သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ပြီးနောက် ရှမ်းမြောက်မှာ စစ်ကောင်စီ ဗုံးကြဲ


TNLA တပ်ဖွဲ့ဝင်များ (Photo: PSLF/TNLA Info)
TNLA တပ်ဖွဲ့ဝင်များ (Photo: PSLF/TNLA Info)

အပစ်ရပ်ပြီးနောက် ရှမ်းမြောက်မှာ စစ်ကောင်စီ ဗုံးကြဲ

မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့နဲ့ ရှမ်းမြောက်မှာ ယာယီ အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီးနောက် “အပစ်ရပ် စတင် အသက်ဝင်တဲ့နေ့” မှာပဲ အာဏာသိမ်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က သူ့ရဲ့ တရားဝင် လူမှုကွန်ရက် VK စာမျက်နှာကနေ ဇန်နဝါရီ ၁၂ ရက် (သောကြာ) ည ၁၁ နာရီခွဲ အချိန်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ နမ့်ဆန်မြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ခဲ့ပြီး တဆက်တည်း ညနေပိုင်းမှာ နမ္မတူမြို့နယ်ထဲက မန်လီရွာကို ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်း အပါအဝင် နေအိမ်(၃)လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ်နဲ့ လားရှိုးမြို့နယ်တွေထဲမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ပြောပါတယ်။ တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးမှုနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့က ဆွေးနွေးပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ယာယီ အပစ်ရပ်ဖို့ တရားဝင် သဘောတူညီမှုရခဲ့ကြောင်း သောကြာနေ့ကပဲ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က သတင်းထုတ်ပြန်ထားတာပါ။

ညီနောင်မဟာမိတ်(၃)ဖွဲ့ ဘက်ကလည်း တတိယအကြိမ်ဆွေးနွေးပွဲ အပြီး "ဟိုင်ဂင်သဘောတူညီချက်" လို့ အမည်ပေးထားတဲ့ သဘောတူညီချက် ရကြောင်း ဇန်နဝါရီ ၁၁ ရက် (ကြာသပတေးနေ့) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ ဇန်နဝါရီလ (၁၁)ရက်၊ ညနေ (၉)နာရီ နောက်ပိုင်း စတင်ပြီး နှစ်ဘက်တပ်များ ချက်ချင်း အပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိတွေ့မှု မရှိစေရေးနဲ့ တကယ်လို့ အငြင်းပွားဖွယ်ရာနဲ့ လိုလားချက်တွေကြောင့် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရင် တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ ဖြေရှင်းဖို့ ပါဝင်ပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ဘက်ကလည်း ရှမ်းမြောက်က စစ်ကောင်စီရဲ့ စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ စတင်မလုပ်ဖို့ သဘောတူခဲ့သလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းအဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့ သဘောတူခဲ့ကြတာပါ။ အဲဒီလို သဘောတူညီခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်တာလို့ မြောက်ပိုင်းညီနောင် (၃)ဖွဲ့က အခုလို ထုတ်ပြန်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုတော့ မသိရသေးပါဘူး။

အပစ်ရပ် သဘောတူထားတဲ့အထဲမှာ မပါတဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း ဇန်နဝါရီ ၁၂ ရက် (သောကြာနေ့)မှာ နေ့လယ် (၂)နာရီဝန်းကျင်က မောင်တောမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သက်ကညှာကျေးရွာမှာ လာရောက် စစ်ဘေးရှောင်နေသူ အသက် (၂၅)နှစ်အရွယ် အမျိုးသမီး(၁)ဦးသေဆုံးခဲ့ပြီး အသက် (၁၁)နှစ်အရွယ် ယောက်ျားလေး (၁)ဦးနဲ့ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်‌့ ညီနောင်(၃)ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော် မြို့နယ်တွေမှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG