သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်လေကြောင်းပစ်ခတ်မှု အရပ်သားထိခိုက်သေဆုံး


ရခိုင်ပြည်နယ် ကျောက်တော် စစ်ဘေးရှောင်ဒုက္ခသည်စခန်း/ယခင်မှတ်တမ်းဓာတ်ပုံ (Photo: CJ )
ရခိုင်ပြည်နယ် ကျောက်တော် စစ်ဘေးရှောင်ဒုက္ခသည်စခန်း/ယခင်မှတ်တမ်းဓာတ်ပုံ (Photo: CJ )

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ တပ်စခန်းတွေနဲ့ မြို့နယ်တွေတခုပြီးတခု လက်လွတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ အရပ်သားတွေကိုဦးတည်ပြီးတော့ လေကြောင်းပစ်ခတ်တာတွေကို တိုးမြှင့် လာပါတယ်။ အောက်တိုဘာ (၁၀)​ ရက်၊ မနေ့တုန်းကလည်း ကျောက်တော်မြို့ပေါ်ကို လေကြောင်း ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော် ဒေသခံတဦး ကပြောပါတယ်။ မြန်မာပြည်က ပေးပို့လာတဲ့ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီက မနေ့ညနေ ၄ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဗုံးကြဲခံရတဲ့နေရာနဲ့ အနီးဆုံးမှာရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
“ညနေ လေးနာရီခွဲလောက်က ဂျက်ဖိုက်တာနဲ့ လာပစ်တယ်။ လာပစ်တော့ သေဆုံး ဒဏ်ရာရတာ အများကြီးရှိတယ်၊ ကျနော်အကြမ်းအားဖြင့် သိရသလောက်ဆိုရင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရတယ်လို့ သိရတယ်ခင်ဗျာ။အဲဒီထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူလည်း အများအပြား ရှိတယ်လို့ သိရတယ်။ ကျတာက မြို့ထဲမှာကျတာ စျေးနားကို ကျတာခင်ဗျ၊ ဟုတ်။”

စစ်ကောင်စီဟာ AA ထိန်းချုပ်မြို့နယ်တွေကို မကြာခဏဆိုသလို လေကြောင်းကနေ လာရောက် ပစ်ခတ်နေတာကြောင့် ဒေသခံတွေအနေနဲ့လည်း အချိန်နဲ့အမျှ စိုးရိမ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

“ လေယာဉ်လာတာကိုလည်း ကျနော်တို့ ဘာသံမှ မကြားလိုက်ဘူး။ ပစ်လို့ အသံကြားမှ ဘယ်လိုဖြစ်တာလဲဆိုပြီးတော့ အဲဒီနားမှာရှိနေတာဆိုတော့ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ကိုယ့်ဖာသာကိုယ် သေပြီလားမသိဘူး၊ ဒီလောက်ဆို ငါတော့ သွားပါပြီဆိုပြီးပေါ့။ လေယာဉ်က တချက်ပစ်ပြီးတော့ နောက်ထပ်လည်း ပျံဝဲပြီးတော့ ပတ်လာသေးတယ်။ ကျနော်တော့ ဘုရားတွေ တနေတာ။ တအား ရင်တွေတုန်ပြီးတော့ အခုထိလည်း ရင်တုန်တာ မပျောက်သေးဘူးခင်ဗျာ။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သား ဆယ်ယောက်ကျော်သေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလိုအရပ်သား တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့လည်း ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ ဒီလိုမျိုး ဘာမှမဆိုင်တဲ့ အရပ်သားတွေ နေထိုင်တဲ့မြို့ရွာတွေကို လေယာဉ်နဲ့ ဗုံးလာကြဲတာကို ရပ်တန့်ပေးပါလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုက ဘာမှ မဟုတ်ဘဲနဲ့ အကြောက်တရားနဲ့ ဖုံးလွှမ်းနေရတယ်။ ဘယ်နေ့ ကိုယ်ပါ သေမလဲဆိုပြီးတော့ အဲလိုမျိုး ကြောက်စိတ်တွေနဲ့ နေရတော့ ဗုံးလာကြဲတာကို ရပ်တန့်ပေးပါ။”

ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ တိုက်ပွဲတွေအတွင်း နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးထားတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတာပါ။ ဒီလအတွင်းမှာပဲ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သားသေဆုံးထိခိုက်ဒဏ်ရာရသူ ၇ဝ နီးပါး ရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ဂွ၊ မောင်တောနဲ့ အမ်းမြို့နယ်တွေကို အာရက္ခတပ်တော် AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ရခိုင်ပြည်နယ်က စစ်ရေး ပဋိပက္ခတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG