သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ ဒေသခံ အများအပြား ဖမ်းဆီးခံရ


ယခင်မှတ်တမ်းရုပ်ပုံ | စစ်တွေမြို့နယ် ဆပ်ရိုးကျချောင်းအတွင်းရပ်နားထားတဲ့ ရေယာဉ်များ။ (ဓာတ်ပုံ-သက်နိုင်/ဗွီအိုအေ)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်တွေမြို့နယ် ဆပ်ရိုးကျချောင်းအတွင်းရပ်နားထားတဲ့ ရေယာဉ်များ။ (ဓာတ်ပုံ-သက်နိုင်/ဗွီအိုအေ)

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သား ထိခိုက်သေကျေမှုတွေ၊ ဖမ်းဆီးခံရမှုတွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလဆန်းမှာပဲ ရခိုင်ပြည်နယ်က ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ရတာတွေ ရှိတယ်လို့လည်း AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ အခုအထိ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတွေ ထိခိုက် သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေနဲ့ AA အဖွဲ့က ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ လက်လုပ်လက်စား လှေသမားတွေနဲ့ ဈေးသည်တွေ အများအပြား ပါဝင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မနေ့ကလည်း စစ်တွေမြို့နယ် ကျေးတောရွာက ဒေသခံ လှေသမားတချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦး ကပြောပါတယ်။

“မနေ့က ဆယ်နာရီကျော်ကျော်လောက်မှာ ရေခဲနဲ့ စားကုန်သောက်ကုန်တွေ ဆီတွေရော ဟိုဟာ စက်လှေတစီးနဲ့ ကျနော်တို့ ဆတ်ရိုးကျရွာက ဖမ်းသွားတဲ့ လူ ၇ ယာက်ရှိပါတယ်၊ ၇ ရက်နေ့က ကိုးရီးယားဆိပ်ကမ်းက ဖမ်းသွားတာပေါ့။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ စစ်တွေမြို့ပေါ်က ကိုးရီးယားဆိပ်ကမ်းမှာဖွင့်ထားတဲ့ ဈေးကို ဝင်ရောက်ပြီးတော့ ဈေးသည်တွေ ကုန်သည်တွေနဲ့ ဒေသခံ ၆၀ ဖမ်းဆီးသွားတယ်လို့ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၆ရက်နေ့မှာလည်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာနဲ့ သုံးဆောင်ရွာကဒေသခံ ၄ဝနီးပါးနဲ့ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်နေတဲ့ ဒေသခံတွေနဲ့ ခရီး သည် ၂ဝနီးပါးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ AAဘက်ကထုတ်ပြန် ထားတာပါ။ဒါ့ပြင် မနေ့ကလည်း အမ်းမြို့နယ်က ဒေသခံ၁ဝဦးကိုဖမ်းဆီးဖမ်းဆီးသွားတယ်လို့ AAရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုတွေ ထိခိုက်နေတာကြောင့် ဒေသတွင်းနေထိုင်သူတွေစား ဝတ်နေရေးအခက်ကြုံနေရတာပါ။ အထူးသဖြင့် ဝင်ငွေနည်းပါးသူတွေ အခက်အခဲကြုံနေကြရပြီး၊ စားဝတ်နေရေးအတွက် အလုပ်လုပ်တဲ့ အခါမှာလည်း ဖမ်းဆီးခံရတာ၊ ငွေညှစ်ခံရတာတွေ ရှိတယ်လို့လည်း စစ်တွေဒေသခံ လှေသမားတဦးက အခုလိုပြောပါတယ်။

“လက်လုပ်လက်စားသမားတွေကို သူတို့က ဖမ်းခေါ်ယူသွားတယ်၊ သူတို့က တသိန်း တောင်းရင် တသိန်းပေးရတယ်၊ နှစ်သိန်းတောင်းရင် နှစ်သိန်းပေးရတယ်၊ သူတို့ သတ်တာ ရိုက်တာကိုလည်း ကျနော်တို့ ခံရတယ်၊ ထမင်းငတ်မှာ ကြောက်လို့လုပ်နေရတာ၊ စားစရာရှိရင်တော့ အပြင်ကို တယောက်မှ မထွက်ဘူးခင်မျာ။ ဒါ့ကြောင့်မလို့ ကျနော်တို့ကို ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဆင်းရဲသားပြည်သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ ကျနော်တို့ကို နည်းနည်းလောက်ခွင့်ပြုပေးစေချင်ပါတယ်။”

ရခိုင်ပြည်နယ် အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူတဦးကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ ပြောပါတယ်။

“ကုန်သည်တွေဆီက ပါတဲ့ ငါးခြောက်တွေကို သိမ်းသွားတယ်၊ လူတွေကို ဖမ်းတယ် လမ်းထလျောက်တဲ့ လူတွေတောင်ပါသွားတယ်လို့ ကျနော်တို့ ပြောသံကြားတယ်၊ဒါတွေက မတရားဖမ်းဆီးချုပ်နှောင်မှုလို့ပြောလို့ရတယ် ဒါက လူ့အခွင့်အရေးချိုးဖောက်မှုပဲ။”

ဒေသခံတွေကို ဖမ်းဆီးမှု သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေဖက်က တစုံတရာ ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်က လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မြို့နယ်တချို့မှာ လျှပ်စစ်မီးပြတ်လပ်နေတဲ့ သတင်းတွေဟာ မမှန်ဘူးလို့ မနေ့တုန်းက ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG