သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား ဒေသခံတွေ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုနဲ့ကြုံ


ရက္ခိုင်တပ်တော် AA နဲ့ မြန်မာစစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ပျက်စီးသွားတဲ့ နေအိမ်များကိုတွေ့ရစဉ် (မေ ၂၁၊ ၂၀၂၄)
ရက္ခိုင်တပ်တော် AA နဲ့ မြန်မာစစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ပျက်စီးသွားတဲ့ နေအိမ်များကိုတွေ့ရစဉ် (မေ ၂၁၊ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာကြောင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ နေထိုင်မကောင်းတာ၊ သေဆုံးတာတွေပါ ရှိနေတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်က ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ၇ လကြာ တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့ လူနေမှုဘဝတွေ၊ ကုန်စည်စီးဆင်းမှုတွေကို ထိခိုက်နေရတာပါ။ တိုက်ပွဲတွေကြောင့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေနဲ့အတူ ကုန်စည်နဲ့ ဆေးဝါးရှားပါးမှုတွေ ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ နိုင်ငံတကာ အကူအညီတွေလည်း မရနိုင်သေးတဲ့ အခြေအနေမှာ ဒေသခံတွေ။ နေရပ်စွန့်ကြရတဲ့ ဒုက္ခသည်တွေ အဖက်ဖက်က အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဒေသခံ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

“ ရခိုင်ဒေသဆိုတာက INGO တွေ NGO တွေ အဓိကအလုပ်လုပ်တဲ့ ဒေသထဲမှာပါဝင်တယ်ပေါ့၊ ဒါပေမယ့်လည်း ဒီတကြော့ပြန်တိုက်ပွဲနောက်ပိုင်းမှာ INGO NGOတွေက လုံးဝမတွေ့ရတော့ဘူး၊ လုံးဝဆိုရင် လုံးဝကို မတွေ့ရတော့ဘူး၊ အဲတာကြောင့် သူတို့မရောက်တော့ ဒီဘက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ပိုပြီးတော့ ဆိုးဆိုးရွား ရွားဖြစ်သွား တယ်ခင်မျာ။”

ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ဒေသမှာ မကြာသေးခင်က မိုးအဆက်မပြတ် ရွာသွန်းမှုတွေ ကြုံခဲ့ရတာကြောင့် လိုအပ်ချက်တွေ ပိုများလာတယ်လို့လည်း ပြောပါတယ်။

“ ဒီဘက်မှာက မိုးအရမ်းများတယ်။ မိုးများတော့ ဘာဖြစ်လာလဲဆိုရင် လူတွေနေထိုင်မ ကောင်း တာတော်တော်များများတယ်၊ တုတ်ကွေးဖြစ်တာ များတယ် ဖျားတာနာတာကလည်း တော် တော်များတယ်၊ အဆိုးရွားဆုံးက ဒီဘက်မှာ ဆေးဝါးတွေ လိုသလောက်မရဘူး၊ ပြီးတော့ ဆရာဝန်တွေက လုံလုံလောက်လောက်မရှိဘူး၊ အဲတာကြောင့် ကျန်းမာရေးအခြေ အနေက လည်း တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်နေတယ်။”

ပေါက်တောမြို့နယ်က ခန့်မှန်းခြေ လူ ၇၀၀၀ ကျော်ရှိတဲ့ ကြိမ်နီမြင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာလည်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ မရရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ သေဆုံးတာတွေ ရှိတယ်လို့လည်း ဒုက္ခသည်တဦးကပြောပါတယ်။

“ ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေက မြေပုံအထိ သွားပြီးတော့ ဆေးကုရတာဆိုတော့ လူတိုင်းလည်း မသွားနိုင်ဘူးလေ၊ ကိုယ်ဝန်ဆောင် မိန်းကလေးတွေ လည်း တယောက်နှစ်ယောက် သေသွားတာရှိတယ်၊ မကြာသေးဘူး ပြီးခဲ့တဲ့ လက သေသွား တာ။ ဘာလို့လည်းဆိုတော့ဒီစခန်းမှာက ကလေးမွေးကျွမ်းသူမရှိဘူးလေ၊ ကျန်းမားရေးစောင့်ရှောက်မှုလည်းမရတော့ ကိုယ်ဝန်သည်တွေကလည်း အလေးမထားပဲနေခဲ့တယ်၊ ဘယ်လို ပြောရမလဲ ကလေးမွေးတဲ့အခါ မမွေးနိုင်လို့ သေသွားတာပါ။”

ကျန်းမာရေး ပြဿနာတွေ ကြုံနေရပေမဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ မရနိုင်သလို၊ ဆေးရုံဆေးခန်း သွားဖို့လည်း မလွယ်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

“ ဆေးရုံကို ဘာလို့ မပို့ကြတာလဲဆိုတော့ စစ်တွေကိုလည်း သွားလို့မရဘူး၊ ဒီပေါက်တောမှာ လည်း မရှိတော့ဘူး၊ အနီးအနားမှာ ကျန်းမာရေးပိုင်းဆရာဝန်တွေ လည်းမရှိတော့ဘူး၊ ကျနော်တို့ ကြိမ်နီပြင် စခန်းနဲ့ မြေပုံဆိုတာ တော်တော်လေးဝေးပါတယ်။ တရက်လောက် သွားရတာ ပိုက်ဆံလည်းမရှိဘူးဆိုတော့ ဘယ်လိုသွားရမလဲ အဲတာကြောင့် သေသွားတာပါ။”

ကြိမ်နီပြင် ဒုက္ခသည်စခန်းအတွက် အရင်ကနိုင်ငံတကာအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ ထောက်ပံ့တာရှိပေမယ့်လည်းလက်ရှိမှာ ထောက်ပံ့မှုတွေ ရပ်ဆိုင်းနေတာ ၆လနီးပါးရှိနေပြီဖြစ်တာကြောင့် စားဝတ်နေရေ ခက်ခဲလာနေတယ်လို့လည်း ပြောပါတယ်။

“ စားဝတ်နေရေးကတော့ ၂၀၂၄ ဖေဖော်ဝါရီလလောက်ပဲ စားနပ်ရိက္ခာဖြန့်ဝေပေးတယ်၊ လေး ငါး ခြောက်လလောက် ရိက္ခာလုံးဝမရဘူး။ ထောက်ပံ့ပစ္စည်းလည်း လုံးဝမရဘူး၊ ဒီIDPစခန်းထဲမှာ လူဦးရေလည်း အတော်များပါတယ်၊ တော်တော်လေး ခက်ခဲတယ်၊ အပြင်လည်း ထွက်လို့မရဘူး မိုးလည်းမလုံဘူး။ အမိုးအကာလည်းမရဘူး ဘယ်လိုပြောရမလဲ အကုန်လုံး ခက်ခဲနေတာ။”

အခုလိုစားဝတ်နေရေးအခက်ခဲတွေနဲ့ ရင်ဆိုင်ရတာဟာ ကြိမ်နီပြင်မွတ်ဆ လင်ဒုက္ခသည် စခန်းတခုတည်းမဟုတ်ပဲ တခြားတွေ စစ်ဘေးဒုက္ခသည် စခန်းတွေက ဒုက္ခသည်တွေဟာလည်း ကျန်းမာရေး ပညာရေး စားဝတ်နေရေးစတဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရတာပါ။ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သတိပေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG