သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်၊ မောင်တောဒေသ AA အဖွဲ့ ထိန်းချုပ်


ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို AA အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် အစိုးရရုံးတွေရှေ့မှာ မှတ်တမ်းဓာတ်ပုံရိုက်ပြီး AA Info Desk ဖေ့စ်ဘုတ်ပေ့ချ်မှာ တင်ထားတဲ့ပုံတချို့။​(ဒီဇင်ဘာ ၆၊ ၂၀၂၄/AA Info Desk)
ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို AA အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် အစိုးရရုံးတွေရှေ့မှာ မှတ်တမ်းဓာတ်ပုံရိုက်ပြီး AA Info Desk ဖေ့စ်ဘုတ်ပေ့ချ်မှာ တင်ထားတဲ့ပုံတချို့။​(ဒီဇင်ဘာ ၆၊ ၂၀၂၄/AA Info Desk)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းတခုကို အာရက္ခ တပ်တော် (AA) အဖွဲ့က ထိန်းချုပ်လိုက်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိတချို့ကို ဖမ်းဆီးရမိထားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မနေ့က နောက်ဆုံးလက်ကျန်စခန်းကို သိမ်းလိုက်ပြီးနောက် AA အဖွဲ့က နယ်မြေဆက်လက် ရှင်းလင်းရာမှာတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရးပဋိပက္ခ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့တခုတည်းသော လက်ကျန်စခန်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ-၅ ကို သိမ်းပိုက် ထိန်းချုပ်လိုက်ကြောင်း AA အဖွဲ့က မနေ့က ဒီဇင်ဘာလ ၈ရက်နေ့မှာ ကြေညာခဲ့ပြီး နောက်ဆက်တွဲ ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ မောင်တောဒေသက စစ်ကောင်စီတပ်စခန်းတွေကိုထိန်းချုပ်လိုက်ပေမဲ့ ဒေသတွင်းမှာ နယ်မြေရှင်းလင်းနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်းAA အဖွဲ့က ပြောပါတယ်။

တိုက်ပွဲတွေနဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ အရာရှိတချို့ အပါအဝင် တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးမိတာတွေလည်း ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဖမ်းဆီးမိသူတွေထဲမှာ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ပါဝင်တယ်လို့လည်း ရခိုင်ပြည်နယ်က စစ်ရေးစောင့်ကြည့် အကဲခတ်သူ တယောက်က ပြောပါတယ်။

“သူရိန်ထွန်းနဲ့အတူပါသွားတာက အကုန်လုံး လူပေါင်း ရှစ်ဆယ် ကိုးဆယ်လောက်တော့ ရှိမယ်။ ဒီဘက် မြစ်နားဘက်ကသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိတယ်။ အဲဒီမှာလည်း ၄၀ ဝန်းကျင်လောက် ရှိမှာ၊ အဲမှာ ဝိုင်းဝန်းပိတ်ဆို့ပြီးတော့ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်တော့ သူရိန်ထွန်းကို ၈ ရက်နေ့မှာ ဖမ်းရတယ်လို့တော့ ကြားတယ်။”

AA အဖွဲ့က ဖမ်းမိသူတွေထဲမှာ စစ်ကောင်စီအရာရှိတချို့အပြင် စစ်ကောင်စီက သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

“အရာရှိပါတာက ကျနော်သိသလောက် ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ သူရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီး တွေရယ်၊ ဗိုလ်တွေရယ်၊ နောက်တခုက သူတို့ရဲ့ တပ်ရင်းမှူးတွေ၊ တခြားကျဆုံးသွားတဲ့ တပ်ရင်းတွေက ခေါ်ယူလာတဲ့ တပ်ရင်းမှူးတွေ စတဲ့ လူကြီးပိုင်းတွေ လေးငါးယောက်ပါတယ်လို့ ကျနော်တို့ သိရတယ်။ နောက်တော့ စစ်ကောင်စီသင်တန်းပေးထားတဲ့မွတ်ဆလင်လူငယ်တွေ၊ နောက် RSO, ARSA, ARA ရယ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားပါတယ်လို့ သိရတယ်။”

စစ်အရာရှိတချို့အပါအဝင် ဖမ်းဆီးခံရမှုတွေ၊ ရခိုင်ပြည်နယ်က စစ်ရေးနောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ AA အဖွဲ့ကရော စစ်ကောင်စီကပါ လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေး ပါဘူး။ မောင်တောဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတယ် လို့လည်း ဒေသခံ စစ်ရေးအကဲခတ်က ပြောပါတယ်။

“ဗုံးကတော့ စစ်ကောင်စီက ပေ ၁၅၀- ၂၀၀ ဝန်းကျင်အထိသွားနိုင်တဲ့ ပေါင် ၁,၀၀၀ ဗုံးတွေ၊ ပေါင် ၅၀၀ ဗုံးတွေကိုတော့အဆက်မပြတ် ဒီ Y12 တို့ Y8 တို့နဲ့ လာကြဲတယ်။”

AA အဖွဲ့ကတော့ စစ်ကောင်စီတပ်ဖွဲ့တွေအပြင် အတူပူးပေါင်း တိုက်ခိုက်နေတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် နတ်မြစ်ထဲမှာ အများပြည်သူ ရေကြောင်းသွားလာမှုတွေကို တားမြစ်လိုက်ကြောင်းလည်း မနေ့တုန်းက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ တချိန်တည်းမှာပဲ AAအဖွဲ့က အမ်း၊ တောင်ကုတ်နဲ့ဂွမြို့နယ်တွေမှာ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

အမ်းမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ ဌာနဆိုင်ရာ ရုံးတွေ အားလုံးကို AAဘက်က သိမ်းပိုက်ထားနိုင်ပြီး တခုတည်းကျန်ရှိနေသေးတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာပါ။

လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေတဲ့အပေါ် စိုးရိမ်နေကြရပါတယ်။ အထူးသဖြင့် ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းတဲ့စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာ အခုနောက်ထပ် အဆိုးဆုံး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG