သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမိတ်မြို့ကို TNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်


မိုးမိတ်မြို့
မိုးမိတ်မြို့

TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ကို အလုံးစုံသိမ်းယူနိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းများအရသိရပါတယ်။ မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းတခုဖြစ်တဲ့ မိုးမိတ်ဗျူဟာကုန်းကို ဇူလိုင်လ ၃၁ ရက်နေ့ မနက် ၁၁ နာရီမှာ ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ TNLA ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ အဲဒီနောက် စစ်ကောင်စီက ဗျူဟာကုန်းနေရာကို လေကြောင်းကတိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

မိုးမိတ်မြို့တိုက်ပွဲအတွင်းမှာ TNLA တအောင်းတပ်ဖွဲ့နဲ့အတူ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ပါဝင် တိုက်ခိုက်ခဲ့တာပါ။ TNLA တအောင်းတပ်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တိုက်ပွဲတွေအတွင်း ရှမ်းပြည်မြောက်ပိုင်း နောင်ချိုနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တို့ကိုလည်း သိမ်းယူထားပါတယ်။ မိုးမိတ်ကို TNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ ဆိုတဲ့ သတင်းအပေါ် စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ၇ ခုကို ထပ်မံသိမ်းယူခဲ့ပြီး ခုဆိုရင် မတ္တရာမြို့နယ် စစ်ကောင်စီတပ်စခန်းစုစုပေါင်း ၃၅ ခုသိမ်းပိုက်ထားတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ ဒါကို အတည်ပြုတာမျိုး မရှိပါဘူး။ မန္တလေးတိုင်းအတွင်း သပိတ်ကျင်း၊ ပုသိမ်ကြီးမြို့နယ်တွေအတွင်းမှာလည်း တိုက်ပွဲတွေရှိနေပြီး စဉ့်ကူးမြို့ကိုလည်း TNLA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက စဉ့်ကူးကို ပြန်လည်ထိုးစစ်ဆင်သိမ်းယူထားတယ်လို့ ပြောပေမယ့် ဒေသတွင်းသတင်းတွေအရတော့ စဉ်ကူးမြို့ တဘက်ကမ်းမှာပဲ စစ်ကောင်စီတပ်တွေ နေရာယူထားနိုင်တယ်လို့ သိရပါတယ်။

တချိန်တည်းမှာတော့ MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ လားရှိုးမြို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လားရှိုးမြို့တွင်း တိုက်ပွဲတွေ ရှိနေတုန်းဖြစ်ပါတယ်။ မြို့တွင်းနေရာအတော်များများနဲ့ လားရှိုးလေဆိပ်ကိုပါ MNDAA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတယ်လို့ ဒေသခံသတင်းတွေအရ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG