သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အလယ်ပိုင်းမှာ စစ်ကောင်စီရဟတ်ယာဥ်တစင်း ပစ်ချခံရ​​​​​​​


သံတွဲအခြေစိုက် ခလရ (၅၅)တပ်ရင်းကိုသိမ်းပိုက်ပြီး တွေ့ရသည့် အာရက္ခ စစ်သည်များ။ (Photo: AA Info Desk)
သံတွဲအခြေစိုက် ခလရ (၅၅)တပ်ရင်းကိုသိမ်းပိုက်ပြီး တွေ့ရသည့် အာရက္ခ စစ်သည်များ။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့မှာ မနေ့က စစ်ကောင်စီ ရဟတ်ယာဥ်တစီးကို အာရက္ခတပ်တော် AA က ပစ်ချခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအသိုင်းအဝိုင်းက ဗွီအိုအေကိုအတည်ပြုပါတယ်။ အမ်းမြို့မှာရှိနေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ရေး AA ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် နှစ်ဘက်တိုက်ပွဲကြီးမားနေတဲ့အခြေအနေ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် AA အနေနဲ့ အမ်းမြို့နယ်က စစ်ကောင်စီတပ်စခန်း တော်တော် များများကိုသိမ်းပိုက်ထားနိုင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ လည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ အပြင်းထန်ခုခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ကတော့ စစ်ကောင်စီရဲ့သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် MI-17 တစီးကို AAဘက်က ပစ်ချနိုင်ခဲ့တယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“နိုဝင်ဘာ ၁ဝ ရက်နေ့က ပစ်တာ၊ အဲဒါ အတည်ပြုလို့ရတယ်။ ဘာဖြစ်လို့အတည်ပြုလို့ရလဲဆိုတော့ စစ်ရဟတ်ယာဉ်ကမနေ့က လာခဲ့တယ်။ အဲဒီမှာ ၄ စီးရောက်တယ်။ အဲဒီမှာ ပထမဆုံး ဆင်းတဲ့တစီးကို ပြန်တက်တဲ့အချိန်မှာ အာရက္ခတပ်တော်က ပစ်လိုက်တာ။ ပစ်တဲ့အခါ ဘယ်နေရာကို သွားထိလဲ ဆိုတော့ တောင်ပံကိုထိတာ။ အဲဒီမှာလေယာဉ်ကပြေးပေါက်ရှာပြီးတော့ တောင်ပေါ်ဘက်ကိုထိုး တတ်တာ။ ဒါပေမယ့်လည်း ပန်ကာပျက်ပြီးတော့ အောက်ကို ထိုးဆင်းသွားတယ်။ အဲဒါ အတည်ပြုလို့ ရတယ်။ နောက်တချက်က သူတို့ အတည်ပြုနိုင်တာက သေချာတဲ့မြင်ကွင်းတခုပေါ်မှာလေယာဉ်ကျသွားလို့ အတည်ပြုနိုင်တာပါ။”

အမ်းမြို့နယ်မှာရှိတဲ့ လေယာဉ်ကွင်းကို အာရက္ခတပ်တော် AA ဘက်က ထိန်းချုပ်ထားတာကြောင့် စစ်ကောာင်စီရဟတ်ယာဉ်တွေဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့ ဘောလုံးကွင်းမှာ ဆင်းပြီးတော့ လူအင်အားလက်နက်အင်အားတွေ လာရောက်ချပေးပြီး ပြန်အတက်မှာ AA ဘက်က ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အခုလို စစ်ကောင်စီရဲ့ ထောက်ပို့ရဟတ်ယာဉ်ပစ်ချခံရတာနဲ့ ပတ်သတ်ပြီးတော့ အာရက္ခတပ်တော် AA ဘက်ကတရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။

အမ်းမြို့နယ်တဝိုက် နှစ်ဘက်တိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေပြီး စစ်ကောင်စီဘက်က လူအင်အား လက်နက်အင်အားတွေ ဖြည့်တင်းနေတယ်လို့ လည်း မြို့ခံတဦးကပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ဗျာ နေ့တိုင်းလိုလိုတိုက်နေတယ်။ နောက်ပြီးတော့ လေယာဉ်နဲ့လည်း နေ့တိုင်း နေ့ရောညပါလာပြီးတော့ ပစ်နေတယ်။ မနေ့ကဆိုရင် သူတို့ တိုက်လေယာဉ်ဂျက်ဖိုက်တာ နှစ်စီးနဲ့ပစ်ခတ်ပြီးတော့ ဟတ်စကီးလေယာဉ် ၃ စီးကနေပြီးတော့မှ အပေါ်ကပစ်ခတ်ပြီး ဆင်းလာ တယ်။ သူတို့ လက်နက်အင်အား လူအင်အား လာချပေးတယ်။ ဒီနေ့လည်း သူတို့လေယာဉ်နဲ့လာပြီး တော့ပစ်နေတယ်။”

ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်ဘက်မှာတော့ စစ်ကောင်စီတပ်စခန်းတချို့ကို AA ဘက်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ကုတ်မြို့နယ်က ကိုင်းရှည်ရပ်ကွက်မှာ တိုက်ပွဲပြင်းထန်နေသလို မြို့ပေါ်က တပ်စခန်းတချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်နေတယ်လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။

“၅၄၄ တို့၊ ၃၄၆ တို့ပေါ့။ ဒီဟာတွေက အမှတ် (၅) စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စခခ (၅) လက်အောက်ခံ တပ်ရင်းတွေဖြစ်တယ်။ အဲဒီတပ်ရင်းတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်တယ်လို့တော့ ကြားတယ်။ ထိုးစစ်ဆင်တယ်လို့တော့ မကြားရသေးဘူး။ တိုက်ပွဲကတော့ အဓိက ပြန်းထန်နေတာက ကိုင်းရှည်ဘက်အခြမ်း ကိုင်းရှည်ရပ်ကွက်ထဲမှာ သူတို့ကအာလိန်ငါးဆင့်ဘုန်းကြီးကျောင်းမှာ ခံစစ်ပြင်ထားတာ။ အဲဒီကနေ သူတို့ကခံပစ်နေတာ။ အခုအဲဒီမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် အာလိန်ငါးဆင့်ဘုရားလည်း တော်တော်ပျက်စီးသွားတယ်လို့ သိရတယ်။”

စစ်ကောင်စီက တောင်ကုတ်မြို့ပေါ်နဲ့ ကျေးရွာတချို့ကို လေကြောင်းကနေဗုံးကြဲနေ တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

“အခုတောင်ကုတ်တိုက်ပွဲကတော့ မြို့ပေါ်နဲ့ အရမ်းနီးကပ်နေပြီလို့ပြောလို့ရတယ်။ မနေ့ကဆိုရင် မြို့ပေါ်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲသွားတာတွေရှိတယ်။ မနေ့က ညဘက် စစ်ကောင်စီ လေကြောင်းက ဗုံးကြဲသွားတဲ့အတွက် ကျနော်တို့ တောင်ကုတ်မြို့ထဲက မာလာမြိုင်လမ်းမှာရှိတဲ့ ဒေါ်စိန်စိန်ရဲ့ အိမ်နောက်ဘက်အဆောင်ကို ထိတယ်လို့ပြောတယ်။ မြို့ပေါ်မှာ အရပ်သား ထိခိုင်ဒဏ်ရာရတာတော့မရှိဘူး။ ဒါပေမယ့် မနေ့က ရွာတော်တော်များများကိုလည်း သူတို့ဗုံးကြဲ တယ်လို့ပြောတယ်။ ချောင်းသုံးခွရွာကိုလည်း လေကြောင်းက ဗုံးကြဲသွားတဲ့အတွက် အရပ်သား ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့သိရတယ်။ အရေအတွက်ဘယ်လောက်ဆိုတာတော့ မသိရဘူး။ ဖုန်းလိုင်းအခက်အခံကြောင့် ကိုင်းရှည်ရွာကိုလည်း မနေ့က ဗုံးကြဲတယ်။”

ဒါ့အပြင် ရခိုင်မြောက်ပိုင်း မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ရှိနေပြီး စစ်ကောင်စီကတော့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေပါတယ်။ AA သိမ်းပိုက်ထားတဲ့ သံတွဲနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် အရပ်သား တချို့သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရခိုင်ပြည်နယ်တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG