သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ဖမ်းထားတဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေး


AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi/Unicode)

ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းထားခဲ့တဲ့ တပ်မတော်သား စစ်သုံ့ပန်း ၉ ဦးအပါအဝင် စုစုပေါင်း ၂၃ ဦးကို AA အဖွဲ့က ပြန်လွတ်ပေးလိုက်ပါတယ်။ အဲဒီထဲမှာ ၂၀၁၉ အောက်တိုဘာလတုန်းက ရွှေနဒီ အမြန်ယာဉ်ပေါ်ကနေ ဖမ်းဆီးခံရသူ ၁၄ ယောက်လည်း ပါပါတယ်။ အာဏာသိမ်းစစ်ကောင်စီနဲ့ AA အဖွဲ့တို့ကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးရှိနေတာကြောင့် အခုလို ပြန်လွှတ်ပေးတာဖြစ်တယ်လို့ AA အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ရခိုင်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား ပြီးခဲ့တဲ့နှစ်ပိုင်း တိုက်ပွဲတွေဖြစ်ခဲ့ချိန်က ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေကို AA က ပြန်လွှတ်ပေးလိုက်တာပါ။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ကို ပြေးဆွဲတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်က ဖမ်းဆီးသွားသူ ၁၄ ယောက်အပြင် တိုက်ပွဲတွေဖြစ်စဉ် ဖမ်းမိထားတဲ့ စစ်သား ၃ ယောက်လည်း ပြန်လွှတ်ပေးတဲ့ထဲ ပါပါတယ်။
သူတို့ကို ဘူးသီးတောင်မြို့နယ်က သိမ်တောင်ပြင်ကျေးရွာမှာ ဒီနေ့ ပြန်လွှတ်ပေးခဲ့တယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ရွှေနဒီဖြစ်စဉ်မှာ ကျနော်တို့ ထိန်းသိမ်းထားသူတွေထဲက နောက်ဆုံးကျန်နေတဲ့သူတွေ အားလုံးကို ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လည်ပြီးတော့ လွှတ်ပေးလိုက်ပြီး ဖြစ်တယ်ဗျာ။ လွှတ်ပေးလိုက်တဲ့ နေရာကတော့ ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ရွာမှာ ဒီနေ့မနက် ၁၁ နာရီလောက်မှာ မြန်မာစစ်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ဇော်ဆီကို လွှဲပြောင်းပြီးတော့ ကောင်းကောင်းမွန်မွန် လွှတ်ပေးလိုက်တာဖြစ်တယ်ဗျာ။ ဒီရွှေနဒီဖြစ်စဉ်မှာ ကျနော်တို့ဆီမှာ တယောက်မှ မကျန်တော့ဘူးဗျာ အားလုံးကို လွှတ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ ရွှေနဒီဖြစ်စဉ်နဲ့ မဆိုင်ဘဲ တခြား သုံးယောက်ကိုလည်း ကျနော်တို့ လွှတ်ပေးလိုက်တာရှိတယ်။ ဆိုတော့ ဒီနေ့လွှတ်ပေးလိုက်တာက အားလုံး ၁၇ ယောက်ပေါ့နော်။”

စစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်နေစဉ် ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက ရွှေနဒီ အမြန်ယာဉ်ပေါ်က အရပ်သား ၁၃ ဦးအပါအဝင် စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူ ၅၈ ဦးကို AA အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေကို ခေါ်ဆောင်လာစဉ် တပ်မတော်ဘက်က လေယာဉ်ပေါ်ကနေရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဖမ်းဆီးထားသူတွေထဲကတချို့ သေဆုံးခဲ့တယ်လို့ AA ဘက်က ပြောပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာတော့ ၂၅ ယောက်ကို AA က ပြန်လွှတ်ပေးခဲ့ပါတယ်။ ရွှေနဒီအမြန်ရေယာဉ်ပေါ်က AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့သူတွေထဲမှာ တပ်မတော်သား ၁၄ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၂၉ ယောက်၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂ ယောက်နဲ့ အရပ်သား ၁၃ ယောက်ပါတယ်လို့ အဲဒီတုန်းက အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ၅၈ ယောက်ထဲက ၁၄ ယောက်ကို ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။ အခုတော့ AA ကဆက်ဖမ်းထားတဲ့ ၁၇ ယောက်ကို ဒီနေ့ လွှတ်ပေးလိုက်တာပါ။

ရခိုင်မြောက်ပိုင်း တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့တဲ့ တပ်မတော်သား စစ်သုံ့ပန်း ၆ ဦးကို မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာမှာ ဇွန်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့က ပြန်လွှတ်ပေးခဲ့တဲ့အကြောင်း ခိုင်သုခက ပြောပါတယ်။
“မနေ့က ဇွန်လ ၁၆ ရက်နေ့မှာ မြောက်ဦးမြို့နယ် ကျောက်ကျပ်ရွာမှာ မြန်မာ စစ်တပ်ဘက်ကနေ ကျနော်တို့ ဖမ်းဆီးရမိထားတဲ့ မြန်မာစစ်သားတွေထဲက ကျန်းမာရေးမကောင်းတဲ့ ၆ ယောက်ကို ကျနော်တို့က နေပြီးတော့ မြန်မာစစ်တပ်ဘက်က တာဝန်ရှိသူတွေဆီကို ကောင်းကောင်းမွန်မွန် ပြန်လည် လွှဲပြောင်းပေးလိုက်တာ ရှိတယ်ဗျာ။”

အခုလို AA အဖွဲ့က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရတာဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ AA အဖွဲ့တို့ကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကြောင့် ဖြစ်တယ် လို့လည်း AAအဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ဒါကတော့ တဘက်နဲ့တဘက် အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာ ဒီလိုမျိုးပြန်လည်လွှတ်ပေးတာဖြစ်တယ်ဗျာ။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်ဘက်က လက်ခံပြီးတဲ့နောက် ပိုင်း AAအဖွဲ့နဲ့ တပ်တို့ကြား တိုက်ပွဲတွေ ရပ်ဆိုင်းထားတာ အခုအချိန်ထိပါပဲ။
ဒါအပြင့် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ AA စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီနဲ့ ညီမတို့အပါအဝင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စစ်တပ်က တရားစွဲထားတဲ့ စင်္ကာပူ ရခိုင်အသင်း ခေါင်းဆောင်တွေကိုလည်း စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

.................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG