သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် AA အဖွဲ့နဲ့ ဆက်သွယ်မေးမြန်းချက်


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

ရခိုင် မြောက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ မောင်တော မှာ လူမျိုး၊ ဘာသာ မခွဲခြားပဲ အရပ်သားအားလုံးကို ကူညီစောင့်ရှောက်ပေးနေကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အထိရောက်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ မောင်တောက ရိုဟင်ဂျာမွတ်စလင်တွေဟာ အခု ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဖိနှိပ်မှုတွေကို ဆက်ပြီးရင်ဆိုင်နေရတယ်ဆိုတဲ့ နိုင်ငံတကာ အစီရင်ခံစာတွေ ထွက်ပေါ်လာနေတာပါ။

မနေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ အထူးအကြံပေးကောင်စီရဲ့ ကြေညာချက်မှာ မောင်တောက အရပ်သားတွေကို AA အနေနဲ့ အကာအကွယ်ပေးဖို့ တိုက်တွန်းထားတဲ့အပေါ် AA ရဲ့ တုံ့ပြန်ချက်ကို မေးကြည့်ပါတယ်။

ဗွီအိုအေ။ ။ မောင်တောမြို့ကပေါ်ကနေ ကယ်ထုတ်ထားတဲ့ ရိုဟင်ဂျာတွေ ကျန်းမာရေး စောင့်ရှောက် မှုမရတာကြောင့် သေဆုံးတာတွေရှိတယ်လို့ကြားတယ်။ သူတို့ရဲ့စား ဝတ်နေရေး အခြေအနေ ဘယ်လိုရှိပါသလဲ။

ခိုင်သုခ။ ။ မောင်တောမြို့ရဲ့ အခြေအနေကတော့ တိုက်ပွဲတွေက လွန်ခဲ့တဲ့ သြဂုတ်လ ၄ရက်နေ့က စလို့တောက်လျှောက်ပြင်းထန်နေတာပေါ့နော်၊ ဆိုတော့ တိုက်ပွဲပြင်းထန်နေတဲ့ ကာလမှာ ကျနော်တို့က ဒီမွတ်ဆလင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီပေါင်းပြီးတော့မှ လူသားဒိုင်းကာလုပ်ထားတဲ့ မောင်တောမြို့ခံတွေကို ကျနော်တို့ ကယ်ထုတ်နေတာရှိတယ်။ ဆိုတော့ သြဂုတ်လ ၇ ရက်နေ့ကနေ အခုအချိန်ထိ ဆိုလို့ရှိရင်တော့ အားလုံး မောင်တောမြို့ ၂ သောင်း လောက်ကို ကယ်ထုတ်ထားတာရှိတယ်။

ဆိုတော့ ကျနော်တို့ ကယ်ထုတ်လာတဲ့ ပြည်သူတွေကို ပိုပြီးတော့ လုံခြုံတဲ့နေရာတွေမှာ နေရာချထားပေးတာရှိတယ်၊ အဲဒီမှာ သောက်သုံးရေသန့်မရတာတွေ၊ မိုးရေ ရေကြီးတာကြောင့် ရေတွင်းရေကန်တွေ ရေနစ်သွား တာတွေကြောင့် IDPစခန်းတချို့မှာ ဝမ်းရောဂါတွေ ဖြစ်နေကြတာရှိတယ်၊ အားလုံးပေါင်းကတော့ လူ ၃၅ဝလောက် ဝမ်းရောဂါ ဖြစ်ကြတာရှိတယ်။ အဲဒီမှာ ၅ယောက် ကတော့ သေဆုံးသွားတာရှိတယ်ဗျ။ ဆိုတော့ အဲဒီမှာ ဝမ်းရောဂါ ထိမ်းချုပ်ရေး အတွက်ဆေး ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတာရှိတယ်။ အခုလက်ရှိမှာတော့ ကျနော်တို့မှာ ရှိတဲ့ ဆေးဝါးတွေနဲ့ ကျနော်တို့ တတ်နိုင်သမျှ ကုသပေးနေတယ်။ ဒါပေမယ့် ဆေးကတော့ နောက်ထပ်အများကြီးလိုနေသေးတယ်။

ဗွီအိုအေ။ ။လက်ရှိမောင်တောဒေသက စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအခြေ အနေဘယ်လိုရှိပါသလဲ။

ခိုင်သုခ။ ။ အစားအသောက်ကတော့ ကျနော်တို့မှာ ရှိနေတဲ့ အရင်းအမြစ်တွေနဲ့ ကျနော်တို့ အကောင်းဆုံး ကူညီထောက်ပံ့ပေးနေတာရှိတယ်၊ ဒါပေမယ့် ရေရှည်အတွက်ဆိုလို့ရှိရင်တော့ အခက်အခဲတွေ အများကြီးဖြစ်လာနိုင်တယ်၊ အဲဒီစားရေးသောက်ရေး ကိစ္စတွေ။ နောက်ဒီအခုနေထိုင်နေတဲ့ နေရာတွေမှာလည်းပဲတခြားလိုအပ်ချက်တွေ ဖြစ်တဲ့ အမိုးအကာတွေ၊ ပြီးလို့ရှိရင် ဆေးဝါးပစ္စည်းတွေ သောက်သုံးရေသန့်ရရှိရေးကိစ္စတွေ၊ အဲဒါတွေက အရေးပေါ် လိုအပ်နေတဲ့ဟာတွေ ဖြစ်တယ်၊ ရေရှည်အတွက်ဆိုရင် ပိုပြီးတော့အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မလို့ နိုင်ငံတကာက ကူညီထောက်ပံ့တဲ့ အဖွဲ့တွေအနေနဲ့ အမြန်ဆုံးကူညီထောက်ပံ့ပေးကြဖို့ လိုတာပေါ့နော်၊ မဟုတ်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ IDPတွေရဲ့ နေထိုင်စားသောက်ရေး ကျန်းမာရေးကိစ္စတွေက အများကြီး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်။

ဗွီအိုအေ။ ။ မောင်တောတိုက်ပွဲ အခြေအနေ ဘယ်လိုရှိနေပါသလဲ။ မြို့တွင်းမှာ ပိတ်မိနေသူတွေရှိနေသေးလား။

ခိုင်သုခ။ ။ မြို့ထဲမှတော့ အကြမ်းဖက် စစ်ကောင်စီနဲ့ မွတ်ဆလင်ဘာသာရေး အစွန်းရောက်အဖွဲ့တွေ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူတွေကတော့ ဆက်လက်ပြီးတော့ ကျန်ရှိနေသေးတယ်။ ဆိုတော့ ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်းပဲ ကယ်ထုတ်နိုင်ဖို့ အတွက် ဆက်လက်ပြီးတော့ ကြိုးစားနေတယ်။ အခုဒီကြားထဲမှာ ဖက်ဆစ်စစ်ကောင်စီနဲ့ သူတို့ သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေက မောင်တောမြို့ရဲ့ တချို့နေရာတွေမှာ တိုက်အိမ်တွေ အထပ်မြင့်အဆောက်အဦတွေကို အခိုင်အမာနေရာယူပြီးတော့မှ ခုခံနေတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်လည်းပဲ တလမ်းဝင်တလမ်းထွက်ပြီးတော့ ရှင်းလင်းရေးလုပ်နေရတဲ့ သဘောရှိတယ်။ ဒါကြောင့် မောင်တောနေရာအများစုမှာ ဆက်လက်ပြီးတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ပြောလို့ရတယ်။

ဗွီအိုအေ။ ။မောင်တောက အရပ်သားတွေကို ကာကွယ်ပေးဖို့ မြန်မာနို်င်ငံအထူးအကြံပေးကောင်စီရဲ့ တိုက်တွန်းချက်အပေါ် AAဘက်က ဘယ်လိုမြင်ပါသလဲ။

ခိုင်သုခ။ ။ သူတို့ရဲ့ စိုးရိမ်ချက်ကိုတော့ ကျနော်တို့ နားလည်ပါတယ်၊ ဘာကြောင့်လဲဆိုလို့ရှိရင် ကျနော်တို့ ULA/AA ကို မလိုလားတဲ့ ပြည်ပရောက် အဖွဲ့အစည်းတွေ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ သူတွေက သတင်းတု သတင်းမှားတွေကို တောက်လျောက် ထုတ်ပြန်နေတဲ့ အခါကျတော့ တချို့နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းပဲ ယုံထင်ကြောင်ထင် ဖြစ်ကြတဲ့ဟာတွေ ကျနော်တို့ တွေ့ရတယ်။ တကယ်မြေပြင်မှာကတော့ သူတို့ဘက်ကပြောနေသလိုမျိုး စိုးရိမ်စရာဘာမှ မရှိပါဘူးလို့ ကျနော်ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးအရကတော့ ကျနော်တို့ ဘာသာလူမျိုးမခွဲခြားပဲနဲ့ ကျနော်တို့ ကူညီစောင့်ရှောက်ပေးနေတာဖြစ်တယ်။

ပြည်ပရောက်အဖွဲ့တွေ စွပ်စွဲနေသလို ဘာသာရေးလူမျိုးတင်းမာမှုတွေ ဘာမှမရှိဘူးဗျာ။ နောက်ပြီးတော့ ကျနော်တို့က လူမျိုးဘာသာမတူတဲ့ လူ့အဖွဲ့အစည်းကြားထဲမှာ သဟဇာတဖြစ်ဖို့ကို ကျနော်တို့ အုပ်ချုပ်ရေးစပြီးတော့ လုပ်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက တောက်လျှောက်လုပ်လာတာဖြစ်တယ်။ အခုကတော့ သဟဇာတဖြစ်မှုက အများကြီးတိုးတက်မှုရှိတယ်လို့ ပြောလို့ရတယ်၊ ခင်ဗျားတို့လည်းတွေ့မှာပဲ အခု မြောက်ဦး၊မင်းပြား ၊ ကျောက်တော၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင် အဲဒီနေရာတွေအားလုံးမှာ ဒါ ဘာမှပြဿနာကြီးကြီးမားမား ဖြစ်တာမရှိပါဘူး။ ကျနော်တို့ တဘက်နဲ့ တဘက် ကူညီရိုင်းပင်းမှုတွေ အများကြီးရှိခဲ့တာပဲ။

ဗွီအိုအေ။ ။ မောင်တော တိုက်ပွဲမှာ ရိုဟင်ဂျာတွေအပေါ် အရက္ခတပ်တော်AAဘက်က အကြမ်း ဖက်လုပ်ရပ်တွေ လုပ်နေတာရှိတယ်လို့ နိုင်ငံတကာအဖွဲ့တွေနဲ့ ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားသူတွေ ပြောဆိုနေကြတာရှိပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ဘာပြောချင်ပါသလဲ။

ခိုင်သုခ။ ။ မောင်တောဘက်မှာတော့ ကျနော်တို့လည်း အများကြီးသတိထားပါတယ်။ မောင်တောမြို့ သိမ်းတိုက်ပွဲ မပြင်းထန်ခင်အချိန်အထိ မွတ်ဆလင်ဘာသာရေးအစွန်းရော အကြမ်းဖက်အဖွဲ့ အစည်းတွေက သူတို့ လက်ကမ်းစာစောင်တွေဖြန့်ပြီးတော့မှ မောင်တောမှာ လှုံဆော်တာတွေ ရှိတယ်။ အဲဒီမှာ ဘာတွေ ပါလဲဆိုရင် မောင်တောမြို့ဟာ ခင်ဗျားတို့ မြို့ဖြစ်တယ်၊ ဒီမြို့ကို ခင်ဗျားတို့ကာကွယ်ရမယ်၊ မောင်တောမြို့ထဲက ထွက်သွားမယ့်ဟာကို အလ္လာအရှင်မြတ်က ခွင့်မပြုဘူး၊ အဲဒီလိုမျိုး ဘာသာရေးအရ လှုံဆော်တဲ့ဟာတွေကိုမွတ်ဆလင် ဘာသာရေး အစွန်းရောက် အဖွဲ့တွေက တောက်လျှောက်လုပ်နေတာရှိတယ်၊ ဆိုတော့ အဲဒါက တချက်ပေါ့နော်။

နောက်တချက်တော့ ပြည်ပမှာရောက်နေတဲ့ တက်ကြွလှုပ်ရှားသူလို့ပြောတဲ့ အဖွဲ့တွေက သူတို့ အကျိုးစီးပွားအတွက် သတင်းအမှားတွေကို ဖြန့်နေတာရှိတယ်၊ တချို့ဟာတွေက သူတို့မှာ ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျလုပ်နေတာလို့ပြောလို့ရတယ်၊ အထူးသဖြင့်ကတော့ ဘူးသီးတောင် မောင်တော ဒေသကို သူတို့မွတ်ဆလင်တွေအတွက် safe zone တခုတည်ဆောက်ဖို့အတွက် သူတို့ရည်မှန်းချက်ကို တဆင့်ချင်းအကောင်အတည် ဖော်နေတာလို့မြင်တယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက် စစ်ကောင်စီဆီမှာ လူမျိုးတုန်းသတ်ဖြတ်ခံရတယ်ဆိုပြီး တရားစွဲတယ်၊ တဖက်မှာလည်း ကျနော်တို့ ULA/AA က ဒီနယ်မြေတွေကို သိမ်းပိုက်လာတဲ့အချိန် သူတို့ကို နှိပ်စက်ပါတယ်ဆိုပြီးတော့ လုပ်ကြံဖန်တီးပြီးတော့ သတင်းတွေဖြန့်တယ်။

သူတို့ရဲ့ ဦးတည်ချက်တော့ သူတို့ဟာ ဘယ်သူ့လက်အောက်မှာမှ လုံခြုံမှုမရှိဘူး၊ ဒါကြောင့် သူတို့မွတ်ဆလင်တွေအတွက် safe zoneလုပ်ပေးရမယ်ဆိုပြီးတော့မှ နိုင်ငံတကာကို သတင်းအမှားတွေ ဖြန့်တာပေါ့၊ တကယ်လိုဆိုလို့ရင်တော့ ကျနော်တို့ ထိန်းချုပ်ထားတဲ့အချိန်မှာ လုံခြုံရေး ခြိမ်းခြောက်မှုလည်းမရှိဘူး၊ လူမျိုးရေး ဘာသာရေး အဲလိုမျိုး တင်းမာမှုတွေလည်း ဘာမှမရှိဘူး လုပ်ကြံဖန်တီးနေတာဖြစ်တယ်။

ဥပမာတခုက လွန်ခဲ့တဲ့ သြဂုတ်လ ၅ရက်နေ့မှာ နတ်မြစ်အလယ်မှာ အမျိုးသမီးနဲ့ ကလေးတွေသေတယ်ဆိုတဲ့ ကိစ္စပေါ့နော်၊ တကယ်ဖြစ်တာက အဲဒီမှာ စက်လှေနစ်ပြီးတော့ သေကြတာ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေရဲ့ မိသားစုတွေ ဘင်္ဂလားဒေရှ့်ဘက်ကို စက်လှေတွေနဲ့ ပြေးတယ်၊ ဆိုတော့ ဗမာအကြမ်းဖက်စစ်ကောင်စီက မောင်တောက ဘယ်သူမှထွက်မသွားရဘူးလို့ ပြောထားတာကို ငါတို့ခွင့်ပြုချက်မရပဲ ဘာလို့သွားလဲဆိုပြီး စစ်ကောင်စီလိုက်ပြီးတော့ ဒရုန်းနဲ့ ဗုံးကြဲတယ်၊ အဲဒီမှာ RSOအဖွဲ့က အမျိုးသမီးတွေနဲ့ ကလေးတွေကို စက်လှေပေါ်က ပစ်ချပြီးတော့ သူတို့က လှေကိုယူပြီးပြေးသွားတာ၊ ဒါကြောင့် အများစုက အဲဒီမှာ ရေနစ်ပြီးတော့ သေကြတာ။

အဲဒီအလောင်းတွေက ဟိုဘက် နတ်မြစ်အဝမှာ ရှိတဲ့ ရှာပေါ်ရီယာကမ်းခြေမှာ သွားပြီးတော့ တင်တာပေါ့၊အဲတာကိုတက်ကြွလှုပ်ရှားသူတွေက သူတို့လိုချင်တဲ့ ပုံစံဖြစ်အောင် Videoရိုက်တာပေါ့။ ပြီးတော့မှဒါက AAက ဒရုန်းနဲ့ ဗုံးကြဲလို့ သေတာပါဆိုပြီးတော့ မဟုတ်မမှန် ဝါဒဖြန့်တာတွေရှိတယ်။ သူတို့ အခုလိုလိမ်ညှာ ဝါဒဖြန့်နေတာကအနာဂတ်မှာ ငြိမ်းချမ်းစွာအတူနေထိုင်ရေးကို အများကြီးခြိမ်းခြောက်နေတာဖြစ်သလို AAကတောက် လျှောက်ကြိုးစားနေတဲ့ သဟဇာတဖြစ်ရေးကို အနှောင့်အယှက်ပေးနေတာဖြစ်တယ်လို့ မြင်ပါတယ်။

ဗွီအိုအေ။ ။ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးတိုက်ပွဲအခြေအနေဘယ်လိုရှိပါသလဲ။

ခိုင်သုခ။ ။ ရခိုင်ဒေသတခုလုံးရဲ့ တိုက်ပွဲအခြေအနေကတော့ မောင်တောဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်နေသလို တခြားတောင်ပိုင်းက နေရာတွေဖြစ်တဲ့ သံတွဲနဲ့ ဂွမြို့နယ်တွေမှာလည်း ကျနော်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ဂွမြို့နယ်ထဲမှာဆိုလို့ရှိရင်တော့ ကျိန္တလီမြို့တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ တယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းကနေပြီးတော့ တောက်လျှောက် လာရောက် ဗုံးကြဲတိုက်ခိုက်နေတာရှိတယ်။ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့ နေ့လည် ၁နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ ကျိန္တလီမြို့ထဲကို ဗုံးကြဲခဲ့တာကြောင့် ခရစ်ယာန် ဘုရားကျောင်းတခု ဗုံးထိမှန်တာရှိတယ်။ အဲဒီမှာ လူ ၁၁ယောက် သေဆုံးပြီးတော့ ၁၁ယောက် ဒဏ်ရာရတာရှိတယ်။ နောက်ထပ် သံတွဲမှာလည်း နောက်ဆုံးကျန်နေတဲ့ မောင်ရွှေလေးနဲ့ကွင်းဝိုင်းရေတပ်စခန်းတဝိုက်မှုတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်၊ ပြီးတော့ အမ်းမြို့နယ်ထဲက တချို့နေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတာရှိတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG