သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး


သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)
သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့အနီး စစ်ကောင်စီ လက်ကျန် ရေတပ်စခန်းကို အာရက္ခတပ်တော်AA က ဆက်လက် ထိုးစစ်ဆင်နေပြီး၊ တချိန်တည်းမှာပဲ ကပ်လျက်ရှိနေတဲ့ ဂွမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။ တိုက်ပွဲတွေကြား ဒေသခံတွေ သေဆုံးနေကြရသလို၊ ဘေးလွတ်ရာ တိမ်းရှောင်တဲ့သူတွေ အများအပြားရှိနေတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ လက်ကျန်စခန်းတခုဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA ဘက်က ဆက်လက်ထိုး စစ်ဆင်တိုက် ခိုက်နေဆဲဖြစ်ပြီး ငပလီကမ်းခြေတလျှောက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

မနေ့က လည်း စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ မောင်ရွှေ လေး ရေတပ်စခန်းနဲ့ ၁မိုင်ခွဲလောက်အကွာမှာရှိတဲ့ ရွာသစ်ကုန်းကျေးရွာမှာ ကျရောက် ပေါက်ကွဲခဲ့ တာကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိတာတွေလည်း ရှိတယ်လို့ စစ်ရေးနီးစပ်သူ တဦးကပြောပါတယ်။

“မောင်ရွှေလေး ရေတပ်စခန်းကနေ တမိုင်ခွဲလောက်အကွာမှာရှိတဲ့ ရွာသစ်ကုန်းမှာ ရွာသား တွေကို လေယာဉ်ဝဲရင်ကြောက်တယ် လက်နက်ကြီးပစ်ခတ်သံတွေ ရှိရင် ကြောက် တယ်ဆို ပြီး တော့ လုံခြုံမယ်ထင်ပြီးတော့ ဘုန်းကြီးကျောင်းမှာ သွားနေတာ၊ အဲဒီမှာ ထမင်း စားနေတဲ့ အချိန် ၁၂နာရီဝန်းကျင်ပေါ့ မောင်ရွှေလေး ရေတပ်စခန်းက ပစ်လိုက်တဲ့ လက်နက် ကြီးကျည် ကျပြီးတော့ ဘုန်းကြီးကျောင်းလည်း ပျက်သွားတယ်၊ လူကလည်း ၆ယောက် သေသွားတယ် နောက်ထပ် ဒဏ်ရာရတဲ့ သူတွေလည်း အများအပြားရှိတယ်။”


လက်ရှိမှာတော့ သံတွဲမြို့ပေါ်နဲ့ ငပလီကမ်းခြေတလျှောက်က တပ်စခန်းတွေကို အာရက္ခ တပ်တော်AAဘက်က သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီရဲ့ တခုတည်းသောလက် ကျန်စခန်းဖြစ်တဲ့ မောင်ရွှေလေးရေတပ်စခန်းကို ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ တဆက်တည်းမှာပဲ သံတွဲမြို့နယ် နဲ့ ဂွမြို့နယ်ကြား မှာရှိတဲ့ ကျိန္တလီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်AAက မနေ့က ညနေပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးနီးစပ်သူတဦးကပြောပါတယ်။

“ မနေ့ညက ၆နာရီအထိုးခင် ၅နာရီခွဲလောက်မှာ စပြီးတော့ ပေါက်ကွဲသံတွေ ကြားရတယ်၊ ပထမတချက်ကတော့ ကျိန္တလီရဲစခန်းနားကတောင် ပေါက်ကွဲသံ ပမထဆုံးထွက်ပေါ်တယ်၊ ပြီးတော့ နှစ်ဘက် လက်ငယ်ပစ်ခတ်သံတွေ ကြားရတယ်၊ အဲဒီနောက်ပိုင်းမှာ ကျိန္တလီမြစ် ထဲမှာရှိတဲ့ နေဗီက လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ မကြာဘူး ဂျက်ဖိုက်တာ တစီးလာပြီးတော့ ပစ်တယ် အဲဒီမှာနေရာ တော်တော်များများ ပျက်စီးသွားတယ်၊ ဒီနေ့မှာ တော့ တိုက်ပွဲက မြို့တွင်းကို ရောက်လာတယ်၊ တိုက်ပွဲက ပြင်းပြင်းထန် ထန်ဖြစ် နေတယ်။”

လက်ရှိ AA ဘက်က စစ်မျက်နှာဖွင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကျိန္တလီဟာ ဂွမြို့နဲ့ မိုင် ၄ဝလောက်အကွာရှိနေ တာလည်းဖြစ်ပါ တယ်။ AAအနေနဲ့ ဂွမြို့ကို တိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင် သံတွဲနဲ့ ဂွကြားမှာရှိတဲ့ ကျိန္တလီ ကို အရင်တိုက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ဂွမြို့အတွက်ခုခံစစ်အနေနဲ့ ကျိန္တလီမှာ အင်အားအများ အပြားဖြည့် တင်းထားတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေကြရသလို မြို့တွင်းပိတ်နေသူတွေလည်းရှိတယ်လို့ စစ်ဘေးကနေ ထွက်ပြေးတိမ်း ရှောင်နေတဲ့ ဒေသခံတဦးကပြောပါတယ်။

“ ကျနော်တို့ ရှောင်နို်င်တဲ့ သူတွေကတော့ ဂွဘက်အခြမ်းမှာနေတဲ့သူတွေက ပြည်မဘက် ထွက်နိုင်တဲ့သူတွေက ထွက်သွားပြီပေါ့၊ နောက် မထွက်နိုင်တဲ့သူတွေကတော့ နီးစပ်ရာမှာပဲ အဓိကတော့ လမ်းကြောတလျောက်ပေါ့ ဂွ သံတွဲ ကျိန္တလီ လမ်းကြောတလျောက်မှာရှိတဲ့ ရွာတွေက ဒေသခံတွေကတော့ လမ်းကြောနဲ့ ဝေးတဲ့နေရာတွေကို ရှောင်ကြတယ်။ ဒီအတိုင်း ပဲ ဆက်နေတဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲကတော့ ဂွနဲ့ဆိုရင် မိုင် ၄ဝလောက်ဝေး သေး တာပေါ့။”

ဒါ့အပြင် အာရက္ခတပ်တော်AAအနေနဲ့ ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်တခုလုံးကို သိမ်းပိုက်ရရှိနိုင်ဖို့လည်း အပြင်းအထန်တိုက်ခိုက်နေတာပါ။ မွတ်ဆလင်အများစုနေထိုင်တဲ့ မောင်တောမှာ စစ်ကောင်စီ လက်နက်ကိုင်တခုတည်းမဟုတ်ပဲ စစ်ကောင်စီက သင်တန်းပေးပြီး လက်နက်တပ် ဆင်ပေး ထားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်လက်နက်ကိုင်တွေလည်း အများအပြား ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခြေအနေတွေ ရှုပ်ထွေးနေပြီး တိုက်ပွဲပြင်းထန်နေတဲ့မောင်တောမြို့တွင်းမှာ ပိတ်မိနေတဲ့သောင်းနဲ့ချီတဲ့ဒေသခံရိုဟင်ဂျာတွေကို ဒီရက်ပိုင်းအတွင်းမှာာပဲ အာရက္ခတပ် တော်AAဘက်က ကယ်ထုတ်ပြီးတော့ ဘေးလွတ်ရာကို ပို့ဆောင်ထားတယ်လို့ AAဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်က တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ရိုဟင်ဂျာ အများအပြားဟာလည်းနတ်မြစ်ကိုဖြတ်ပြီး တဘက် ဘင်္ဂလားဒေရှ့်နိုင်ငံက ထွက်ပြေးကြတာတွေလည်းရှိနေတာပါ။ ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးတဲ့ ရိုဟင်ဂျာ တော်များများ မြစ်တွင်းလှေမြုပ်ပြီးသေဆုံးကြတဲ့ Vedio Fileတွေ လူမှူကွန်ယှက် ပေါ်မှာပြန့်နှံ့ နေပါတယ်။

ဒါအပြင် သြဂုတ်လ (၅) ရက်နေ့က တိုက်ပွဲတွေကြား ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေ အပါအဝင် ဒါဇင်နဲ့ချီ သေကျေထိခိုက်ခဲ့ရကြောင်း Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။ တိုက်ခိုက်မှုဟာ AA အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ကိုယ်တွေ့ကြုံရသူ တွေကို သတင်းမှာ ကိုးကားဖေါ်ပြထားပေမဲ့ AA ဘက်ကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG