သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသခံတွေစိုးရိမ် 


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီး အပျက်အစီးများကိုတွေ့ရစဉ် (စက်တင်ဘာ ၂၅၊ ၂၀၂၄)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီး အပျက်အစီးများကိုတွေ့ရစဉ် (စက်တင်ဘာ ၂၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်တောင်ပိုင်းမှာ မနေ့နှောင်းပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂ ဦးသေဆုံး၊ ၄ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့်လာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အတွက်လည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ရခိုင်ပြည်နယ် စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းက တန်းလွဲရွာမ ကျေးရွာနဲ့ ကျောက်ဆိပ်ကျေးရွာတွေကို မနေ့ကည ၈နာရီလောက်မှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ရွာမဒေသခံ ၂ဦးသေဆုံးပြီးတော့ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မနေ့က ညနေ ၈နာရီထိုးလောက်တော့ရှိမယ်ထင်တယ်၊အဲဒီအချိန်လောက်မှာတော့ ရွာမ ရဲစခန်း အနီးဝန်းကျင်ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးလာကြဲတယ်၊ အဲဒီမှာ ကျနော်သိရ သလောက် နှစ်ယောက်သေဆုံးပြီးတော့ ကလေးတယောက်မှာ လက်ချောင်းတွေပြတ်သွားတယ်၊ နောက် ဦးဇင်းတပါး ဒဏ်ရာရတယ်၊ ဒဏ်ရာရတာ ၄ ယောက်လောက် ရှိမယ် ထင်တယ်။”

တဆက်တည်းမှာပဲ မနေ့က ည ၁၁ နာရီကျော်လောက်မှာ မအီမြို့နယ်က လုံးတော်ပေါက် တံတားအနီးကိုလည်း စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်ဖက်ကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးလာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ အခုလိုမျိုး လက်နက်မရှိတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ လာပြီးတော့ပစ်ခတ်နေ တာ ကတော့ မတရားဘူးပေါ့နော်၊ သူတို့က လက်နက်ရှိတယ်ဆိုရင် လက်နက် ရှိတဲ့ AAကိုပဲ သွားတိုက်ရမှာလေ အခုက အပြစ်မရှိတဲ့ ပြည်သူတွေ အသက်ဆုံးရှုံးမှုတွေ အများကြီးရှိတယ်၊ အိုးအိမ်တွေ ပျက်စီးရတယ် အဲလို ဆုံးရှုံးနစ်နာတာတွေရှိတယ်။”

ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေကျေထိခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ ဒီလထဲမှာပဲ ရခိုင်ပြည်နယ်က စစ်တွေ ပေါက်တော သံတွဲ ဂွ တောင်ကုတ် မအီ မောင်တော နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို လေကြောင်းကနေမကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ ကြီးထွားလာနေတယ်လို့လည်း မြေပုံမြို့မှာနေထိုင်တဲ့ မငုဝါချေက ပြောပါတယ်။

“ အခု ညီမတို့နေတဲ့ ထိန်းချုပ်နယ်မြေမှာ ဆိုလို့ရှိရင် မြေပြင်မှာ တိုက်ပွဲတွေ မရှိတော့ဘူး ဆိုပေမယ့် လေကြောင်းအန္တရာယ်ကတော့ စိုးရိမ်ရတယ်ပေါ့နော်၊ ပြီးတော့ တခြား ထိန်းချုပ် နယ်မြေဘက်မှာရော စစ်ရေးပြင်းထန်နေတဲ့ တောင်ပိုင်းဘက်မှာရော လေကြောင်းကနေ ဗုံးကြဲနေတာ ခဏခဏသတင်းတွေကြားနေရတော့ ညီမတို့အနေနဲ့ စိုးရိမ်မှုတွေ ရှိတာ ပေါ့နော်၊ ညညဆိုရင် လေယာဉ်သံကြားတာနဲ့ မအိပ်နိုင်တော့ဘူး၊ထထိုင်ပြီး တော့ လေယာဉ်သံကို နားစွင့်နေရတာမျိုးပေါ့နော်၊ ဘယ်လောက်ထိဆိုးဆိုးရွားရွားလဲဆိုရင် အပြင်က ဆူဆူညံညံသံကြားရင်တောင် ကြောက်ပြီးတော့ ဝင်ပုန်းရတဲ့ အနေအထားရှိတယ်။ စိုးရိမ်စိတ်ကဘယ်လိုပြောရမလဲ လုံးဝစိုးမိုး သွားတာ စိုးရိမ်စိတ်ကလေ။”

ရခိုင်ပြည်နယ်က AAထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်းလေကြောင်းသတိပေးချက်တွေ စနစ်တကျမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် မိုးရာသီဖြစ်တာကြောင့် ရေတွေပြည့်နေတဲ့ ဗုံးခိုကျင်းတွေမှာ တိမ်းရှောင်ဖို့ မလွယ်ဘူးလို့လည်း ပြောပါတယ်။

“ညီမတို့နေတဲ့ မြို့မှာတော့ လေယာဉ်သတိပေးစနစ်တွေ ဘာတွေတော့ မလုပ်ထားဘူးရှင့်။ ဒေသခံတွေကတော့ ကိုယ်ဟာနဲ့ကိုယ် ဗုံးခိုကျင်းတွေ ဘာတွေ တူးထားတာတော့ရှိတယ်၊ ဒါပေမယ့်လက်ရှိ မိုးရာသီဆိုတော့လေ ဗုံးခိုကျင်းတွေမှာ ရေပြည့်နေတာတို့ တွင်း အသစ်တူး ရင် ရေထွက်တို့ ရှိနေတော့ လက်ရှိမှာ ဗုံးခိုကျင်းထဲတောင် ဝင်ပုန်းလို့မရတဲ့ အနေအထား ဆိုတော့ လေကြောင်းအန္တရာယ်ကို အရမ်းစိုးရိမ်ရတဲ့ ကာလပေါ့ ဒီကာလကလေ။”

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလကစ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့ပြီး၊ ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲတွေဆက်ရှိနေတာပါ။ တိုက်ပွဲတွေကြာ လာတာနဲ့အမျှ အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း များလာနေသလို နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း တနေ့ထက်တနေ့ တိုးလာနေတာပါ။ အာရက္ခတပ်တော်AAဘက်ကတော့ လက်ရှိမှာ ဂွမြို့နယ်နဲ့ မောင်တောမြို့နယ်တွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်း တောင်ကုတ် ကျောက်ဖြူ မာန်အောင်စတဲ့ မြို့နယ်တွေကိုလည်း ပိတ်ဆို့ထားတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG