သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလဲ ဘယ်လဲ ရွေးကောက်ပွဲ


မမြသဇင်အောင် နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၄)
မမြသဇင်အောင် နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၄)

ရွေးကောက်ပွဲ မသမာမှုရှိလို့ဆိုပြီး အာဏာသိမ်း တက်လာတဲ့ စစ်ကောင်စီဟာ သာမန်အခြေအနေ မရောက်သေးပြန်ဘူးဆိုပြီး အရေးပေါ်အခြေအနေ သက်တမ်း (၆) ကြိမ်တိုးပြီးတဲ့နောက် ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောလာပါတယ်။ တိုင်းပြည်အခြေအနေ ယိုယွင်းပျက်ပြားနေပြီး နိုင်ငံရေး လွတ်လပ်မှု ကင်းမဲ့နေတဲ့အချိန်မှာ ကျင်းပမယ့် ဒီရွေးကောက်ပွဲရဲ့ အလားအလာက ဘယ်လိုရှိနိုင်သလဲဆိုတာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ ၂၀၂၅ ရွေးကောက်ပွဲက တကယ်ကျင်းပဖြစ်ပါ့မလား။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၅ ထဲမှာ ကျင်းပမယ်လို့ ပြောထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ ကျင်းပဖြစ်မယ်လို့ ကျနော်ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ မကျင်းပရင် မဖြစ်တဲ့အခြေအနေ ဖြစ်နေပါပြီ စစ်ကောင်စီအတွက်။ တကယ်တော့ သူတို့ တက်လာထဲက ရွေးကောက်ပွဲ ကျင်းပပေးမယ်။ နောက်၂၀၂၀ ရွေးကောက်ပွဲက တရားမမျှတဘူးဆိုပြီးတော့ မဲလိမ်မှုတွေ၊ မသမာမှု့တွေ ရှိတယ်ဆိုပြီးတော့ သူတို့က ကောင်းမွန် စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပြီးတော့ ပြောပြီးတက်လာခဲ့တာပါ။ ဒါပေမဲ့ မကျင်းပနိုင်ပါဘူး။ သူတို့က အကြိမ်ကြိမ် ချိုးဖောက်ပြီးတော့ ရွေ့ဆိုင်းလာခဲ့တယ်။ သူတို့က အတည်ပြုသေးတယ်ဆိုပြီး‌တော့ အခိုင်အမာပြောနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတောင်မှ ဘယ်လိုရေးထားလဲဆိုရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီသည် ပြည်ထောင်စု လွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လည်ကောင်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့်၊ သတ်မှတ်သည့်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာလျှင် သာမန်အားဖြင့် တကြိမ်ခြောက်လထိ (၂) ကြိမ်ပေးနိုင်သည်လို့ ပြောထားတယ်။ အခုက ၂ ကြိမ်တိုးမြှင့်လာပြီး (၆) ကြိမ်ရှိလာပြီဆိုတော့ အဲဒီတော့ သာမန်အားဖြင့် အခြေအနေ၊ အခုလည်း သာမန်အခြေအနေ ရှိပြီလား။ မရှိသေးဘူးဆိုတော့ ဆက်တိုးလို့ မရတော့ပါဘူး။ ဆက်တိုလေ သာမန်အခြေအနေရဲ့ ပြောင်းပြန်၊ သာမန်မဟုတ်တဲ့ အခြေအနေ ပိုပြီးဆုတ်ယုတ်လာတဲ့ အခြေအနေပဲဆိုတာ သူတို့ကိုယ်တိုင် ကောင်းကောင်း သဘောပေါက်လာပြီလို့ ယူဆပါတယ်။

ဆိုတော့ ရွေးကောက်ပွဲ ကျင်းပခြင်းသည်သာလျှင် သူတို့ စစ်ကောင်စီရဲ့ တစ်ခုတည်းသော ထွက်ပေါက်။ ထွက်ပေါက်ဆိုတာကလည်း လုံးဝ နိုင်ငံရေးကို ပစ်ပယ်ထားပြီး ထွက်သွားမယ့် သဘောတော့ မဟုတ်ပါဘူး။ သူတို့က အကြောင်းတမျိုးမျိုးနဲ့ ဒါမျက်လှည့်ပြပြီးတော့ ‌ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပြီးတော့ ကြံစည်လာတယ်လို့ ထင်ပါတယ်။ တချိန်ထဲမှာပဲ သူတို့ရဲ့ အဓိကအားထားရာဖြစ်တဲ့ တရုတ်ကလည်းပဲ နိုင်ငံရေးအားဖြင့် အဓိက အားကိုးရတဲ့ တရုတ်ကလည်း ဒီကိစ္စကို လမ်းကြောင်းပေးတယ်၊ အားပေးတယ် တူပါတယ်။ ဒါ့ကြောင့်လည်း ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ ပြင်လာတာပါ။ ရွေးကောက်ပွဲ ဖြစ်ဖို့နေနေသာသာ တချို့က သုံးသပ်ကြတယ် - သန်းခေါင်စာရင်းကောက်တဲ့ ကိစ္စတောင်မှ မှန်မှန်ကန်ကန် ဖြစ်နိုင်ပါ့မလားဆိုပြီး သုံးသပ်ကြတယ်။

မေး ။ ။ ဒါပေမဲ့ အခြေအနေတွေက တတိုင်းပြည်လုံးက မငြိမ်မသက်ဖြစ်နေတာပါ။ ဒါပေမဲ့ စစ်ကောင်စီကလည်း တတိုင်းပြည်လုံး သန်ခေါင်စာရင်းကောက်ဖို့ လုပ်နေပါပြီ။ အဲဒီတော့ အခြေအနေတွေက ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေတွေပါလား။

ဖြေ ။ ။ တကယ်တမ်းဆိုရင်‌တော့ ကျင်းပလို့ မရနိုင်တဲ့ အခြေအနေပါ။ တိုင်းပြည်အတွက် မငြိမ်မသက်ဖြစ်တဲ့ အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပလို့ မဖြစ်နိုင်တဲ့ အခြေအနေလို့ ပြောရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နယ်မြေ (၆၀) ရာခိုင်နှုန်းလောက်ကို စစ်ကောင်စီက မထိမ်းချုပ်နိုင်တော့ဘူး။ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားတယ်။ နောက်ပြီးတော့ ကျန်တဲ့နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ဆိုတော့ သန်ခေါင်စာရင်းကောက်မယ်၊ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ ဘယ်မှာလုပ်မလဲ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နောက် မြစ်ဝကျန်းပေါ်နဲ့ မြေပြန့်ဒေသ နေရာတွေလောက်မှာ လုပ်မလား။ လုပ်ဖို့ကကော အဲဒီနေရာတွေမှာ တည်ငြိမ်မှု့ရှိမယ်လို့ ထင်ပါသလား သိပ်အရေးကြီးပါတယ်။ သူတို့ကတော့ သူတို့ လုပ်မှာဘဲပေါ့လေ။ အဓိကအရေးကြီးတာက လူထုတွေအတွက် တည်ငြိမ်မှု့မရှိတဲ့ ရွေးကောက်ပွဲ ရင်တထိတ်ထိတ်နဲ့ လုပ်ရမယ့် ရွေးကောက်ပွဲလို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲ့ဒီတော့ ဘယ်လို ရွေးကောက်ပွဲမျိုး ဖြစ်လာပါမလဲ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။

ဖြေ ။ ။ ‌ရွေးကောက်ပွဲ လုပ်တာကတော့ တကယ်တမ်းတော့ ရွေးကောက်ပွဲမှာ အဓိကအားဖြင့်တော့ Representation ပေါ့။ လူထုရဲ့ ကိုယ်စားပြုမှု ဘယ်လောက် ကိုယ်စားပြုနိုင်မလဲဆိုတာ အရေးကြီးပါတယ်။ အခုက တနိုင်ငံလုံးမှာ မလုပ်နိုင်ဘူး။ နောက်ပြီးတော့ သူတို့ပါတီ တော်တော်များများကိုလည်း သူတို့က ပိတ်ပင်ထားတယ်။ လူထုကိုယ်စားပြုမှု အများဆုံးရနိုင်မယ့် ပါတီကြီးတွေ - ဥပမာ NLD တို့ ဘာတို့ဆို လုံးဝကို ရပ်တည်ခွင့် မရှိတော့ဘူး။ ပိတ်လိုက်တယ်။ နောက်ပြီး တတိုင်းပြည်လုံးမှာ ယှဥ်ပြိုင်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကလည်း များတယ်။ ရန်ပုံ‌‌‌ငွေ ဘယ်လောက် ပြနိုင်ရမယ်၊ မြို့နယ်ပေါင်း ဘယ်လောက်မှာ ရုံးဖွင့်နိုင်ရမယ် ဆိုပြီးမှ တတိုင်းပြည်လုံးလည်း လုပ်ရမယ် ပြောတယ်။ တိုင်းနဲ့ပြည်နယ်မှာလည်း အဲဒီလိုမျိုး ကန့်သတ်ထားတယ်ဆိုတော့၊ လူထုက တကယ် သူတို့ကို ကိုယ်စားပြုမယ့် ပါတီကို သူတို့ မရှိနိုင်တော့ဘူးပေါ့။ အဲ့ဒီတော့ ကိုယ်စားပြုမှုနည်းတဲ့ အခြေအနေ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ လူထုရဲ့ Choice of Voting ဘယ်သူ့ကို ရွေးရမှာလဲဆိုတာက သူတို့ပဲ ရှိနေသလို ဖြစ်နေပြီ။ အဲဒီတော့ Voter ရဲ့ Choice ကလည်း မှန်မှန်ကန်ကန် လုပ်နိုင်ခွင့် မရှိဘူး။ အဲဒါလည်း မလုပ်နိုင်ဘူး။ နောက်တခုကတော့ Accountability ဘယ်လောက် ခိုင်လုံစိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်မလဲ။ လွတ်လပ်ပြီး တရားမျှတမှု ရှိမလားဆိုတာကတော့ ဘယ်လိုမှ မရှိနိုင်ဘူး။ အခုနကပြောသလို မဖြစ်မနေ သူတို့ ထွက်ပေါက်ဆိုတာထက် သူတို့ရဲ့ လှည့်ကွက်အနေနဲ့ အသုံးပြုမယ့် ရွေးကောက်ပွဲမှာ Accountability ဆိုတဲ့ ခိုင်လုံစိတ်ချမှုလည်း ရှိနိုင်လိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။

မေး ။ ။ နောက်တခု သိချင်တာက ဒီရွေးကောက်ပွဲက တိုင်းပြည်အတွက် ကောင်းကျိုးတစုံတရာ ရှိလာနိုင်မလား။ တည်ငြိမ် လာနိုင်မလား။ ပုံမှန် အခြေအနေဘက်ကို ဦးတည်လာနိုင်မလား။

ဖြေ ။ ။ တိုင်းပြည်အတွက်တော့ မပြောနိုင်ဘူး၊ ဒါပေမဲ့ သူတို့ လုပ်တာကတော့ Regime Statbility အဲ့ဒါမျိုးတွေ အဓိကလုပ်တယ်။ ကမ္ဘ့ာနိုင်ငံ တော်တော်များများမှာလည်း ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ အာဏာရှင်နိုင်ငံတွေ အဲဒီလိုပဲ အသွင်ပြောင်းထားတဲ့ နိုင်ငံတွေ၊ ဒီမိုက‌ရေစီ မျက်နှာဖုံး တပ်ထားတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း ရွေးကောက်ပွဲတွေ အများကြီး လုပ်ကြတယ်။ အဲဒါကို ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီရွေးကောက်ပွဲ လုပ်တာဟာ တိုင်းပြည်တည်ငြိမ်ဖို့ပဲ အဓိက Regime ရဲ့ အုပ်ချုပ်ရေးအဖွဲ့ Legitimacy ကို သူတို့ ရယူချင်းဖြစ်တယ်။ တနည်းအားဖြင့် ဆိုဗီယက်ပြည်ထောင်စု လက်အောက်က လွတ်မြောက်ပြီးကတည်းက Kyrgyzstan ဆိုတဲ့ အာရှအလယ်ပိုင်း နိုင်ငံတွေမှာဆိုရင် နှစ်ပေါင်း (၅၀)‌ လောက်ရှိပြီ အဲဒီတစ်ပါတီကပဲ သူတို့ ရွေးကောက်ပွဲဆိုတာ သူတို့က လုပ်လိုက်တာပဲ။ သူတို့က ဒါကိုပြပြီးတော့ တက်တက်လာကြတယ်။ အဲဒီလိုပဲ တခြား အာဖရိကမှာလည်း အဲဒီလိုနိုင်ငံတွေ။ နောက် လက်တင်အမေရိကမှာလည်း အဲဒီလိုနိုင်ငံတွေ အများကြီး ရှိပါတယ်။ ဒါက လုပ်နေကြတယ်။ သို့သော်လည်း သူတို့ကတော့ အုပ်ချုပ်သူရဲ့ အုပ်ချုပ်သူအဖွဲ့အစည်းရဲ့ တရားဝင် ဖြစ်ဖို့အတွက် အကြောင်းပြပြီးလုပ်တာ ဖြစ်တယ်။ တချို့လည်းပဲ ဆက်လက်ပြီးတော့ ဖြစ်နေကြတာပဲ။

ဆိုတော့ မြန်မာနိုင်ငံမှာလည်း အဓိကကတော့ ဒီလို ရည်ရွယ်ချက်နဲ့ လုပ်တာပါပဲ။ သူတို့ Legitimacy ရမယ်။ သူတို့က Legitimacy ရဖို့ မမျှော်လင့်တာတောင်မှ သူတို့ အသွင်တမျိုးနဲ့ မျက်လှည့်ပြပြီးတော့ ကျနော်တို့ မဟုတ်တော့ပါဘူး။ ဒါဟာ လူထုကိုယ်စားပြုတဲ့ အစိုးရ တက်လာပါပြီဆိုတာမျိုး လုပ်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဘယ်လောက်ပေါက်မြောက်မလဲ မသိနိုင်ပါဘူး။ ဒါပေမဲ့ တိုင်ပြည်အတွက် အကျိုးကျေးဇူး တစုံတရာ ရှိလာမလား ဆိုရင်တော့၊ တကယ်လို့သာ အသွင်ပြောင်းပေးလိုက်တဲ့ အစိုးရ သူတို့ မျက်နှာဖုံးလွှဲပေးလိုက်တဲ့အ အစိုးရသည် အခုစစ်ကောင်စီရဲ့ သဘောထားထက် ပျော့ပြောင်းတဲ့ သဘောထားရှိ လာမယ်ဆိုရင်တော့ ဒါ တမျိုးတမည်ပေါ့လေ။ အခြေအနေဟာ အပြုသဘောကို ရွေ့ကောင်းရွေ့မယ်လို့ တချို့ကလည်း သုံးသပ်ကြပါတယ်။ ဘာလို့ဆိုတော့ နိုင်ငံရေး အပြောင်းအလဲဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းမှာသာ ရှိတယ်။ ပြည်ပက ဖိအားတို့ တိုက်နေတာထက်၊ ပြည်တွင်းက ပြောင်းလဲရမယ်ဆိုပြီးတော့ ယုံကြည်တဲ့ သူတချို့လည်း ရှိတယ်။ အဲဒီလို ဖြစ်လာရင်တော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ အဓိက ယေဘူကျအားဖြင့် ကြည့်ရင်တော့ အလားအလာ မကောင်းဘူးလို့ ဆိုရမှာပါ။

မေး ။ ။ အဲဒီတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သဘောထားကပါရော ဒီရွေးကောက်ပွဲကို လက်ခံပါ့မလား။

ဖြေ ။ ။ နိုင်ငံတကာကို အဓိကပြောရမှာက မြန်မာပြည်သူတွေ အကျိုးအတွက် မစဥ်းစားဘူး။ သူတို့ အကျိုးအတွက် စဥ်းစားမှာပေါ့။ ဥပမာ တရုတ် ဆိုကြပါတော့ သူက အားပေးတယ်။ အဓိက အားပေးတယ်။ နောက်ပြီး သူကရွေးကောက်ပွဲအတွက် မဲဆန္ဒ သန်ခေါင်စာရင်း ကောက်တာတွေလည်း အားပေးတယ်။ အကုန်လုံး အားပေးတယ်။ ဒါကတော့ ပြောထားပြီး ဖြစ်တယ်။ အဓိကအားဖြင့် သူတို့က လုံးဝစီးပွားရေး၊ သူတို့ အကျိုးစီးပွားရေး ရှေ့တိုးလို့မရ ဖြစ်နေပြီဆိုတော့၊ သူတို့ အကျိုးစီးပွား သူတို့ ရင်နှိးမြှုပ်နှံမှု၊ သူတို့ လိုသလို ဖြတ်သန်းချယ်လှယ်ခွင့်ရဖို့ အရေးကြီးတယ်။ အဲဒါကြောင့် နည်းနည်းတည်ငြိမ်မှုရအောင် သူက လုပ်ပေးမယ့်သဘော ဖြစ်ပါတယ်။ ဆိုတော့ ကျန်တဲ့နိုင်ငံတွေလည်း ထိုနည်းလည်းကောင်းပဲ တွေ့ရမှာပါ။ ကျနော် စောစောက ပြောခဲ့တဲ့ ကမ္ဘာ့အာဏာရှင်နိုင်ငံတွေ သူတို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တရားဖြစ်မှုအတွက်၊ ရွေးကောက်ပွဲ ကျင်းပပြတယ်ဆိုတာကို တချို့နိုင်ငံတွေက အသိအမှတ်ပြုတယ်။ ဘာကြောင့် အသိအမှတ်ပြုလဲဆိုတော့ သူတို့က စီးပွားရေးအားဖြင့် ရင်းနှိးမြှုပ်နှံချင်တာတွေ ဆက်သွယ်ချင်တာတွေ၊ သူ့အုပ်စု ကိုယ့်အုပ်စု ထည့်ချင်တာတွေအတွက် အကြောင်းပြလို့ ရသွားတာပေါ့ -- ဒီလူတွေက အာဏာရှင် မဟုတ်ဘူး။ သူတို့ဆီမှာ ရွေးကောက်ပွဲ လုပ်တယ်ဆိုပြီးတော့ ပြောပြကြမှာပဲ။ ဆိုတော့ အဲ့လိုပုံစံမျိုးနဲ့ အကြောင်းပြပြီးတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ လုပ်လာမယ့် ရွေးကောက်ပွဲကိုလည်း အလားတူစွာပဲ သူတို့ အကျိုးအတွက် အသုံးချချင်တဲ့ နိုင်ငံတွေကတော့ လက်ခံကြမှာပဲ။ ဥပမာ - အာဆီယံ ဆိုကြပါစို့ တချို့နိုင်ငံတွေကတော့ အိုကေ ဒီလောက်ဆိုရင် မဆိုးပါဘူး ကောင်းပါတယ်ဆိုပြီးတော့ အကောင်းပြောကြမှာပဲ။ ဒါပေမဲ့ အာဆီယံ တခုလုံး လွှမ်းခြုံပြီးတော့ လုံးဝထောက်ခံတယ်ဆိုပြီးတော့ ပြောလာဖို့က ခဲယဥ်းပါတယ်။ သူတို့က Joint Communique လို့ခေါ်တဲ့ စုပေါင်းသဘောတူညီချက်တွေ ထုတ်တဲ့အခါမှာ အမျိုးမျိုး ကွဲလွဲတတ်ပါတယ်။ အနောက်နိုင်ငံတွေကတော့ တော်တော်နဲ့ ယုံကြည်ဖို့ ခက်ပါလိမ့်မယ်။ - ဒီရွေးကောက်ပွဲကို။ ရင်းနှီးမြှုပ်နှံတဲ့ထိတော့ သူတို့လုပ်မှာ မဟုတ်ပါဘူး။ သို့သော်လည်းပဲ လောလောဆယ် တည်ငြိမ်မှု ရလာတယ်ဆိုရင်လည်း သူတို့ စောင့်ကြည့်ပြီးတော့၊ ဒီကတဆင့် ပြောင်းလဲနိုင်မယ့် နောက်ပိုင်း ဘယ်လို ဖြစ်လာမလဲဆိုပြီး စောင့်မျှော်ပြီးတော့ ကြည့်ကောင်းကြည့်ကြ လိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ တဘက်မှာ နိုင်ငံလုံးမှာလည်း တိုက်ပွဲတွေက ဖြစ်နေပါတယ်။ လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတဲ့ သူတွေလည်း ရှိတယ်။ နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ရှိတယ်။ သူတို့ကို အပြီးသတ်ချေမှုန်းဖို့အတွက် စစ်တပ်ကို တရုတ်ဘက်ကနေပြီးတော့ ကူညီပေးနိုင်ချေကော ရှိလား။

ဖြေ ။ ။ ကျနော် မထင်ပါဘူး။ တရုတ်က တိုင်းရင်းသားအင်အားစုတွေကို ဒဲ့ဒိုးပြောရရင် သူ မွေးထားတာ အများကြီးပဲ။ ဘာကြောင့် မွေးထားတာလဲဆိုရင် သူတို့က စစ်ကောင်စီဖြစ်ဖြစ် ဘယ်အစိုးရဖြစ်ဖြစ် တက်လာတဲ့ အစိုးရမှာ အဖိအဖော့ ကစားလို့ရအောင် ဖြစ်တယ်။ ‌နောက်ပြီးတော့ အဲဒီ အစိုးရကို အဖိအဖော့ ဘယ်နေရာမှာ ကစားချင်လဲဆိုရင် သူ့အခွင့်အရေးအတွက်အပြင် နိုင်ငံတကာဆက်ဆံရေးမှာ ဒီအစိုးရဟာ ဘယ်ဘက်ယိမ်းသွားမလား။ ဘာညာဆိုတာကိုလည်း သူတို့ ကြည့်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အဖိအဖော့ လုပ်မယ်ဆိုတာ သေချာပါတယ်။ ဆိုတော့ ဒီလိုပဲ စစ်ကောင်စီကို အဖိအဖော့ လုပ်နိုင်မယ့် သူရဲ့ Leverage ပေါ့လေ။ အဲဒါြဖစ်နေတော့ တိုင်းရင်းသားအင်အားစုအားလုံး မဟုတ်တောင်မှ၊ တချို့တဝက်ကို သူတို့ တည်ရှိစေချင်လိမ့်မယ် ထင်ပါတယ် တရုတ်ဘက်ကတော့။ စစ်ကောင်စီကိုတော့ သာမန်အုပ်ချုပ်လို့ရတဲ့ထိ မင်းတို့ မျက်နှာ သစ်ပြီးတော့ ပုံစံတမျိုးနဲ့ အုပ်ချုပ်။ ငါတို့ ဒီဟာကိုလည်း ကြည့်ထားမယ်ဆိုတဲ့ သဘောသာ ဖြစ်မယ်လို့ ထင်ပါတယ် တရုတ်ရဲ့ သဘောကတော့။

မေး ။ ။ အဲဒီတော့ ဒီရွေးကောက်ပွဲကနေပြီးတော့ အခြေအနေတွေက အကောင်းဘက်ကို ဦးတည်လာနိုင်မလား။ မြန်မာနိုင်ငံရဲ့ အနာဂတ်က ဘယ်လိုပြောရပါမလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ အနာဂတ်က တိုင်းရင်းသား ကျန်တဲ့ တော်လှန်ရေးအင်အားစုတွေ လက်ခံမလား။ ဒီရွေးကောက်ပွဲရလဒ်ကို အများကြီးမူတည်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ အများစု NUG တို့တွေက ထုတ်ပြန်ထားတဲ့ အဓိက ကြေညာချက်ထဲမှာတော့ သူတို့ ဆွေးနွေးချင်တယ်။ သို့သော် စစ်တပ်သည် နိုင်ငံရေးထဲက လုံးဝထွက်သွားတဲ့ အခြေအနေကို သူတို့ လုံးဝလိုချင်တယ်။ စစ်တပ်က နိုင်ငံရေးက လုံးဝထွက်သွားပြီးတော့၊ တက်လာတဲ့ အရပ်သားအစိုးရကို လုံးဝလွှဲခဲ့မယ်ဆိုရင် ဆွေးနွေးမယ်။ သူတို့က အဆင်သင့်ပဲ။ သို့သော် အဲဒီလို မဟုတ်ဘဲနဲ့၊ သူတို့ မျက်နှာဖုံးစွပ်ပြီးတော့ စစ်တပ်ကပဲ ချယ်လှယ်နေပြီးတော့ သူတို့အကျိုးအတွက်သာ အဓီကထားပြီးလုပ်နေမယ်ဆိုရင်တော့ သူတို့လက်ခံလိမ့်မည် မဟုတ်ပါဘူး၊ ထိုနည်းတူစွာပဲ တိုင်းရင်းသားအင်အားစုတွေအားလုံးနဲ့ PDF တွေ အကုန်လုံးဟာ သူတို့ စတေးထားရတာ၊ သူတို့ ရင်းနှီးထားရတာ၊ ဒီအဆင့်ထိရောက်ဖို့အတွက် တော်တော်လေးကို ခက်ခက်ခဲခဲ လုပ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီဟာကို လွယ်လင့်တကူ သဘောတူပြီးတော့၊ မင်းတို့ ရွေးကောက်ပွဲ လုပ်လိုက်တော့ ငါတို့ သဘောတူပြီကွာ ကျေနပ်ပါပြီကွာ ဆိုပြီးတော့ လုပ်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမဲ့ တချို့ စီးပွားရေး လုပ်တဲ့သူတွေကလည်း နိုင်ငံရေးအခြေအနေ တည်ငြိမ်မှ၊ သူတို့ စီးပွားရေး ပြန်လည်ရှင်သန်လာမယ် ဖြစ်ပါတယ်။ ဆိုတော့ တိုင်းပြည်အခြေအနေ ပြန်လည်ကောင်းမွန်လာမလား ဆိုတာကတော့ သိပ်ပြီးတော့ ပြောရခက်ပါတယ်။ သို့ပေမဲ့ ကျန်းမာရေးတို့၊ ပညာရေးတို့ကိစ္စအတွက်တွေက တည်ငြိမ်မှု ရှိလာမလား။ အဲဒီလောက်ပဲ ဖြစ်ရင်ကောင်းမယ်လို့၊ ဖြစ်ပါစေလို့ ဆုတောင်းရမယ့် အခြေအနေပါ။ တတိုင်းပြည်လုံးအတွက် ငြိမ်းချမ်းတဲ့ အခြေအနေ ၊ ပုံမှန်အခြေအနေ ပြန်ဖြစ်လာဖို့ဆိုတာ သိပ်မျှော်လင့်လို့ မရဘူးလို့ ဆိုရမှာပါ။

မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင့်။ အခုလို ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG