမှာ အဲဒီမြစ်ရေတွေ ဆင်းလာတယ် ဆိုရင်တော့ ရန်ကုန်မှာဆိုရင်လည်း အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နိုင်တဲ့ အခြေအနေရှိတယ်။ ဒါက ရေကြီးနိုင်မယ့် အခြေအနေနဲ့ လောလောဆယ် တွေ့နေရတဲ့ အခြေအနေတွေပါခင်ဗျ။"
Yagi မုန်တိုင်း သက်ရောက်မှုကြောင့် တနိုင်ငံလုံးမှာ သေဆုံးသူ ၃၃ ဦးရှိပြီး အတည်မပြုရသေးတဲ့ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်တွေထဲမှာ ပျောက်ဆုံးနေသူတွေရဲ့ စာရင်းကိုတော့ စုံစမ်းနေတုန်းပဲလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က သောကြာနေ့ညပိုင်းမှာ ပြောပါတယ်။ ရေနစ်မြုပ်တဲ့ မြို့နယ် ၃၄ မြို့နယ်က ဦးရေ ၂၃၆,၀၀၀ ကျော်ရှိပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ထားတယ်လို့လည်း ပြောပါတယ်။
ဒေသအသီးသီးမှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေက ကောက်ယူထားတဲ့ အချက်အလက်အရဆိုရင် တနိုင်ငံလုံးမှာ သေဆုံးသူ ၄၀၀ ကျော်ရှိနိုင်ပြီး၊ အကူအညီ လိုအပ်နေသူက ရရှိထားတဲ့ စာရင်းတွေထက် အများကြီး ပိုနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Forum