သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်စွန့် ဆွေးနွေးဖို့ စစ်ကောင်စီအကြီးအကဲ ပြောဆိုချက် AA အဖွဲ့ တုံ့ပြန်


ရခိုင် အာရက္ခတပ်တော် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ (သြဂုတ်လ ၁၁၊ ၂၀၂၂)
ရခိုင် အာရက္ခတပ်တော် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ (သြဂုတ်လ ၁၁၊ ၂၀၂၂)

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ပြီး ဆွေးနွေးညှိနှိုင်းဖို့ စစ်ကောင်စီအကြီးအကဲကပြောတာကို အာရက္ခတပ်တော် AA အဖွဲ့က ပယ်ချလိုက်ပါတယ်။ "အကြမ်းဖက်မှုတွေကိုရပ်၊ လက်နက်စွန့်ပြီး ပြည်သူကိုဝန်ချတောင်းပန်ရမှာက စစ်ကောင်စီသာ ဖြစ်တယ်" လို့လည်း တုံ့ပြန်ခဲ့တာပါ။ ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ကောင်စီအကြီးအကဲရဲ့ပြောဆိုချက်အပေါ် AA ပြောခွင့်ရရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် AA အပါအဝင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ မိမိတို့ရဲ့ လိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုလို့ မရနိုင်တာကြောင့် လက်နက်စွန့်ပြီးတော့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ မနေ့က ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ကိုပေးပို့တဲ့သဝဏ်လွှာထဲ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားတာပါ။

အခုလို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်နက်စွန့်ပါဆိုတဲ့ တိုက်တွန်း ပြောဆိုချက်အပေါ် စစ်ကောင်စီနဲ့ လက်ရှိစစ်ရေးပဋိပက္ခတွေ ပြင်းထန်နေပြီး ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီစခန်းတွေနဲ့မြို့တွေကို ထိန်းချုပ်နေပြီဖြစ်တဲ့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခကတော့ အခုလိုတုံ့ပြန်ပါတယ်။

“လက်နက်စွန့်ရမယ်ဆိုတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ အလွန်ဂုဏ်သရေမဲ့ ပြီးတော့ မျက်နှာပြောင်တိုက် သူခိုးက လူဟစ်ဆိုသလို ပြောဆိုမှုမျိုးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တကယ်လက်နက်စွန့်ပြီးတော့ ပြည်သူတွေကို ဝန်ချတောင်းပန်ရမှာ သူတို့အကြမ်းဖက် ဖက်ဆစ် စစ်တပ်ပဲဖြစ်ပါတယ်။ ”

MNDAA၊ TNLA နဲ့ AA စတဲ့မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ တိုင်းရင်းသား လူမှုစီးပွားအခြေအနေတွေကို ပိုပြီး ဆိုးရွားစေခဲ့သလို အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ရတာကြောင့် ခေတ်အဆက်ဆက် လက်နက်ကိုင်လုပ်ငန်းစဉ်တွေဟာ လွဲမှားတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုထားပါတယ်။

အာရက္ခတပ်တော်AAဘက်ကတော့ လက်ရှိနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီကြားဖြစ်နေတာမဟုတ်ဘဲနဲ့ စစ်ကောင်စီနဲ့ မြန်မာပြည်သူတရပ်လုံး ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“အခုသူတို့ အကြမ်းဖက် စစ်တပ်ရင်ဆိုင်နေရတာဟာ ပြည်သူ တရပ်လုံးနဲ့ ဖြစ်တယ်။ ဒီစစ်ပွဲဟာ ပြည်သူနဲ့ အကြမ်းဖက်စစ်တပ်ကြားမှာ ဖြစ်နေတဲ့ စစ်ပွဲဖြစ်တယ်။ ဒါ့ကြောင့် မင်းအောင်လှိုင် ခေါင်း ဆောင်တဲ့စစ်တပ်ဟာ ပြည်သူကိုကိုယ်စားပြုတဲ့ စစ်တပ်မဟုတ်တော့ဘူး။ တိုင်းပြည်ကို ကာကွယ်နေ တဲ့ စစ်တပ်လည်းမဟုတ်တော့ဘူး။ တကယ်တော့ သူတို့ အကြမ်းဖက် ဖက်ဆက်စစ်တပ်ဟာ ဒီတိုင်း ပြည်နဲ့ လုံးဝမပတ်သက်တော့ဘူး။ ဒါ့ကြောင့်မို့လို့ သူတို့အကြမ်းဖက်စစ်တပ်ကို လက်နက်စွန့် ဖျက်သိမ်းပေးဖို့အတွက် ပြည်သူတရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းတိုက်ထုတ်နေကြတာဖြစ် တယ်။”

မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကို ပြင်းပြင်း ထန်ထန်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ တရုတ်အစိုးရရဲ့ဖိအားပေးမှုနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကူမင်းမှာ လုပ်ဆောင်နေပေမဲ့ တန်းတူညီမျှတဲ့ အဖြေပေါ်တဲ့ ဆွေးနွေးပွဲ မဖြစ်လာနိုင်ဘူးလို့ မြန်မာ့နိင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုပါတယ်။

“ကိုယ်ကတော့ လက်နက်ကြီးကိုင်ထားတယ်၊ အမြောက်တွေ ကိုင်ထားတယ်။ လေတပ်တွေ ကိုင်ထား တယ်၊ တခြားအဖွဲ့တွေကို လက်နက်ကိုင်နည်းနဲ့ မဖြေရှင်းပါနဲ့လို့ပြောလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ၊ သူက နေ့စဉ်ဗုံးကြဲနေတယ်။ ပြည်သူတွေကြားထဲကို။ နောက်ပြီးတော့ ပြည်သူတွေကို အခုက စစ်တပ်ထဲကို ပြန်ပေးဆွဲနေတယ်။ အဲအခြေအနေအောက်မှာ စစ်ရေးနည်းလမ်းမကျင့်သုံးပါနဲ့ဆိုတော့ စစ်ရေးနည်း လမ်းကို ဘယ်သူက ကျင့်သုံးနေတာလဲ။ အခုက ဘယ်သူက လက်နက်ကိုင်ပြီးတော့ ပြောနေတာလဲ။ ဆိုတော့ ဒါဟာ တန်းတူရည်တူရှိတဲ့ဆွေးနွေးပွဲဖြစ်မယ်လို့ ယူဆစရာဘာများရှိပါသလဲ။ မရှိပါဘူး။” အာရက္ခတပ်တော် AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် အောက်တိုဘာလအတွင်းက တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း တွေနဲ့ နယ်မြေတော်တော်များများကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က အသီးသီး သိမ်းပိုက်ထိန်းချုပ်ထားကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ထဲက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLAနဲ့ MNDAAကိုးကန့်တပ်တွေက တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် တဖတ်သတ်အပစ်ရပ်ထားကြတာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော် AAအနေနဲ့တော့ ဒီလအတွင်းမှာပဲ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၂ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားသလို စစ်ကောင်စီရဲ့ အဆင့်မြင့်ရာထူးအဆင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေအပါအဝင် စစ်သုံ့ပန်းရာချီကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အမ်းနဲ့ ဂွမြို့နယ်တွေကို ဆက်လက်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG