သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

ရက္ခိုင့်တပ်တော် AAနဲ့ စစ်ကောင်စီကြား ရခိုင်ပြည်နယ်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်နေတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုငြိမ်းချမ်း ပြောပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေ အားလုံးနဲ့ ရဲစခန်းတွေကို သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ အဲဒီမြို့နယ်တွေမှာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မနေ့ညကလည်း AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်က နေရာတချို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲခဲ့ တာကြောင့် ပိုက်သည်ရပ်ကွက်က ဒေသခံ ရဦးထက်မနည်းသေဆုံးပြီး ၁ဝဦးထက်မနည်း ဒဏ်ရာရရှိခဲ့ တယ်လို့ ကျောက်တော်နဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ ဒေသခံတဦးကပြောပါတယ်။

“ မနေ့ညက ကျနော်တို့ကြားတာ ကျောက်တော်မှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ်လို့ သိရတယ် အဲဒီမှာ ပိုက်သည် ရိုဟင်ဂျာရွာကို ဗုံးကျတယ်လို့ သိရတယ်။ အဲဒီမှာ ကျနော်တို့ ကြားတာက ၆ ယောက်လား ၇ ယောက်လားမသိဘူး ကလေးတွေလည်း ပါတယ်လို့ပြောတယ် သေကြတယ်ပေါ့နော်၊ ၉ယောက် ၁ဝယောက်က ဒဏ်ရာရတယ်လို့ သိရတယ်။”

ဒါ့အပြင် AAထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီရေတပ်က လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်ခတ်နေတာရှိသလို ကျားရှည်ပြင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ သွားတယ်လို့ ရက္ခိုင့်တပ်တော်AAရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင်ပေါက်တောမြို့နယ်က ကျေးရွာတချို့ကိုလည်း စစ်ကောင်စီရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မင်းပြားမှာတော့ နေဗီနှစ်စီးကျန်ခဲ့တာ အဲဒီနှစ်စီးက ကျားချေပြင်ကျေးရွာကို တက်ပြီးတော့ မီးတက်ရှို့တာပေါ့နော်၊ ပြီးတော့ လက်နက်ကြီးနဲ့ တောက်လျောက်ပစ်တယ်၊ ပေါက်တောမြို့နယ်က ကျေးရွာတချို့ကိုလည်း လက်နက်ကြီးတွေ ကျတယ်လို့ သိရတယ် ဒါပေမယ့် ဒေသခံတွေ ထိခိုက်တာ ရှိတယ်လို့တော့ မကြားသေးဘူးဗျာ။”

၂၀၂၄၊ ဖေဖော်ဝါရီလ (၄/၅/၆) မှာ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းတွေနဲ့ ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး သိမ်းဆည်းခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များ။ (Photo: AA Info Desk)
၂၀၂၄၊ ဖေဖော်ဝါရီလ (၄/၅/၆) မှာ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းတွေနဲ့ ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး သိမ်းဆည်းခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များ။ (Photo: AA Info Desk)

ဒါ့အပြင် ရခိုင်တောင်ပိုင်းက ကျောက်ဖြူမြို့နယ် ကုလာဘာ ကျေးရွာအနီးမှာလည်း ဒီကနေ့ မနက်ပိုင်းက နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ကုလာဘာကျေးရွာ ဒေသခံတဦးကပြောပါတယ်။

“ တိုက်ပွဲဖြစ်တာကတော့ ကုလဘာကျေးရွာအနီး ငှက်ပျောချောင်းရွာနားမှာ ဖြစ်တာ ၈နာရီ၂၀ လောက်က ဖြစ်မယ်ထင်တယ် တို်က်ပွဲကတော့ ပထမ တကြိမ်က ၁ဝမိနစ် လောက်ဖြစ်မယ်၊ ပြီးတော့ နောက်ထပ်လက်နက်ငယ်နဲ့ နည်းနည်းပစ်တာရယ်၊ တိုက်ပွဲက တော့ နည်နည်းပဲ ဒါပေမယ့် တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ယမ်းပစ် တာပေါ့၊ ၃၂တပ်ရင်းက ပစ်တယ်၊ နောက်ပြီးတော့ ဒီကျောက်တလုံးတောင်တန်းမှာ တည်ထားတဲ့ လက်နက်ကြီးစခန်းက လှမ်းပစ်တာ၊ အချက်ပေါင်း ၂ဝကျော်လောက်ပစ်တယ်၊ လက်နက်ကြီးတွေ ရွာအနီးအနားကို ကျတာတော့ရှိတယ် ဒါပေမယ့် လူတွေ ထိခိုက်ဒဏ် ရာရတာတော့မရှိဘူး ပစ်တဲ့အချိန် လူတွေ အကုန်လုံးက ဗုံးခိုကျင်းထဲ ဝင်နေကြတာကြောင့်ပါ။”

အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ကုလာဘာကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ ဒီလိုမျိုး မိသားစုအသိုင်းအဝိုင်းရှိတဲ့နေရာတွေကို ကားတို့ ထော်လာဂျီတို့နဲ့ ထွက်ခွာသွား နေကြတာရှိတယ်၊ တချို့လည်းရှိသေးတယ်။”

လက်ရှိအချိန်ထိလည်း အဲဒီကုလဘာကျေးရွာအနီး ငှက်ပျော်ချောင်းနားမှာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ကုလဘာကျေးရွာဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်AA ကြားတိုက်ပွဲတွေ စတင်ခဲ့တဲ့နေ့ကစပြီး ဒီကနေ့ အထိ တိုက်ပွဲတွေပြင်းထန်နေတာပါ။လက်ရှိမှာတော့ AAတပ်က စစ်ကောင်စီ တပ်စခန်းတော်တော်များများကို သိမ်းပိုက်ထားနိုင်သလို ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပေါက်တောအပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့နယ်အထိ သိမ်းပိုက် ထားနိုင်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြေပုံမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း မနေ့ကစတင်ပြီး မြို့ကိုစွန့်ခွာသွားကြတယ်လို့ ဒေသခံတေက ပြောဆိုကြပါတယ်။

ရသေ့တောင် မောင်တောနဲ့ အမ်းမြို့နယ်က နယ်ရာတချို့မှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိသလို ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော်AAရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG