သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း စတင်ကောက်ယူ 


နေပြည်တော်ကောင်စီနယ်မြေမှာ သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)
နေပြည်တော်ကောင်စီနယ်မြေမှာ သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)

စစ်ရေး ပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်မှာ စစ်ကောင် စီက သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ မနေ့ အောက်တိုဘာလ (၁)ရက်နေ့က စတင်ပြီး သန်းခေါင်းစာရင်း ကောက်ယူနေ တယ်လို့ ဒေသခံတွေကပြောပါတယ်။ အာရက္ခတပ်တော် AA ဘက်က နယ်မြေအများအပြားကို ထိန်းချုပ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ အစီအစဉ်ဟာ လက်တွေ့ဖြစ်နိုင်ပါ့မလား ဆိုတာကိုလည်း အကဲခတ်တွေ မေးခွန်းထုတ်နေကြတာပါ။ ရခိုင်ပြည်နယ်က သန်းခေါင်စာရင်း ကောက်ယူနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေး ပို့ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အောက်တိုဘာလ ၁ ရက် မနေ့က စတင်ပြီး စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနေပါတယ်။ လက်ရှိစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာတော့ မနေ့က စတင်ပြီး တအိမ်ဝင်တအိမ်ထွက် သန်းခေါင်စာရင်းလာရောက်ကောက်ယူနေတယ်လို့ ဒေသခံတဦး ကဗွီအိုအေကို ပြောပါတယ်။

“ သူတို့က လူမရှိတဲ့ အိမ်တွေကို မကောက်ဘူး၊ လူရှိတဲ့အိမ်တွေကို အိမ်ထောင်ဘယ် အချိန် ကျတာလဲ အသက်ဘယ်လောက်ရှိပြီလဲ အဲဒါတွေမေးတယ်။ အဝေးမှာ ရောက်နေတဲ့သူ နာမည်ယူတယ်၊ရှိမရှိကို ဖြည့်သွားတယ်။ နိုင်ငံခြားမှာ ဘာလုပ်လဲ အဲဒါတွေ မေးတယ်။”

သန်းခေါင်စာရင်းလာရောက်ကောက်ယူသူတွေထဲမှာ ရဲ၊ စစ်သား၊ လဝကနဲ့ ဒေသခံ ကျောင်း ဆရာမတွေပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။

“ စစ်သားပါတယ် ရဲပါတယ် လဝက က ပါတယ် နောက်ပြီးတော့ ကျောင်းဆရာမတွေပါတယ်၊ ကျောင်းဆရာမတွေက နည်းနည်းသိတယ်ဆိုပြီးတော့ တရက်ကို ၂သောင်းပေးပြီးတော့ ခေါ် ထားတယ်လို့ပြောပါတယ်။”

လက်ရှိသန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်တွေမြို့ကို စစ်ကောင်စီကထိန်းချုပ်ထား တယ်ဆိုပေမယ့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေဟာ ပြီးခဲ့တဲ့ လတွေကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြတာပါ။

လက်ရှိမှာတော့ စစ်တွေမြို့ပေါ်မှာ တပ်မိသားစုဝင်တွေ ဝန်ထမ်းမိသားစုဝင်တွေနဲ့ရှိနေပါသေးတယ်။ ဒါ့အပြင် စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့်ဘေးလွတ်ရာကိုမသွားရောက်နိုင်တဲ့ ဒေသခံတွေအပြင် ငွေရေးကြေးရေးမတတ်နိုင်တာကြောင့် မြို့တွင်းမှာဆက်နေနေရတဲ့ ဒေသခံ အနည်းအကျဉ်းလောက်သာရှိနေတာပါ။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခု ရှိပြီး အဲဒီထဲက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ်စတဲ့ ၁ဝမြို့နယ်ကို အာရက္ခတပ်တော်AA ဘက်က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ၊ အမ်းနဲ့ စစ်တွေမြို့နယ် တွေကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ် ၇ ခုထဲက ဂွ၊ မောင်တောနဲ့ အမ်းမြို့နယ်တွေကို AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကျောက်ဖြူ ၊ တောင်ကုတ်၊ မာန်အောင် နဲ့ စစ်တွေမြို့နယ်တွေကိုလည်း AAဘက်က ပိတ်ဆို့ထားတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ သန်ခေါင်းစာရင်းကောက်ယူမယ်ဆိုရင်တောင် မြို့ပေါ်ရပ်ကွက်တချို့လောက်သာ ကောက်ယူနိုင်မှာဖြစ်တယ်လို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်းဦးဖေသန်းကပြောပါတယ်။

“ နေရာကတော့ မြို့ပေါ်လောက်ပဲ ရှိပါလိမ့်မယ် မြို့နယ် ၇ မြို့နယ်ပေါ့၊ မာန်အောင်ကျွန်းကတော့ သူ့ဟာနဲ့သူ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတာဆိုတော့ ဖြစ်နိုင်တယ်၊ တခြား ၆ မြို့နယ်မှတော့ မြို့ပေါ်လောက်ပဲ ဖြစ်နိုင်မယ်၊ နယ်တွေကတော့ သူတို့လုံးဝ စာရင်းကောက်မယ် မဆိုနဲ့ထွက်လို့ကို မရောက်တော့ဘူး။”

အခုလိုနေရာအနည်းစုလောက်သာ ကောက်ယူနိုင်တဲ့ စစ်ကောင်စီရဲ့ သန်းခေါင်းစာရင်းဟာ တိတိကျကျမဖြစ်နိုင်သလို ဟန်ပြလုပ်ငန်းစဉ်တခုသာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

“သန်းခေါင်စာရင်းဆိုတာကပြည့်စုံဖို့လိုတယ် တယောက်မကျန် တအိမ်မကျန် ကောက်နိုင်မှ သန်းခေါင်စာရင်းလို့ခေါ်နိုင်မှာ အခုတော့ အဲလို မဟုတ်ဘူး မြို့ပေါ်ရပ်ကွက်လောက်ပဲ ကောက်မယ် အိမ်မှာ လူမရှိရင်လည်း ထားခဲ့မယ်၊ မိသားစုမှာ လူမစုံရင်လည်း ကောက်မယ်ပေါ့၊ အဲဒါကြောင့် ဒီလုပ်ငန်းစဉ်က တကယ့်သန်းခေါင်စာရင်းကောက်ဖို့ တိတိကျကျရယူဖို့ ဆိုတာထက် အခြေအနေအရ ဖြစ်လည်း မဖြစ်နိုင်ဘူး။ ဆိုတော့ သူတို့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်တဲ့ထဲမှာ ဟန်ပြကောက်ပြနေတာပေါ့နော်၊ တခြားနေရာတွေမှာလည်းအဲလို အများကြီးရှိနိုင်ပါတယ်၊ ပြည်သူကလည်း စိတ်ဝင်စားမှုမရှိပါဘူး၊ ဒါကြောင့် ရွေးကောက်ပွဲအကြို သန်းခေါင်စာရင်း ကောက်ယူတဲ့ လုပ်ငန်းဟာ ပြီးပြည့်စုံတဲ့ လုပ်ငန်းမဟုတ်ဘူး၊ ဟန်ပြလုပ်ငန်းတခုသာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

သန်းခေါင်စာရင်းကောက်ယူရာမှာ ငွေကျပ်သန်းပေါင်း ၅သောင်း ၆ထောင်ကျော် အကုန်အကျခံကောက်ယူမှာဖြစ်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ကောက်ယူရာမှာလည်း ကိုယ်ရေး အချက်အလက် ကိုးကွယ်တဲ့ဘာသာ၊ ပြောဆိုတဲ့ ဘာသာစကားအပြင် ပြည်ပရွှေ့ပြောင်းသွားလာသူမရှိမရှိ၊ လျှပ်စစ်မီတာသုံးစွဲမှု အိမ်သားသုံးစွဲမှု၊ သောက်သုံးရေ ရရှိမှုစတဲ့ အချက်အလက်တွေပါတဲ့ မေးခွန်းပေါင်း ၇၀ နီးပါးမေးမြန်းပြီး ကောက်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကောက်ယူရရှိတဲ့ သန်းခေါင်စာရင်းကိုတော့ လာမယ့် ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ထုတ်ပြန်မယ်လို့ လဝကသန်းခေါင်စာရင်းကောက်ယူရေးဌာနခွဲ ညွန်ကြားရေးမှူး ဦးကျော်ယဉ်ဦးက ဗွီအိုအေကို ပြောဆိုထားတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG