နယ်စပ် ကျူးကျော်မှုတွေ မဖြစ်အောင် ရခိုင်ဘက်ခြမ်း မောင်တောမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တက္ကနတ်ခရိုင်ထဲမှာ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ကင်းလှည့် စစ်ဆေးတာတွေ တိုးမြှင့် လုပ်ဆောင်နေတယ် ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်၊ ရေတပ်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ကမ်းရိုးတန်းစောင့်တပ်နဲ့ လက်ရွေးစင် ခြေမြန်ရဲ တပ်ဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း နယ်စပ်ဒေသတလျှောက် ဖြန့်ကျက်ချထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူး Syed Ishtiaq Morshed က ပြောကြောင်း အာရပ်နယူးစ် သတင်းဌာနက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။
“နယ်စပ်တဘက်က သေနတ်သံတွေ နေ့တိုင်းကြားနေရပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ လက်ရှိ အချိန်အထိ အာရက္ခတပ်တော် တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံတာမျိုး မရှိသေးဘူး” လို့ ဗိုလ်မှူး Morshed က ပြောပါတယ်။ “လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက AA ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို စတင်ထိန်းချုပ်ခဲ့ပြီး အခု အခါမှာတော့ နယ်စပ်တခုလုံးကို သိမ်းပိုက်လိုက်ပြီ” လို့ ဆိုပါတယ်။
“နယ်စပ်တလျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တွေနဲ့ ကင်းလှည့်တပ်ဖွဲ့ အရေအတွက် တိုးမြှင့်ထားတယ်” လို့ တက္ကတန်ခရိုင် အုပ်ချုပ်ရေမှူး Sheikh Ehsan Uddin ကလည်း အတည်ပြုပါတယ်။
ဘင်္ဂလားဒေ့ရှ် ကမ်းလွန် တက္ကနတ်နဲ့ စိန့်မာတင် ကျွန်းကြားက ရေယာဥ် သွားလာမှု အားလုံးကိုလည်း ကြာသပတေးနေ့က စတင်ပြီး ရပ်ဆိုင်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း နယ်စပ်မျဉ်း ဖြစ်တဲ့ နတ်မြစ်တလျှောက်မှာလည်း ခရီးသွားလာမှုကို ကန့်သတ်ထားပါတယ်။
AA ဘက်ကလည်း နတ်မြစ်ထဲက ရခိုင်ဘက်ခြမ်း သူတို့ အခေါ် "အာရက္ခပြည်" ရေပိုင်နက် အတွင်း ရေကြောင်းခရီးသွားလာမှု အားလုံးကို အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ် လိုက်ကြောင်း ဒီဇင်ဘာ ၈ ရက်က မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
AA က မောင်တောမြို့က စစ်ကောင်စီရဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို အပြီးသတ် သိမ်းပိုက်ပြီး မောင်တော ဒေသတခုလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်က ကြေညာခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချတာ အပါအဝင် တိုက်ပွဲ မှတ်တမ်း ဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ပါတယ်။ ကီလိုမီတာ ၂၇၀ အရှည်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တခုလုံးကို ထိန်းချုပ်ထားနိုင်ကြောင်း AA က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ရခိုင်မှာ သူတို့ တပ်စခန်းတွေ လက်လွှတ်ရတာအပေါ် တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
Forum