အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့နယ် စစ်တွေမှာ လုံခြုံရေး၊ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အထူးသဖြင့် စစ်တွေမြို့ပေါ်နဲ့ စစ်တွေ မြို့နယ်က ကျေးရွာတွေမှာ နေထိုင်တဲ့ မူဆလင်ဒုက္ခသည်တွေတွေအတွက် လုယက်မှု ဖမ်းဆီးခံရမှုစတဲ့ လုံခြုံရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ရခိုင်ပြည်နယ် စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။
အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာ ရခိုင်ဒေသခံ တော်တော်များများက တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် ပြီးခဲ့လတွေကတည်းက တခြားဘေးလွတ်မယ်လို့ထင်ရတဲ့ နေရာတွေကို ရွှေ့ပြောင်း သွားကြတာပါ။
လက်ရှိမှာတော့ ရခိုင်ဒေသခံတွေနဲ့ မူဆလင်တချို့ ဆက်လက်နေထိုင်နေကြဆဲဖြစ်ပြီး စစ်တွေမြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အပြင် အလုပ်အကိုင်တွေလည်း မရှိတာကြောင့် ဒေသခံတွေကြား စားဝတ်နေရေး အတော်ခက်ခဲနေ ကြတာပါ။
စစ်တွေမြို့ပေါ်မှာနေထိုင်တဲ့ မွတ်ဆလင်တဦးက သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲ ဗွီအိုအေကို အခုလိုပြောပါတယ်။
“ ဒီမှာကုန်ဈေးတွေလည်းတက်တယ်၊ ဘာမှလည်း ဝယ်စားလို့မရဘူး အခက်အဲဖြစ်နေတယ်၊ဒုက္ခရောက်တယ်ဆိုတာ အရင်က လူတွေက ရိက္ခာတွေဘာတွေ ရတယ်လေ အခု ရိက္ခာလည်းမရဘူးဆိုတော့ လူတွေ ဒုက္ခရောက်တာပေါ။ ဒုက္ခသည်တွေက ပိုဆိုးတယ်၊ကျတော်တို့လည်း အခု မြို့ပေါ်မှာနေပြီးတော့ ကျနော်တို့လည်း ဒုက္ခသည်ဖြစ်သွားပြီ၊အလုပ်ကိုင်လည်း မရှိတော့ ထမင်းတလုပ် ဘယ်လိုစားမှာလဲ အဲ့တာ စဉ်းစားနေတာ ကလေးတွေလည်း များတော့ ကလေး ၄ယောက်ရှိတယ်။ပြီးတော့ မိန်းမကလည်း ကလေးမွေးတော့မယ် အဲတာကြောင့် စိုးရိမ်နေတာ။”
စစ်တွေမြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင်စားနပ်ရိက္ခာ မလုံလောက်တာကြောင့် မိသားစုတွေမှာ ပုံမှန် ထမင်းနပ်မမှန်သလို အာဟာရချို့တဲ့ပြီး အသက်သေဆုံးတဲ့အထိ ဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်လို့ အဲ့ဒီ့ကျေးရွာတွေက မူဆလင်ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့ နယ်က ကျေးရွာမှာနေထိုင်တဲ့ မွတ်ဆလင်တဦးက သူတို့အခြေအနေပြောပြပါတယ်။
“ အခက်အခဲကတော့ ကျနော်တို့ ထမင်းဝအောင်စားလို့မရဘူး တနေ့မှာ တထပ်ပဲစား ရတာ။နောက်တခါ ဝအောင်မစားရလို့ လူတွေ သေသွားတာလည်းရှိတယ်။ ဈေးလည်း ကြီးတယ်၊ ပိုက်ဆံလည်းမရှိဘူး။ အလုပ်လည်းမရှိဘူး။အဲလို ဖြစ်နေတယ်။”
စစ်တွေမြို့နယ်အတွင်းက မူဆလင်ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာ လာရောက်ထောက်ပံ့တာတွေမရှိတော့တာကြောင့် စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရသလို ကျန်းမာရေးမကောင်းသူတွေလည်း အများအပြား ရှိနေသလို ဆေးကုသဖို့ အတွက်လည်း ငွေကြေးကအစ အခက်အခဲရှိနေကြတယ်လို့ မူဆလင်ရွာသားက ပြောပြပါတယ်။
ဒါ့အပြင် စစ်တွေမြို့ပေါ်မှာ သူခိုးဓားမြတွေလည်းပိုများလာနေသလို လူမရှိတဲ့ နေအိမ်တွေ ပျက်စီးခံရတာ ဝင်ရောက်ခိုးယူခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒေသခံတွေမှာ လုံခြုံရေး စိုးရိမ်ရပြီး မကြာခဏ ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ မြို့ခံမူဆလင်တဦး ကပြော ပါတယ်။
“ ၈နာရီကျော် လမ်းမှာလူတွေ တွေ့ရင် သူတို့ ဖမ်းသွားတယ်၊ ပြီးတော့ သဲချောင်း ဒါးပိုင် ဘုမေ အဲဒီဘက်မှာ ပိုဆိုးတယ်၊ ပြီးတော့ လူဆိုး လူမိုက်တွေ များသွားပြီဒီမှာ တော်တော်။ လူတယောက်အပြင်ထွက်ရင် သူတို့ဖုန်းတွေဘာတွေကို လုယူသွားတယ်၊ မြို့ပေါ်မှာ ပိုများတယ်။ မြို့ပေါ်မှာ အိမ်တွေ အကုန်လုံးကို သူခိုးတွေ ဝင်တွေ လူတွေလည်းမရှိတော့လေ တချို့ ရခိုင်သူဌေးတွေက ရန်ကုန်ဘက်ကို သွားတာလေ၊ သူတို့က အကုန်သွားကြတော့ ဆင်းရဲသား နည်းနည်းပဲ ကျန်ခဲ့တာ သူဌေးတွေ အကုန်ရန်ကုန်ကို သွားကြတာ၊ဆိုတော့ သူတို့ အိမ်တွေကို သူခိုးတွေ ဝင်ပြီးတော့ ပစ္စည်းတွေ ခိုးကြတယ်။”
စစ်တွေမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေနဲ့ မူဆလင်တွေကို စစ်ကောင်စီက စစ်မှုထမ်းအတွက် ခေါ်ဆောင်တာတွေ ရှိခဲ့သလို လက်ရှိမှာလည်း ည၈နာရီနောက်ပိုင်း အပြင်ထွက်လာတဲ့ မူဆလင် တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေတာတွေရှိတယ်လို့လည်း ဒေသခံတွေ ကပြောပါ တယ်။
ဒါ့အပြင်စစ်တွေမြို့နယ်နဲ့ အနီးဆုံး ကျေးရွာတွေက ဒေသခံတွေကို မြို့ပေါ်ကို အတင်းရွှေ့ ပြောင်းပြီးတော့ လူသားဒိုင်းကာ အဖြစ် ပိတ်ဆို့ထားတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
တဆက်တည်းမှာပဲ ကျေးရွာတွေကနေ စစ်တွေမြို့ပေါ်ကို ဆေးလာကုတဲ့ မူဆလင်တွေ ဓားပြတိုက်ခံရတာတွေ သွားခွင့်လာခွင့်မရတာတွေရှိနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတယ်လို့လည်း စစ်တွေ ဒေသခံ မူဆလင်တဦးကပြောပါတယ်။
“ALPဆိုပြီးတော့ အဖွဲ့တခုရှိတယ်။ သူတို့က လမ်းတိုင်းမှာတွေ့ရင် ဓားပြတိုက်တယ်၊ ပြီးတော့ အသွားအပြန် လုပ်ခွင့်မပေးဘူး၊ အဲလိုလုပ်နေတယ်။ တရွာကနေ တရွာကို သွားခွင့်မပေးဘူး၊ လူတွေက မြို့ပေါ်ကို ဆေးခန်းလာပြရင် သူတို့ကို လာခွင့်မပေးဘူး၊ တက္ကစီသမားတွေကို ဓားပြတိုက်တယ်၊ ဓားပြတိုက်သလိုပေါ့ ALPအဖွဲ့လုပ်တာ။အခု သဲချောင်းဘက်မှာ ဆိုရင် ဒီလို ဆိုင်တွေ ဖွင့်တာလေ ကုန်စုံဆိုင်တွေ အဲလူတွေဆီကို သွားပြီးတော့ စစ်တပ်ကလည်း ပိုက်ဆံ ယူတယ် သူတို့ တသိန်း တသိန်းခွဲ နှစ်သိန်း အဲလို ယူတယ်။”
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဆိုတာကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တခုဖြစ်ပြီး စစ်တွေမြို့ပေါ်မှာ အခြေစိုက်နေထိုင်တဲ့ အဖွဲ့တခုလည်းဖြစ်ပါတယ်။ စစ်တွေဒေသခံပြောပြတာနဲ့ပတ်သက်လို့ ဗွီအိုအေအနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်AAဘက်က ပိတ်ဆို့ထားပြီး ပြီးခဲ့တဲ့ လတွေက ကြိုကြား ကြိုကြားထိတွေ့ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်တွေမြို့ရဲ့ ပင်လယ်ကမ်းနားတလျှောက်ကို ခြံစည်းရိုး ကာရံပြီးတော့ လုံခြုံရေး ထောင်နဲ့ချီ ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်တွင်းက စစ်သားစုဆောင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။
Forum