သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ ကျန်းမာရေး ပြဿနာတွေနဲ့ကြုံ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြား ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေ ရောဂါဘယတွေနဲ့ ရင်ဆိုင်နေကြရပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေပါတယ်။ သွားရေးလာရေး အခက်အခဲတွေကြား ဆေးဝါးရရှိမှု အခက်အခဲတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေပြင်းထန်နေတာ ၉လကျော်ရှိလာပြီဖြစ်သလို သိန်းနဲ့ချီတဲ့ဒေသခံတွေဟာလည်း အိုးအိမ်စွန့်ခွာပြီးတော့ လုံခြုံမယ့်နေရာတွေကို ရွှေ့ပြောင်းနေထိုင်နေကြဆဲဖြစ်ပါတယ်။တချို့ဒေသခံတွေက ကျေးရွာတွေက ဆွေမျိုးအိမ်တွေ အသိမိတ်ဆွေအိမ်မှာ နေထိုင်ကြတာရှိသလို အများစုကတော့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဖြစ်သလိုနေထိုင်နေကြရတာပါ။

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အမိုးအကာတွေ လုံလုံလောက်လောက် မရှိတာ သန့်ရှင်းတဲ့ သောက်သုံးရေမရရှိတာတွေကြောင့် အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ အရေပြားရောဂါဖြစ်နေတဲ့ နေရာတချို့ကတော့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဒုက္ခသည် စခန်းတချို့ IDPစခန်းတချို့မှာ အရေပြားရောဂါတွေ ဖြစ်နေတာရှိတယ်။ အဓိကတော့ ရေလွမ်းမိုးတဲ့ အချိန်မှာ ရေတွင်း ရေကန်တွေ ပျက်စီးသွားတာကြောင့် ရေသန့်မရတာ တွေနဲ့အဓိက သက်ဆိုင်တာပေါ့နော်၊ အဲဒီရေမသန့်တဲ့ဟာတွေကို သောက်မိတဲ့ အတွက် ကြောင့်မို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေရှိတယ် နောက်ပြီးတော့ အရေပြား ရောဂါဖြစ် တာတွေရှိတယ်။”

ရခိုင်ပြည်နယ်မှာတကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့က ဒီကနေ့အထိ ကုန်းလမ်းရေလမ်းတွေ အားလုံးပိတ်ထားသလို ပြည်မဘက်ကနေ ကုန်စည်နဲ့ ဆေးဝါးစီးဆင်းမှုတွေကိုလည်း စစ်ကောင်စီကဘက်က ပိတ်ပင်ထားတာဖြစ် ပါတယ်။ ဒါကြောင့်မလို့လည်း ဒေသတွင်းမှာ စားသုံးကုန်စည်တွေ ရှားပါးလာနေ သလို ဆေးဝါး ပြတ်တောက်မှုတွေဟာလည်း တနေ့ထက် တနေ့ဆိုးရွားလာနေတယ်လို့ ရခိုင်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ ဒီရခိုင်ဘက်မှာကျတော့ စစ်ဘေးရှောင်စခန်းတွေရော ဒေသခံတွေအကုန်လုံးက ဆေးဝါးပြတ် လပ်တာကို ခံနေရတာပေါ့နော်။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ အကုန်လုံးပြတ်နေတယ်၊ အခုညီတို့ကြားရတာက စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် ယားနာတွေ ဝဲတွေဘာတွေ ဖြစ် နေကြတယ်၊အဲတာကို သူတို့ရဲ့ ငွေကြေး လိုအပ်ချက်အရရော ဆေဝါးပြတ်လပ် တာတွေရော အမျိုးမျိုးကြုံနေရတဲ့ အခြေအနေရှိတယ်။”

အာရက္ခတပ်တော်AA ကတော့ လက်ရှိကျန်းမာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ကျန်းမာရေး အကူအညီပေးနေပေမဲ့ ဆးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ ကျနော်တို့ ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးပြီးတော့မှ ကျနော်တို့ လိုအပ်တဲ့ ကုသမှု တွေတော့ တောက်လျောက်လုပ်နေတာရှိပါတယ်။ မောင်တောမြို့နယ်ဘက်မှာလည်း စစ် ရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်တာရှိတယ်။ ဆိုတာ့ ဆေးဝါးလို အပ် မှုကတော့ တောက်လျောက်ရှိနေတယ်ဗျာ။ ဆိုတော့ ကျနော်တို့မှာ ရှိတဲ့ ဆေးဝါးတွေနဲ့ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာရှိတယ် ဒါပေမယ့် ဆေးဝါးလို အပ်ချက်ကတော့ အများကြီးရှိနေသေးတယ်။”

AAအဖွဲ့က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာရှိတဲ့ ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်တာတွေရှိနေတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ရခိုင်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ ဒီ AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာများသောအားဖြင့် ဆရာဝန်တွေက ရှောင်သွား တဲ့သူတွေ များတယ်ပေါ့နော် ဒီဘက်မှာဆိုရင် ဆရာဝန်အရမ်းနည်းတယ်၊ သားဖွားဆရာမ မရှိတာတို့ အဲလိုမျိုး အများကြီးရှိတယ်၊ သူနာပြုတွေလည်း အတူတူပဲ ဆက်မလုပ်တော့ တာတွေ နောက်ပြီးတော့ ရန်ကုန်ဘက်ကို ပြေးသွားတာတွေအများကြီးရှိတယ်ပေါ့နော် ဆိုတော့ ဆေးဝါးရော ဆေးရုံ ဆေးခန်းတွေရော သူနာပြုတွေရော အရမ်းနည်းနေတဲ့ အနေ အထားရှိပါတယ်။”

တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တကျော့ပြန် ကြီးထွားလာမှာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း သတိပေးနေတာပါ။ စစ်ရေးပဋိပက္ခတွေကြား ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်ပြည်နယ်က အရပ်သား ဒေသခံတွေကို ကာကွယ်စောင့်ရှောက်ဖို့လည်း မကြာသေးခင်ကပဲ ကုလသမဂ္ဂ တာဝန်ရှိသူတွေ တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG