သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကုတ်မြို့ကို TNL‌A နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်


၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရက် (၃၀) ပြည့်မှာ မိုးကုတ်မြို့ကိုသိမ်းပိုက်လိုက်တဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုနှုတ်ဆက်တဲ့မြင်ကွင်း။ (ဇူလိုင် ၂၄၊ ၂၀၂၄/ဓာတ်ပုံ-PSLF/TNLA)
၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရက် (၃၀) ပြည့်မှာ မိုးကုတ်မြို့ကိုသိမ်းပိုက်လိုက်တဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုနှုတ်ဆက်တဲ့မြင်ကွင်း။ (ဇူလိုင် ၂၄၊ ၂၀၂၄/ဓာတ်ပုံ-PSLF/TNLA)

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရက် ၃၀ မြောက်မှာ မန္တလေးတိုင်း မိုးကုတ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလင်းခဲ့ပြီး မိုးမိတ်နဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က သူ့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်မှာ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။

လူမှုကွန်ရက်တွေမှာ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ တင်ထားတဲ့ ဓာတ်ပုံတချို့မှာတော့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို မြို့နေ လူထုက ကြိုဆို နှုတ်ဆက်နေကြတဲ့ မြင်ကွင်းတွေကို တွေ့မြင်ရပါတယ်။ မိုးကုတ်မြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ကြောင်း ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒေသတွင်း သတင်းဌာနတခု ဖြစ်တဲ့ ရွှေဖီမြေ သတင်းအေဂျင်စီရဲ့ ဖော်ပြချက်မှာတော့ မိုးကုတ်မြို့အရှေ့ပိုင်းက စစ်ကောင်စီတပ်နဲ့ ဖြူရောင်၊ ညောက်ကုန်းရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက မိုးကုတ်မြို့ကနေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ကို TNLA နဲ့ မန္တလေး PDF တို့လည်း ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစပြီး စတင်တိုက်ခိုက်နေတာပါ။ မိုးကုတ်မြို့ဟာ မန္တလေးတိုင်းအတွင်းမှာ TNLA နဲ့ ပူးပေါင်းတပ်တွေက ပထမဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက် အရတော့ မိုးကုတ်မြိုက စစ်ကောင်စီတပ်စခန်း အားလုံးကို ဇူလိုင် ၂၄ ရက် (ဗုဒ္ဓဟူးနေ့) ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီမှာ အပြီးတိုင် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိုးမိတ်မြို့မှာလည်း နေ့လယ်ပိုင်းမှာ စစ်ကောင်စီ လက်ကျန်တပ်စခန်းတခုဖြစ်တဲ့ မိုးမိတ်ဗျူဟာကုန်းကို TNLA က တိုက်ခိုက်ခဲ့တယ် ဆိုပါတယ်။

နောင်ချိုမြို့နယ် သဲခေါ်ရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး ဘန့်ဘွေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အုမ္မတီးရွာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုအရ MNDAA ကိုးကန့်တပ်က ရှမ်းမြောက်မှာ ဒီလကုန်အထိ တဘက်သတ်အပစ်ရပ်ကြောင်း ပြီးခဲ့တဲ့ စနေနေ့က ကြေညာထားပေမဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်ဖွဲ့တွေဟာ မိုးကုတ် အပါအဝင် လားရှိုး၊ ကျောက်မဲ၊ နောင်ချို မိုးမိတ် ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG