သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကြားဝင်ပေးမှုကြောင့် စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ ယာယီအပစ်ရပ်


တရုတ်နိုင်ငံ ဘေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)
တရုတ်နိုင်ငံ ဘေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့ကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပါတယ်။ တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးမှုနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ၂ ဘက် ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့က ဆွေးနွေးပြီး တရားဝင် သဘောတူညီမှုရခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning ကပြောကြားခဲ့ပါတယ်။

"ချက်ချင်း အပစ်အခတ်ရပ်စဲဖို့၊ ၂ ဘက် အငြင်းပွားမှုတွေ၊ တောင်းဆိုချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးအဖြေရှာသွားကြဖို့ ၂ ဘက်လုံးက သဘောတူညီခဲ့ကြပါတယ်။ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို ထိခိုက်အောင် မလုပ်ဖို့ ၂ ဘက်လုံးက ကတိပြုခဲ့ကြတယ်" လို့ တရုတ်နိုင်ငံခြား‌ရေးဌာန ပြောခွင့်ရ Mao Ning ကပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ ထိဆက်နေတဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲတာဟာ မြန်မာနိုင်ငံဘက်က သက်ဆိုင်သူအားလုံးအတွက် အကျိုးရှိသလို တရုတ် မြန်မာနယ်စပ် ငြိမ်းချမ်း တည်ငြိမ်ရေးကိုလည်း အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီသဘောတူညီမှုကို အားလုံးက တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ မျှော်လင့်တယ်လို့လည်း တရုတ်အစိုးရ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

ကူမင်းမြို့ဆွေးနွေးပွဲကနေ ယာယီအပစ်အခတ်ရပ်ဖို့ သဘောတူညီခဲ့ပြီး ဒီသဘောတူညီမှု ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။ တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့လည်း တရုတ်နဲ့ မြန်မာ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ၂ ဘက်တိုက်ခိုက်နေတဲ့ တပ်တွေအနေနဲ့ ရောက်နေတဲ့ နေရာမှာ ရှေ့ဆက်မတိုးဘဲ အပစ်ရပ်ဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေ တကယ်ရပ်သွားမှ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖို့အတွက် တရုတ်၊ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ ပြန်လည်ဆွေးနွေးပြီး ပြန်ဖွင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ TNLA ဘက်က VOA မြန်မာပိုင်းကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင်အဖွဲ့ ၃ ဖွဲ့ပေါင်းပြီး ၂၀၂၃ အောက်တို ၂၇ ရက်နေ့မှာ စစ်ဆင်ရေးကို စတင်ခဲ့တာပါ။ တိုင်းရင်းသားညီနောင်အဖွဲ့တွေဘက်က လောက်ကိုင်၊ ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်တူ၊ ဟိုပန် စတဲ့ မဟာဗျူဟာကျတဲ့ မြို့ပေါင်း ၁၅ မြို့ထက် မနည်းကို သိမ်းပိုက် ထိန်းချုပ်ခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို နယ်စပ်ကုန်သွယ်ရေးအတွက်အချက်အချာကျတဲ့ မြို့တွေကို ညီနောင် ၃ ဖွဲ့ဘက်က ထိန်းချုပ်နိုင်ခဲ့တာကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့သလို၊ တရုတ်နိုင်ငံဘက်ကို ကျည်တွေကျရောက်ပြီး တရုတ်နိုင်ငံသားတချို့လည်းထိခိုက် ဒဏ်ရာမှုတွေရှိတယ်လို့ တရုတ်ဘက်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG