ရခိုင်ပြည်နယ်က အမ်း ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတယ်လို့ အာရက္ခတပ်တော်ပြောခွင့်ရ က ဗွီ အိုအေကို ပြောပါတယ်။ အမ်းမြို့နယ်မှာ စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းက အပြင်းအထန်ဗုံးကြဲနေတာကြောင့် မြို့တွင်းပိတ်မိနေတဲ့ အရပ်သား တော်တော်များများ သေဆုံးဒဏ်ရာရနေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။ ရခိုင်ပြည်နယ်တိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သတ်ပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အမ်းမြို့ကို အာရက္ခတပ်တော်AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရက်အတာ်ကြာနေပြီဖြစ်သလို တိုက်ပွဲတွေဟာလည်း တောက်လျှောက် ပြင်းထန်နေတာပါ။
အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုံးစုံ သိမ်းပိုက်နိုင်ဖို့ AA အနေနဲ့ အမ်းမြို့ကို ပိတ်ဆို့ပြီးတော့ စစ်ကောင်စီတပ်စခန်း အားလုံးကို နေ့ရော ညပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“ အမ်းမြို့ရဲ့ နောက်ဆုံးအခြေအနေကတော့ အမ်းမြို့မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေ အားလုံးနီးပါးမှာ၊ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်နေပါ တယ်။ ကျနော်တို့ အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုံးစုံ သိမ်းပိုက် နိုင်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ လေကြောင်း ပစ်ကူ လက်နက်ကြီး ပစ်ကူတွေ အမြောက်အမြားသုံးပြီးတော့ ဆက်လက်ခုခံနေတာရှိပါတယ်။”
အခုလို AA ထိုးစစ်ကို အပြင်းအထန်ခုခံနေရတဲ့ စစ်ကောင်စီအနေနဲ့ လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေသလို မြို့ပေါ်ရပ်ကွက်တွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ဒါဇင်နဲ့ချီသေဆုံးပြီးတော့ ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိတယ်လို့လည်း AA ပြောခွင့်ရက ခိုင်သုခက ပြောပါတယ်။
“နောက်တခုကတော့ ဒီစစ်ကောင်စီဟာ မြို့ခံ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လူသားဒိုင်းကာလုပ်ဖို့ အတွက် အတင်းအကျပ်ပိတ်လှောင်ထားတာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား ပြီးတော့မှ ပစ်မှတ်ထားတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်ချင်တိုင်း လှပ်ပြီးတော့ ပစ်နေတာတွေ အဲလို ရာဇဝတ်မှု မျိုးစုံကို သူတို့နေ့တိုင်းကျူးလွန်နေတာရှိတယ်။ မနေ့ကလည်းပဲ အမ်းမြို့ထဲက အရပ်သားတွေနေတဲ့ ရပ်ကွက်ထဲကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် အပြစ်မဲ့ပြည်သူ ၂ဝဦးလောက်သေဆုံးပြီးတော့ နောက် ဆယ်နဲ့ချီပြီးတော့ ဒဏ်ရာရတာရှိတယ်လို့ အရပ်သားတွေဆီက တဆင့်သိရတာရှိတယ်။ အခုအခြေအနေကတော့ အမ်းမြို့နေရာအများစုမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ် အခြေအနေက ဆက်လက်ရှုပ်ထွေးနေတာကြောင့် အတိအကျ ဘယ်နှစ်ဦးသေသွားပြီး ဘယ်နှစ်လောက် ဒဏ်ရာရလဲဆိုတာကို ဆက်လက်စုံစမ်းနေပါတယ်။”
လက်ရှိအမ်းမြို့ပေါ်မှာ ပိတ်မိနေတဲ့ဒေသခံတွေထဲက သေဆုံးသူတွေရဲ့ အလောင်းတွေဟာ လမ်းမပေါ်တွေမှာ တွေ့နေရသလို ဒဏ်ရာရရှိသူတွေကိုလည်း ဆေးဝါးကုသတာတွေမ လုပ်နိုင်ဘူးလို့ အမ်း မြို့ခံတဦးကပြောပါတယ်။
“ ဒီမှာ လက်တွေ့မြင်တွေ့နေရတာတွေကတော့ ကျနော်တို့ကိုယ်တိုင်လည်း ခံစားရတာပေါ့နော်၊ ကျနော်တို့အမ်းမြို့မှာ လက်နက်ကြီးကျလို့ မြို့သူမြို့သားတွေလည်း တော်တော်လေးသေကုန်ကြပြီ၊ အလောင်းတွေဆိုရင်လည်း ကိုယ့်အသက်တောင် မနည်းလုနေရတာ အလောင်းတွေကိုလည်း မကောက်နိုင်ကြဘူးခင်ဗျာ။”
လက်ရှိမှာတော့ အမ်းမြို့ပေါ်မှာရှိနေတဲ့ ဒေသခံတွေဟာ မိသားစုတွေနဲ့ တကွဲတပြား မြို့တွင်း မှာ ဟိုပြေးဒီပြေးနဲ့ ပုန်းရှောင်နေရသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း အချိန်တိုင်းရှိနေတာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သူကဆက်ပြောပါတယ်။
“ ကျနော်တို့ မြို့သူမြို့သားတွေကို ဘေးကင်းတဲ့ နေရာတခုကို ပို့ပေးစေချင်တယ်၊ ကြာရင်ကျတော်တို့က တော်လှန်ရေးသမားတွေ မဟုတ်ပဲနဲ့ ကိုယ့်ပါကို ရိုးရိုးသား သားလုပ်ကိုင်စားသောက်နေတဲ့သူတွေ အကုန်လုံးသေကုန်ကြပါလိမ့်မယ်။”
ဒါ့အပြင် ရခိုင်ပြည်နယ်က မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေမြင့်တက်နေတယ်လို့ အာရက္ခတပ်တော်AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“ မောင်တောမြို့မှာတော့ နောက်ဆုံးလက်ကျန် နခခ(၅) အဲဒီနယ်ခြားစောင့် ဌာနချုပ်ကို ကျနော်တို့ဘက်က အလုံးစုံသိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိပါတယ်။ ဂွမြို့နယ်ထဲမှာတော့ ကျန္တိလီနဲ့ဂွကြား ကားလမ်းမတလျောက်လုံးမှာ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်နေတာရှိတယ်၊ အကြမ်းဖက်စစ်ကောင်စီကတော့ လေကြောင်းကန တောက်လျောက်ပစ်ခတ်နေတာရှိတယ်။ အပစ်မဲ့ပြည်သူတွေနေတဲ့ ကျေးရွာတွေကို အဓိကထားပြီးတော့မှ ပစ်ခတ်နေတာကြောင့် ဂွမြို့နယ်ထဲက တချို့ရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကျေအနာတရဖြစ်တာတွေ ဆက်လက်ပြီးတော့ မြင့်တက်နေတယ်။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား ပြီးခဲတဲ့ ၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ ၁၃ ရက်နေ့ကတည်းက တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁ဝခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို AAဘက်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
လက်ရှိမှာလည်း သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့ မြို့နယ်တွေထဲက တချို့ကို AAဘက်က ပိတ်ဆို့ထားသလို အမ်း မောင်တောနဲ့ ဂွမြို့နယ်တွေကို ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ ရခိုင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Forum