စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာရော နယ်မြေတည်ငြိမ်မှုမရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေဟာ ခြိမ်းခြောက်မှုပုံစံမျိုးစုံနဲ့ စစ်သားစုဆောင်းခံနေရတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အခုလိုရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းပြီး စစ်မှုထမ်းခိုင်းနေပါတယ်ဆိုပြီး သတင်းတွေထွက်နေတာဟာ အခြေအမြစ်မရှိဘူးလို့ အာရက္ခတပ်တော် AA ပြောခွင့်ရက VOA ကို ငြင်းပါတယ်။ အကြောင်းစုံ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ ရိုဟင်ဂျာစစ်သားတွေကို မွေးထုတ်ပေးရာ နေရာဖြစ်နေတယ်လို့ ရိုက်တာ သတင်းဌာနက နိုဝင်ဘာ ၂၅ ရက်နေ့ က အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ ဘင်္ဂလားဒေရှ်ထဲမှာတင် အခုလို စုဆောင်းခံနေရတာ မဟုတ်ဘဲ ရခိုင်ဘက်ခြမ်းမှာပါ ရိုဟင်ဂျာတွေဟာ ခြိမ်းခြောက်မှုပုံစံပေါင်းစုံနဲ့ ဘက်ပေါင်းစုံက လက်နက်ကိုင်တပ်တွေရဲ့ စစ်သားသစ် စုဆောင်းခံရတာ၊ စစ်ပွဲတွေအတွင်း ပစ္စည်း၊ လက်နက်တွေသယ်ဖို့ စုဆောင်းခံရတာ စတာတွေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေ စစ်သားစုဆောင်းခံရတဲ့အခြေအနေ ရိုဟင်ဂျာအရေးလှုပ်ရှားသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။
"မောင်တောမှာ ရက်ရက်စက်စက်ဖြစ်နေကြတယ်။ အဲဒီမှာရှိတဲ့ IDP Camp ကလူတွေကိုမတရားဆွဲသွားတယ်။ အေအေဖြစ်ဖြစ် စစ် တပ်ကဖြစ်ဖြစ် ARSA ဖြစ်ဖြစ် RSO ဖြစ်ဖြစ်က သူတို့လိုချင်တဲ့လူတွေကိုခေါ်သွားတယ် အဲလိုပုံစံမျိုးပေါ့ လူငယ်ပိုင်းတွေလူကြီးပိုင်းတွေမဟုတ်ဘူး။ လူငယ်ပိုင်းတွေက အေအေလက်ထဲမှာ More than 5000 အောက်မှာရှိတယ် ထိန်းချုပ်ခံထားရတယ်။ ရိုဟင်ဂျာတွေက လောလောဆယ် ၂ခါခံရတယ်။ အေအေက လည်းဖမ်းခေါ်သွားတယ်။ ထမင်းမှန်မှန်မကျွေးဘူး။ ဘာညာမကျွေးဘူး။ စစ်တပ်ကျတော့လည်း သင်တန်းပေးတယ် နေရာပေးတယ် ထမင်းတော့ကျွေးတယ်။ စစ်တပ်နဲ့ရိုဟင်ဂျာစစ်ဖြစ်တော့ရိုဟင်ဂျာတွေကိုရှေ့ကိုတိုးပေးတယ်။ စစ်ဖြစ်တော့ အေအေနဲ့စုဆောင်းထားတဲ့သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေနဲ့ဖြစ်နေတဲ့ ပုံဖြစ်နေတယ်။"
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ အရက္ခတပ်တော် AA တို့တိုက်ပွဲတွေပြင်းထန်လာတဲ့နောက်ပိုင်း ၂၀၂၄ ဖေဖော်ဝါရီလောက်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာအမျိုးသားတွေ စစ်ကောင်စီ ရဲ့ စစ်သားစုဆောင်းခြင်းခံရတယ် သူတို့ကိုစစ်သင်တန်းပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ အဲလိုထွက်ပေါ်လာပြီးနောက်မှာ ခုတခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေ အခုနှစ် မတ်လနဲ့ မေလမှာ ရိုဟင်ဂျာ ဒုက္ခသည် တွေဟာ စစ်သားသစ်စုဆောင်းရာနေရာတွေဖြစ်လာတယ်လို့ ဖော်ပြလာကြတာဖြစ်ပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာ ရိုဟင်ဂျာအမျိုးသားတွေ စစ်သင်တန်းတက်နေတဲ့ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာခဲ့ချိန် မူဆလင်တွေ တပ်ထဲမှာ စစ်သားအဖြစ် စုဆောင်းတယ် ဆိုတာကိုတော့ မြန်မာစစ်ကောင်စီဘက်က ငြင်းပါတယ်။ သူတို့ ကျေးရွာတွေ နဲ့ သူတို့ ဒေသကို ကာကွယ် နိုင်ဖို့ အခြေခံ စစ်သင်တန်းပေးတာသာ ဖြစ်တယ်လို့ မြန်မာ စစ်တပ်က ဆိုထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် စစ်ကောင်စီတင်မကဘဲ AA အာရက္ခတပ်တော်ဘက်ကပါ စစ်သားစုဆောင်းနေပါတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဗွီအိုအေမြန်မာပိုင်းရဲ့ မေးမြန်းချက်ကို အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက စာနဲ့အကြောင်းပြန်ကြားပါတယ်။
"ဒီဟာတွေကတော့ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေဘဲဖြစ်တယ်။ ဘယ်အပြစ်မဲ့ပြည်သူတယောက်ကိုမှ ကျနော်တို့ မတရားဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာ မရှိပါဘူး။ သူတို့မှာ မှန်ကန်တိကျခိုင်မာတဲ့ အထောက်အထားတွေရှိရင်ပြပါ။ ကျနော်တို့ တရားရုံးတွေမှာ အချိန်မရွေး လာရောက်တရားစွဲဆိုနိုင်ပါတယ်။ တရားမျှတမှုရအောင်ကျနော်တို့လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ နောက်တခုပြောလိုတာကတော့ ကျနော်တို့ အဖွဲ့အစည်းကို မနာလိုမရှုစိမ့်ဖြစ်နေတဲ့ ပြည်ပအခြေစိုက် တက်ကြွလှုပ်ရှားသူအမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းကသူတချို့ဟာ ကျနော်တို့အဖွဲ့အစည်းအပေါ်မှာ သတင်းအမှားတွေနှင့် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်တိုက်ခိုက်နေတာတွေ အများကြီးရှိနေပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာက မျက်လုံးစုံမှိတ် ထောက်ခံနေတဲ့သူတချို့လဲရှိပါတယ်။ ဒီလူတွေအားလုံးကိုသတိပေးလိုတာကတော့ ဒီလိုမဟုတ်မမှန်လုပ်ကြံပြီးတော့ တဖက်သတ်စွပ်စွဲတိုက်ခိုက်နေတာတွေဟာ ရေရှည်ပြဿနာဖြေရှင်းရေး၊ သဟဇာတဖြစ်ရေး နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အထောက်အကူမပြုနိုင်ပါဘူး ဆိုတာပါဘဲ။"
စစ်သားစုဆောင်းခံရတဲ့ ရိုဟင်ဂျာတချို့က အတင်းအဓမ္မစုဆောင်းခံရတာဖြစ်သလို တချို့တွေကတော့ ဖိနှိပ်မှုတွေကိုတွန်းလှန်ဖို့အပါအဝင် ပုံစံမျိုးစုံနဲ့လက်နက်ကိုင်တပ်တွေထဲ ဝင်နေကြတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတဦးကပြောပြပါတယ်။
"တချို့လူတွေကဟိုဘက်မှာစစ်တပ်ကစစ်သားစုဆောင်းခံရတဲ့လူငယ်တွေရှိတယ် အဲလူငယ်တွေကသူတို့ခံစားချက်တွေကိုသူတို့ သူငယ်ချင်းတွေသူတို့ရဲ့ဆွေးမျိုးတွေကို သူတို့ခံစားချက်တွေကိုပြောပြကြတယ်။ တချို့လူတွေက ငါတို့ကသူများဆီမှာ စစ်မှုထမ်းရမယ့်အတူတူ ငါတို့က ဘာဖြစ်လို့ ကိုယ့်လူမျိုးလွတ်မြောက်ဖို့အတွက်မလုပ်နိုင်ရမှာလဲ အဲလိုပုံစံမျိုးတွေတချို့ဟာတွေကထွက်လာတယ်။စကားတွေကလေ။ အဲလို Camp ထဲမှာ စည်းရုံးနေကြတာတော့ရှိတယ်။"
ဒီအခြေအနေတွေနဲ့ပတ်သတ်လို့ ကော့ဘဇားက ရိုဟင်ဂျာစခန်းတွေဆီ ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လုံခြုံရေးအရ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါ တယ်။ တချို့ကတော့ ဖြစ်နေတဲ့အခြေအနေတွေကို လုံခြုံရေးအရ သတင်းစကားသာပါးခဲ့ကြပါ တယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေပြီး အခုနှစ်အတွင်း အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၆၀ ထပ်မနည်း သတ်ဖြတ်ခံခဲ့ရ တယ်လို့ ဆိုပါတယ်။
သူတို့ပြောတဲ့သတင်းစကားအရ စစ်သားစုဆောင်းခံရသူတွေဟာ အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်နေတဲ့ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ (RSO) နဲ့ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) တွေဆီကို ဝင်ရောက်ကြတာလို့ လည်းဆိုပါတယ်။ အာရက္ခတပ်တော် AA ကို တိုက်နေကြတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းတွေကနေ တိုက်ခိုက်ရေး စစ်သည် ၃၀၀၀ ကနေ ၅၀၀၀ အထိ စုဆောင်းမှုတွေလုပ်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။ အခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုနဲ့ လူသစ်စုဆောင်းတာတွေ ပိုများလာတယ်လို့လည်း နီးစပ်သူတွေက ဗွီအိုအေကိုပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် စတင်ပြီး တကျော့ပြန်တိုက်ပွဲတွေစတင်လာချိန် AA ကလည်း သူစိုးမိုးဖို့ကြိုးစားနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖော်ပြီး မြို့သိမ်းတိုက်ပွဲ တွေဆင်နွှဲခဲ့ပါတယ်။ ရခိုင် မှာ စစ်ဘောင်ကျယ်လာသမျှ စစ်ကောင်စီဘက်ကကော AAဘက်ကကော စစ်တိုက်ဖို့ လူအင်အား လိုအပ်လာတာကြောင့် ရိုဟင်ဂျာတွေဟာသူတို့အတွက်ပစ်မှတ်ဖြစ်လာတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကထောက်ပြလာကြပါတယ်။
ရိုဟင်ဂျာတွေကို အတင်းအဓမ္မ နေရာပေါင်းစုံကနေ စစ်သားစုဆောင်းနေတယ် စစ်မှုထမ်းခိုင်းနေတယ် စစ်မြေပြင်မှာ လက်နက်ရိက္ခာပစ္စည်းတွ အတင်းအဓမ္မသယ်ဆောင်ခိုင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ AA ဘက်ကရော စစ်ကောင်စီဘက်ကပါ ငြင်းဆန်ထားပါတယ်။ လတ်တလောမှာတော့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်တွင်း စစ်ရေး၊နိုင်ငံရေးပြဿနာကြားမှာ ကြားညပ်နေတယ်လို့ ထောက်ပြတာတွေရှိနေပါတယ်။
Forum