သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ-AA တိုက်ပွဲနဲ့ ဒုက္ခသည် အခြေအနေ


ချင်းပြည်နယ် ပလက်ဝမြို့ (photo: C J)
ချင်းပြည်နယ် ပလက်ဝမြို့ (photo: C J)

စစ်ကောင်စီ-AA တိုက်ပွဲနဲ့ ဒုက္ခသည် အခြေအနေ

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားမှုတွေကြောင့် ချင်းပြည်နယ် ပလက်ဝဒေသက ထွက်ပြေးလာရတဲ့စစ်ဘေး ဒုက္ခသည် ၂သောင်းကျော် စားနပ်ရိက္ခာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကူညီကယ်ဆယ်ရေးလုပ် ပေးနေသူတွေကပြောပါတယ်။ နယ်မြေနီးစပ်တဲ့ ရခိုင်ဒေသတွင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီး မင်းပြားဘက်မှာဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်လို့ နီးစပ်ရာမြို့ခံတွေ ဘက်ကပြောပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့လာတာကို အလိမ္မာကပြောပြမှာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်လောက်ထဲကစပြီး ပလက်ဝအနီးတဝိုက်မှာ စစ်ကောင်စီတပ် နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ၂ ဘက်အကြား ၂၀၁၈ ခုနှစ်ကတ ည်း ကဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကလည်းရှိနေသလို ၂၀၂၃ ခုနှစ် အတွင်းတိုက်ပွဲတွေကြောင့်လည်း ဒုက္ခသည်တွေပိုများလာတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးလွတ်ရာ ပလက်ဝအထက်ပိုင်းကို ရွှေ့ပြောင်းနေရပြီး မြို့ပေါ်မှာ လူမရှိတော့ကြောင်း၊ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေရှိနေတဲ့အပြင် စောင်၊ အနွေးထည် စတာတွေလည်း အရေးပေါ်လိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာပေါင်း ၃၀ကျော်က ဒုက္ခသည် စုစုပေါင်းဟာ လူဦးရေ ၂၀၀၀၀ကျော်ဟာ စစ်ရှောင် စခန်းတွေမှာလာရောက်တိမ်းရှောင်နေ ရပြီး အကူ အညီလိုအပ်နေတယ်လို့ချင်းပြည်ကာကွယ်ရေးတပ် CDFက ဆလိုင်း ပေါလ်က ပြောပါ တယ်။

"ဒီ ၂သောင်းကျော်ထဲမှာ ကလေးသူငယ်တွေကော သက်ကြီးရွယ်အိုတွေကောပါတယ်။ အခက်အခဲ တွေကတော့ ကျနော်တို့လက်ရှိတိမ်းရှောင်နေရတဲ့နေရာတော်တော်များများက ပလက်ဝရဲ့တော်တော် များများအဆင်မပြေတဲ့ကျေးရွာတွေ စားနပ်ရိက္ခာမဖူလုံတဲ့ ရှားပါးတဲ့ကျေးရွာတွေမှာသွားပြီးတော့မှ စစ်ရှောင်နေကြရတော့ပထမဆုံးစားနပ်ရိက္ခာကတော့ တော်တော်လေးအခက်အခဲရှိတယ်နောက်တခု က ရာသီဥတုကလည်းခက်ခဲတယ်ကြမ်းတမ်းတယ်နေတဲ့နေရာကလည်း ဖြစ်သလိုတောထဲတောင်ထဲ ကျေးရွာတွေမှာနေရတာဆိုတော့ ကျပ်ကျပ်တည်းတည်းနေရတယ် အမိူးအကာမရှိတော့ကျန်းမာရေး စောင့်ရှောက်မှုကအင်မတန်မှ အခက်အခဲရှိတယ်။ စားနပ်ရိက္ခာ၊ကျန်းမာရေးစောင့်ရှောက်မှု တတိယ ကရေရှည်သူတို့ကိုဘယ်လိုမျိုးထားပေးရမလဲဆိုတဲ့ ဟာ။ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲ‌ေပါ့။"

လတ်တလောမှာ ပလက်ဝ က စစ်ကောင်စီရဲ့ အခိုင်အမာစခန်းတွေဖြစ်တဲ့ တရွန်အိုင် နဲ့ နှုံးဘူးဗျူ ဟာကုန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ အေအေဘက်က သိမ်းနိုင်ခဲ့ပြီးနောက်ပိုင်း ပလက်ဝ ဒေသတခုလုံးကို စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေဖြစ်အောင်လုပ်မယ်လို့ ရက္ခိုင့်တပ်တော်က ထုတ် ပြန် ထားပါတယ်။ပလက်ဝမြို့ဝန်းကျင်က စစ်ကောင်စီစခန်းတွေနဲ့ ပလက်ဝ-ကျောက်တော် အစပ်က မီးဝဗျူဟာတို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့ နီးစပ်ရာကျေးရွာဒေသခံတွေဘက်က ပြောပါ တယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ပြည်သူသောင်းနဲ့ချီပြီး ထွက်ပြေးနေရတာပါ။

ရခိုင်ပြည်နယ်ဘက်မှာဆိုရင်လည်း ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ ပေါက်တော၊ ရမ်းဗြဲမြို့ စတဲ့ဒေသတွေမှာ ရေကြောင်းကုန်းကြောင်း ၂ဖက်ထိတွေ့တိုက်ခိုက်မှုတွေရှိနေတယ်လို့ အေအေဘက်က ထုတ်ပြန်ထားပါ တယ်။ အဲဒီဒေသတွေကို ဗွီအိုအေဘက်က ဆက်သွယ်ပေမယ့် မရပါဘူး။ တိုက်ပွဲပြင်းထန်နေတဲ့ မင်းပြား၊ ရမ်းဗြဲ စတဲ့နေရာတွေမှာဖုန်းလိုင်းတွေဆက်သွယ်မရဘဲ ဖြတ်တောက်ခံထားရပါတယ်။

မင်းပြားနဲ့မိုင် ၂၀လောက်သာဝေးတဲ့ မြေပုံမြို့နယ်ဘက်မှာတော့ တိုက်ပွဲကူးစက်နိုင်တယ်ဆိုတဲ့ သတင်း တွေကြောင့်ဒေသခံတချို့ပြောင်းရွှေ့တာတွေရှိနေတယ်လို့ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦး ဖေသန်းကပြောပါတယ်။ ရခိုင်ပြည်နယ် တော်တော်များများ စစ်မီးတောက်နေသလို တိုက်ပွဲဖြစ်ရာ ဒေသခံတွေတော်တော်များများထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ မင်းပြားနဲ့ရမ်းဗြဲဘက်က စစ်ဘေးရှောင်အခြေအနေတွေကို သူသိသလောက်ခုလိုပြော ပြလာပါတယ်။

"စခန်းတွေက ရမ်းဗြဲဘက်မှာလည်းရှိတယ်။ မြေပုံဘက်မှာလည်းနည်းနည်းရှိတယ်။ အများအားဖြင့် မြို့သိမ်းတိုက်ပွဲဆိုတော့ မြို့ကလူတွေက နယ်တွေဘက်ထွက်ပြေးကြတာပေါ့ မြို့မှာကျတရက်လုပ်မှ တရက်စားရတဲ့သူတွေပါသလို ချမ်းသာတဲ့လူတွေပါတယ်။ ဆိုင်ကနားနဲ့ရောင်းတဲ့သူတွေပါတယ်။ ဆွေ မျိုးတွေနီးစပ်ရာကိုနေတာများပါတယ်။ ဒုက္ခသည်စခန်း ဖွင့်နေတာကတော့လက်လုပ်လက်စားတွေပေါ့ ဘုန်းကြီးကျောင်းတွေမှာစခန်းတွေမှာနေကြတယ်။ မင်းပြားကတော့တမြို့လုံးရှောင်သွားကြပြီ။"

မနေ့က ညီနောင် မဟာမိတ်သုံးဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့အကြား တရုတ်နိုင်ငံမှာလုပ်တဲ့ နောက်ဆုံး ဆွေးနွေးပွဲကနေ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ထားဖို့ သဘောတူလိုက်ကြပါတယ်။ ဒီသဘောတူညီ ချက်က ရှမ်းမြောက်မှာဘဲအကျုံးဝင်ပြီး ရခိုင်ဘက်မှာအကျုံးဝင်မဝင်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိ ရသေးပါဘူး။ နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ လက်ရှိတိုက်ပွဲတွေနဲ့ပတ်သတ်လို့ကော စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ သဘောတူညီချက် တွေနဲ့ပတ်သတ်လို့ သူ့အမြင်ကို အခုလို ပြောပြပါတယ်။

" သူတို့သဘောတူညီချက်က ယာယီအပစ်အခတ်ရပ်မယ့်သဘောပေါ့ အေအေပါမပါမသိဘူးပေါ့ ရှမ်း မြောက်မှာ အဓိကထား အပစ်ရပ်စဲမယ်ဆိုတဲ့သဘော။ အဲဒါအသေးစိတ်ဆွေးနွေးကြရမယ့် အချက် တွေရှိမှာပေါ့ မူလနေရာသွားပေးရမယ်ဆိုတာမျိုးကတော့ ဟိုဘက်က လက်ခံမှာမဟုတ်ဘူး အပစ်ရပ် တာကတော့ရောက်တဲ့နေရာရပ်ပေါ့။ အဲသဘောဆိုဖြစ်နိုင်တယ်။ အပစ်အခတ်ယာယီရပ်စဲပေမယ့် အဲ အပစ်အခတ်ကိုရေရှည် တည်တံ့အောင်လုပ်ဖို့ကအချိန်ယူရမယ်ထင်တာဘဲ။ ရခိုင်ပါမပါတော့မသိဘူး ရခိုင်မှာတော့စစ်ရေးက တင်းမာနေတယ်။"

လတ်တလော စစ်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၁၃ မြို့နယ်မှာ စစ်ဘေးရှောင် ၂ သိန်း ၆ သောင်းကျော် ရှိလာပြီလို့ ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရေးပူးပေါင်းအဖွဲ့က ဖော်ပြထား ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ပြည်သူ အရေအတွက် ၂ ဒသမ ၆ သန်းကျော် ရှိလာတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကထုတ်ပြန်ထားပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးဖို့ လိုအပ်ချက်များ များပြားနေပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းက စစ်ဘေးရှောင် ပြည်သူများ၏ ၂၉ ရာခိုင်နှုန်းကို သာ UN OCHA ကအကူအညီပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG