သုံးရလွယ်ကူစေသည့် Link များ

နပခရှိတဲ့ အမ်းကို AA ပိတ်ဆို့တိုက်ခိုက်


အမ်းမြို့နယ် မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (အောက်တိုဘာ ၇ ရက်၊ ၂၀၂၄)
အမ်းမြို့နယ် မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (အောက်တိုဘာ ၇ ရက်၊ ၂၀၂၄)

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အမ်းမြို့နယ်မှာ နေရာတော်တော်များများကို AA အာရက္ခတပ်တော် ဘက်က ဝိုင်းရံပိတ်ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်တပ်ဘက်ကလည်းလေကြောင်းကနေ အပြင်းအထန်ခုခံနေပါတယ်။ အမ်းမြိုနယ်အပြင် မောင်တောနဲ့ ဂွမြို့နယ်တွေမှာ လည်း ၂ ဘက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။ ရခိုင်စစ်ရေးပဋိပက္ခနောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ တည်ရှိတဲ့ အမ်းမြို့နယ်ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာနဲ့အတူ နေ့ရောညပါ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ စစ်ဌာနချုပ်တဝိုက်က စခန်း တော်တော်များများကို AA ဘက်က အင်အားအလုံးအရင်းနဲ့ နေ့ရောညပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အမ်းမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ တိုက်ပွဲအခြေအနေကတော့ဗျာ တော်တော်ကို ပြင်းထန်နေတာ မနေ့က ဆိုရင်လည်း ပဲပဒုံဂိတ် သတင်းပို့ရတဲ့ ဂိတ်ကို တံတားနားဂိမှာ ညနေ ၅နာရီခွဲလောက်ကနေ ၈နာရီလောက်အထိ လာပြီးတော့ တိုက်တာ အဲဒီမှာ ရပ်ပြီးတော့ ဒီမနက်လည်း ရနာရီကနေ လာတိုက်တာ ၁ဝနာရီလောက်မှ ရပ်သွားတယ်။ အဲဒီကနေ တမိုင်ကုန်းဘက်ကို မနေ့က ညနေပိုင်းတကြိမ် ဒီမနက်လည်းတိုက်တယ်ဗျာ တော်တော်လေးတော့ ထိုးနေပါတယ်ဗျာ။”

အမ်းမြို့နယ်တခုလုံးကို AA ဘက်က ဝိုင်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်တိုက်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် ခုခံနေတယ် လို့လည်း အမ်းမြို့ခံက ဆက်ပြောပါတယ်။

“ သူတို့က နေရာတိုင်းလိုလို ခြံမှာလောင်ထားတဲ့ နွားလိုလိုဖြစ်နေတာပေါ့ သူတို့က ပတ်ပတ်လည် ဝိုင်းထားတဲ့ အခါကျတော့ တော်တော်လေးကို ပြင်းထန်နေတာ၊ နေရာတိုင်းမှာ အချိန်မရွေး အတိုက်ခံနေရတဲ့ အနေအထားရှိနေပါတယ်ခင်ဗျာ။ လေယာဉ်နဲ့လည်း တောက်လျှောက် လှမ်းပစ်တာ တို့ရှိတယ်။”

အခုလိုမြို့ပေါ်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အမ်းမှာ ဒေသခံတွေဟာ စစ်ဘေးကလွတ်အောင် ထွက်ပြေး နေကြရပါတယ်။ ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း ပိတ်မိနေတယ်လို့လည်း အမ်းမြို့ခံတဦးက ပြောပြပါတယ်။

“ ပြေးရတာကတော့ ဘယ်လိုပြောမလဲ တောရွာတွေက လူတွေရော ပဲပဒုံရွာမှာရှိတဲ့ လူတွေရော မြို့အစွန်းနားတွေမှာရှိတဲ့ လူတွေရော အကုန်လုံးတောက်လျောက်ပြေးနေရ တယ်ခင်ဗျာ။ ပြေးနေရတယ်ဆိုတာကလည်း အဝေးကြီးတော့ မဟုတ်ဘူးလေ မြို့ထဲကိုပဲ စုပြီးတော့ နေကြတာပေါ့။”

အမ်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို ပြီးခဲ့တဲ့ ဧပြီလကတည်းက AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်အတွက် အချက်အခြာအကျဆုံး ဗျူဟာကုန်းတွေဖြစ်တဲ့ တောဟိန်းတောင် ဗျူဟာကုန်း၊ မဲတောင် ဗျူဟာကုန်း၊ နတ်တောင် ဗျူဟာကုန်းအပါအဝင် တပ်စခန်းတော်တော်များများကို AA ဘက် သိမ်းပိုက်ထားပါတယ်။

အမ်းမြို့ပေါ်မှာတော့ နပခ ဌာနချုပ်အပါအဝင် ခမရ ၃၇၃၊ ၃၇၂၊ ၃၇၁၊ GE စစ်အင်ဂျင်နီယာတပ်၊ စရဖတပ်နဲ့ အမြောက်တပ်တို့ရှိနေကြပါသေးတယ်။ အဲဒီထဲက အနည်းဆုံး တပ်စခန်း ၃ ခုလောက်ကို AA ဘက်က တပြိုင်နက် ထိုးစစ်ဆင်နေတာဖြစ်သလို တခြားတပ်စခန်း တွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

တဆက်တည်းမှာပဲ မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဂွမြို့နယ်အတွင်းမှာဆိုရင် တိုင်းကျိုးကျေးရွာအနီးမှာ နှစ်ဘက်တိုက်ပွဲ တွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အင်အားတိုးချဲ့ နေတာတွေရှိတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးကပြောပါတယ်။

“ ဂွဘက်မှာတော့ ကြွေချိုင်ဘက်ကို သိမ်းပြီးကတည်းက တိုက်ပွဲက ရပ်သွားတယ်။ ဒီနေ့မှာတော့ ဘယ်လိုဖြစ်လဲဆိုတော့ တိုင်ကျိုးမှာတော့ တိုက်ပွဲဖြစ်ခဲ့တယ်ဒီနေ့။ စစ်ကောင်စီ ဘက်ကတော့ တိုင်းကျိုးကို ဆတ်သွားကနေပြီးတော့ အင်အား ၅ဝလောက်ဆင်းထားတယ်၊ ပြီးတော့ ဆတ်သွားကို အင်အား ၂ဝဝလောက် စစ်ကားတွေ ဆင်းထားတယ်၊ ပြီးတော့ ဂွပြည်သူ့ဆေးရုံကြီးမှာ သူတို့နေရာယူထားတယ်။ ကတုတ်ကျင်းတွေ ဗန်ကာတွေတူး ထားတယ်လို့ သိရတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ပြီးခဲတဲ့ ၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ ၁၃ ရက်နေ့ကတည်း တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁ဝခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို AA ဘက်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကိုလည်း AAဘက်က ပိတ်ဆို့ထားပြီး လက်ရှိမှာတော့ မောင်တော ဂွနဲ့ အမ်းမြို့နယ်တွေကို အပြင်းအထန်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ ရခိုင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG