သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ထိန်းချုပ်ရာ ရခိုင်ဒေသ စစ်ကောင်စီတပ်တွေဝင်လာလို့ ဒေသခံတွေစိုးရိမ် 


AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ စစ်တပ်တွေ ဝင်ထွက်သွားလာတာ၊ ကျေးရွာတချို့မှာ စခန်းချနေတာတွေကြောင့် တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့ကဆိုရင် ကျောက်တော်မြို့ နယ်အတွင်း က ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်ထားတဲ့ ပီးချောင်းဒေသဖက်ကို စစ်တပ်တွေ ဝင်လာတာကြောင့် ၂ ဘက်တိုက်ပွဲတွေဖြစ်မှာစိုးရိမ်ပြီး ပီထုကျေးရွာက ဒေသခံ တစ်ချို့ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြပါတယ်။
ရခိုင်အခြေစိုက် AA ရခိုင်တပ်နဲ့ ကြားကာလညွန့်ပေါင်းအစိုးရအဖွဲ့ NUG အကြား ဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီး သတင်းတွေထက်လာပြီးတဲ့နောက်ပိုင်းမှာ၊ AA ထိန်းချုပ်ရာ ရခိုင်မြောက်ပိုင်းဒေသမှာ အခုလို စစ်ရေးတင်းမာမှုတချို့မြင်လာရတာပါ။ AA ပြောခွင့်ရသူ ခိုင်သုခကတော့ AA နဲ့ NUG အကြား ဆွေးနွေးမှုရှိ မရှိဆိုတာ သူ့အနေနဲ့ သိမထားဘူးလို့ ဗွီအိုအေကို ပြီးခဲ့တဲ့အပတ်ကပဲ ပြောထားခဲ့ဖူးပါတယ်။
ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူကကတင်ပြပေးပါမယ်။
၂၀၁၉ ကနေ ၂၀၂၀ ခုနှစ်အထိ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျေးရွာတစ်ချို့နဲ့ မြို့တွေထဲ တပ်မတော်စစ်ကြောင်းတွေ ဝင်ထွက်သွားလာနေတာ၊ ဒေသခံတွေကို မေးမြန်း စစ်ဆေးတာတွေကြောင့်
တစ်ကြော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ကျောက်တော်မြို့နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ ပီးချောင်းဒေသ ပီထုကျေးရွာနားကို စစ်တပ်တွေဝင်လာတာကြောင့် ပီထုကျေးရွာသားတစ်ချို့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြပါတယ်။ ကျောက်တော်မြို့နယ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေကို ကျောက်တော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းက ခုလိုပြောပါတယ်။
ဦးထွန်းဝင်းအသံ။
“ကျနော်တို့ ဖက်တွေမှာလည်း ဒီကြားထဲမှာ ကျနော်တို့ သတိထားမိသလောက် မြန်မာစစ်တပ်ဖက်က ခပ်စိပ်စိပ် သွားလာနေတာကို မြင်ရတယ်၊မြို့ထဲတွေမှာ ရောက်လာတယ်၊ တစ်ချို့ လမ်းစုံလမ်းဂွတွေမှာ နေရာယူတာတို့ တွေ့တယ်။ မနေ့ကဆိုရင် ကျနော်တို့ဒီ ပြည်သူကြား ထဲမှာလည်း နည်းနည်းလှုပ်လှုပ်ရွရွ ဖြစ်သွားတယ်၊ တစ်ချို့ ဒေသဖက်တွေမှာလည်း မတည်မငြိမ်မှုတွေ ဖြစ်သွားတယ်၊ စိုးရိမ်စိတ်တွေနဲ့ တစ်ချို့ စိတ်များဖြစ် လာမလားဆိုပြီး တော့မှ မိသားစုလိုက် တိမ်းရှောင်ကြတဲ့ အနေအထားတောင်မှ ကျနော်တို့ ကြားရတယ်ပေါ့”


AA အဖွဲ့ ထိန်းချုပ်ထားတဲ့ ပီထုကျေးရွာတဘက်မှာ စစ်တပ်တွေ စခန်းလာချနေတဲ့အတွက် တိုက်ပွဲဖြစ်လာခဲ့ရင် ကြားညှပ်မှာကို ရွာသားတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။ သူတို့ စိုးရိမ်မှုက ကျောက်တော်မြို့အထိ ကူးစက်ပြီး တနင်္လာနေ့ကဆိုရင် ဈေးတွေတောင် ပိတ်ထားရတယ်လို့ ကျောက်တော်ဒေသခံ တစ်ဦးက ပြောပါတယ်။
ကိုဇော်ဝင်း ကျောက်တော်ဒေသခံ။
သူတို့က ကျေးရွာတွေကိုလည်း ရှောင်တခင် ဝင်တာ သွားတာတွေရှိတယ်၊ နယ်မြေကတော့ အေးချမ်းနေတယ်။ ဒါပေမယ့် သူတို့က ပဋိပက္ခကို ရှာနေတော့ ပြည်သူတွေမှာ စိုးရိမ်ကြောင့်ကျတာရှိတယ်၊ အခုဆိုရင်လည်း ကျောက်တော်မြို့မဈေးကို အစောကြီး ကတည်းက ပိတ်ထား ကြပြီ တိုက်ပွဲဖြစ်နေတော့မယ် ဖြစ်နေကြဆိုပြီဆိုပြီးတော့ ပြည်သူတွေက တိုက်ပွဲဖြစ်နေပြီ ဆိုပြီးတော့ ဈေးကိုပိတ်ပြီးတော့ ပြေးနေကြတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နိုင်ဝင်ဘာလတုန်းကလည်း မောင်တောမြို့နယ်ထဲက AA ထိန်းချုပ်နယ်မြေအတွင်းကို စစ်တပ်တွေ ဝင်ရောက်လာတာကြောင့် နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ AA ဖက်က အတည်ပြုပြောဆိုထားပေမယ့် စစ်ကောင်စီပြောခွင့်ရကတော့ ARSA အကြမ်းဖက်အဖွဲ့တွေနဲ့ ဖြစ်တာလို့ ဗွီအိုအေကိုပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်တပ်ကြား ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာတွေ မီးရှို့ခံခဲ့ရသလို၊ အများအပြား သေဆုံး၊ ဒဏ်ရာရ ဖမ်းဆီးခံခဲ့ကြရပါတယ်။ စစ်ပွဲအတွင်း
ကျောက်တော်မြို့နယ်ဟာ စစ်ဘေးဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ မြို့နယ်တခုဖြစ်ခဲ့သလို လူသိန်းနဲ့ချီပြီး စစ်ဘေးဒုက္ခသည်ဘဝကို ရောက်ခဲ့ရတာကြောင့် ဒေသခံတွေအနေနဲ့ နောက်ထပ် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ထိတ်လန့်နေကြတာဖြစ်တယ်လို့လည်း ကျောက်တော်မြို့နယ် ပြည်သူ့လွတ်တော် လွတ်တော်ကိုယ်စားလှယ်ဟောင်း ကိုထွန်းဝင်းကဆက်ပြောပါတယ်။

“ ကျနော်တို့ ကျောက်တော်မြို့ဆိုတာက စစ်ရဲ့ ဒဏ်ကို ပထမဆုံးထိတွေ့တဲ့ ဒေသလို့ ပြောလို့ရတာပေါ့။ ဆိုတော့ ၂၀၂၀၊ ၂၀၁၉ ၂ နှစ်ကာလမှာ တော်တော်ပြင်းပြင်းထန်ထန် ပေါ့ဗျာ ပြည်သူတွေကလည်း ရာချီပြီးတော့ အသေအပျောက်တွေ ဖြစ်သွားတယ်၊ တစ်ချို့မိသားစုတွေ ဆိုရင် လုံးဝကို ပြန်တည်ဆောက်လို့မရတဲ့ အနေအထားမျိုးတွေ၊ ပျက်စီးသွားတဲ့ အနေအထားမျိုးတွေ တစ်ချို့ ရွာတွေဆိုရင် ရွာလုံးကျွတ် မီးချို့ခံလိုက်ရတာတွေရှိတယ်။ ရွာထဲကနေပြီးတော့ လူအစုလိုက် အပြုံလိုက် ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုအချိန်ထိ စာရင်းမရပဲ အနေအထားမျိုးတွေပေါ့၊ လူတွေရဲ့ ရင်ထဲမှာ အဲဒီမြင်ကွင်းတွေ အနိဌာရုံတွေက လောလောလပ်လပ်ရှိနေတုန်းပေါ့ဗျာ၊ အဲဒီဒဏ်ရာတွေ အဲဒီနာကြင်မှုတွေ ပူလောင်မှုတွေကတော့ ရှိနေတုန်းပေါ့၊ ဒီကြားထဲ တစ်နှစ်ဝန်းကျင်ပေါ့ဗျာ ပြည့်ပြည့်ဝဝတောင် မဟုတ်ဘူး၊ ဒီကြားထဲ ဟိုနေရာ မိုင်းပေါက် ဒီနေရာ မိုင်းပေါက်နဲ့ သေဆုံး ဒဏ်ရာရ ဒါလေးတွေတောင် အခုအချိန်ထိ ခံနေရတုန်းလို့ ပြောလို့ရတာပေါ့၊ ဆိုတော့ ဒီလိုအချိန်မှာ ပြန်ပြီးတော့မှာ စစ်ရေး စစ်ရောင်တွေ မြင်လာရတဲ့ အခါကျတော့ လူတွေရဲ့ ရင်ထဲမှာ ပြန်များဖြစ်လာမလားဆိုတဲ့ စိတ်ကတော့ ဖြစ်ကြတာပေါ့၊ စိုးရိမ်ကြတယ်။ စိတ်မချမ်းသာမှုတွေ ဖြစ်လာကြတယ်။”
လက်ရှိအချိန်ထိ ကျောက်တော်မြို့နယ်အတွင်းက နေရာတချို့မှာ စစ်တပ်ဘက်ကရော AA ဘက်ကပါ နယ်မြေချဲ့ ထွင်တပ်စွဲမှုတွေ လုပ်တာ တေ့ွနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်တော်မြို့နယ်အတွင်းမှာ လက်ရှိအချိန်ထိ လုံခြုံရေး အာမခံချက် မရှိတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီရှိနေကြသေးချိန်မှာ အခုလို နှစ်တင်းမာမှုတွေရှိလာနေတာကြောင့် ဒေသခံတွေပိုမို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

..................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)




XS
SM
MD
LG