သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နယ်မှာ ရွာသား ၁၅ ဦး သေဆုံး


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီး အပျက်အစီးများကိုတွေ့ရစဉ် (စက်တင်ဘာ ၂၅၊ ၂၀၂၄)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီး အပျက်အစီးများကိုတွေ့ရစဉ် (စက်တင်ဘာ ၂၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှာ မနေ့ညက စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာနဲ့အမျှ အရပ်သား သေဆုံးမှု သတင်းတွေလည်း နေ့စဉ်လိုလို ထွက်ပေါ်နေတာပါ။ ရခိုင်ပြည်နယ် စစ်ရေးနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်က တန်းလွဲရွာမကျေးရွာကို မနေ့ည သန်းခေါင်အချိန်လောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ ခံခဲ့ရပြီး ဒေသခံတွေ အများအပြား သေကျေထိခိုက်ခဲ့ရတာလို့ ရခိုင်စစ်ရေးစောင့်ကြည့်သူတဦးကပြောပါတယ်။

“မနေ့ညကပေါ့နော် တောင်ကုတ်မြို့နယ် တန်းလွဲစံပြကျေးရွာကို ည ၁၁နာရီကျော် ၁၂နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာပြီးတော့ ဗုံးကြဲတာ အဲဒီဗုံးကျတဲ့ နေရာမှာပဲ ၁၅ယောက် သေဆုံးပြီးတော့ နောက် ၁ဝဝန်းကျင်လောက် ဒဏ်ရာရရှိသွား တယ်၊အဲဒီထဲမှာ ဒဏ်ရာပြင်းထန်သူက ၆ ယောက်ရှိတယ်။”

လက်ရှိဗုံးကြဲခံရတဲ့ တန်းလွဲရွာမကျေးရွာကိုပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ရက်နေ့ကလည်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ဦးသေဆုံးပြီးတော့ ၄ဦးဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ တောင်ကုတ်မြို့ နယ်က ကင်းတောင်ကျေးရွာကို စစ်ကောင်စီလေကြောင်း ကနေဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄ဦးသေဆုံးပြီးတော့ ၈ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ AA တပ်ဖွဲ့က ဝန်းရံ ပိတ်ဆို့ထားပြီး၊ စစ်ကောင်စီကလည်း အနီးအနား ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်နေတယ်လို့ ဒေသခံစစ်ရေးစောင့်ကြည့်သူက ပြောပါတယ်။

“တောင်ကုတ်ဘက်ကိုဘာလို့ ခဏခဏဗုံးလာကြဲလည်းဆိုတော့ တောင်ကုတ် စကစရဲ့ ဗျူဟာပေါ့နော် တပ်မ ၅နဲ့ လက်အောက်ခံတပ်ရင်းတွေ အပါအဝင် တမြို့နယ်လုံးမှာ ရှိတဲ့ စကစတပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် အကုန်လုံးကို ဝန်းရံပိတ် ဆို့ထားတဲ့အတွက် AA က အင်အားအလုံးအရင်းနဲ့ သူတို့ တပ်စခန်းတွေကို ထိုးစစ်မဆင်ရ အောင်အတွက် ဘေးနားမှာရှိတဲ့ ကျေးလက်ရွာတွေကို AAရှိတယ် အထင်နဲ့ ပြီးတော့ ပြည်သူတွေကြောက်အောင် AAတပ်ဖွဲ့ရှိရင်လည်း သေအောင်ဆိုပြီးတော့ လေကြောင်းကနေ ဗုံးကြဲနေတာဖြစ်တယ်။”

ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ တိုက်ပွဲတွေအတွင်း နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးထားတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတာပါ။ မနေ့ကကလည်း မောင်တောမြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာ ကြောင့် အရပ်သား၂ ယောက် သေဆုံး ၃ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ဂွ မောင်တောနဲ့ အမ်းမြို့နယ်တွေကို အာရက္ခတပ်တော်AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်က စစ်ကောင်စီရဲ့ မဲတောင်ဗျူဟာ ကုန်းနဲ့ အနီးအနားက တပ်စခန်းအားလုံးကို မနေ့က ညနေပိုင်းက အာရက္ခတပ်တော်AA ဘက်က သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းစည်းရမိခဲ့တယ်လို့ AAဘက်ကထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG