သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ကျောက်မဲမှာ ဒေသခံ ၃၀ ခန့်သေဆုံး


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အတွင်း ဈေးတခုမှာ တွေ့ရတဲ့ လုံခြုံရေးယူနေတဲ့ တအာင်းပြည်သူ့လွတ်မြောက်ရေးတပ် TNLA တပ်ဖွဲ့ဝင်တဦး (ဇူလိုင် ၃၊ ၂၀၂၄)
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အတွင်း ဈေးတခုမှာ တွေ့ရတဲ့ လုံခြုံရေးယူနေတဲ့ တအာင်းပြည်သူ့လွတ်မြောက်ရေးတပ် TNLA တပ်ဖွဲ့ဝင်တဦး (ဇူလိုင် ၃၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒီသီတင်းပတ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားရာက ဒေသခံ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ တနင်္လာနေ့နဲ့ ဒီကနေ့ အင်္ဂါနေ့ ၂ ရက်အတွင်းမှာပဲ အလောင်း ၂ ဒါဇင်လောက် ရှာဖွေတွေ့ရှိခဲ့ပြီး လက်တွေ့မှာ ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။ အရပ်သားတွေ ဒုက္ခရောက်နေကြတဲ့ ကျောက်မဲနဲ့ လားရှိုးက တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ကျောက်မဲမြို့မှာ ဇွန်လ ၂၅ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲဖြစ်ခဲ့ရာက ပြီးခဲ့တဲ့ ၃ ရက်မှာတော့ တိုက်ပွဲတွေ ပိုမို ပြင်းထန်ခဲ့တာပါ။
ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပြီး ပြီးခဲ့တဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၃ရက်အတွင်းမှာ အရပ်သား ထိခိုက် သေဆုံးတာတွေ များပြားခဲ့ကြောင်းနဲ့ လောလောဆယ် ၂၃ လောင်းကို ကောက်ယူရထားကြောင်း လူမှုကူညီရေး အသင်း တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၃ ရက်လောက်က သေတဲ့သူလည်း များတာပေါ့နော်။ မနေ့တုန်းကဆို ၁၅ယောက်၊ ဒီနေ့ မနက်ဆို ၈ ယောက်ပေါ့။ ၃၀ ၀န်းကျင်လောက်တော့ ရှိမယ်။ ပြီးခဲ့တဲ့ ၃ ရက်သေတဲ့ဟာတွေ မထုတ်နိုင်တာတွေလည်း ရှိတယ်။ အဲဒါမျိုးပေါ့။ အနံကလည်း တအား ထောင်းနေပြီ ။ နောက်ပြီးတော့ ၄- ၅- ၆ယောက်ဆိုတော့ သယ်ရတာလည်း ကားအခက်အခဲ။ နောက်ပြီးတော့ လက်နက်ကြီးတွေကလည်း ကြောက်ရတော့ အဲဒါမျိုးတွေ က ကျနော်တို့ လက်လွှတ်လိုက်ရတာပေါ့။ မသယ်နိုင်တာ ထည့်မတွက်တော့ဘူးလေ။ နောက်ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာ ကျနော်တို့ မရောက်နိုင်တာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ကိုယ်ဟာနဲ့ ကိုယ်၊ အိမ်ဝန်းထဲ သေတယ်။ ကိုယ့်မိသားစုရှိပြီဆိုတော့ ကိုယ့်အိမ်ဝန်းထဲမှာ မြုပ်တာလည်း ရှိတာပေါ့။ အဲဒါမျိုးတွေလည်း စိတ်မကောင်းစရာလေးတွေပေါ့။ ”

ဒီလ ၁၆ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားတဲ့ ရက် ၂၀ အတွင်းမှာ ကျောက်မဲမြို့တမြို့တည်းမှာတင် အရပ်သား သေဆုံးသူ ၇၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတာပါ။ အခုဆိုရင် ၁၀၀ နီးပါးအထိ မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ ကျောက်မဲမြို့မှာ အရပ်သားသေဆုံးတာတွေ မြင့်တက်လာတဲ့တချိန်တည်းမှာပဲ မြို့အတွင်း ကျန်ရှိနေသူတွေဟာ လည်း ရိက္ခာအခက်အခဲတွေ ရှိနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“အခုက ပိတ်မိနေတာပေါ့နော်။ တိုက်ပွဲက အခုဆိုရင် တလနီးပါးလောက်ရှိသွားပြီ။ တလနီးပါးလောက်ရှိ သွားတော့ ဒီလက်လုပ်လက်စားတွေ၊ လက်လုပ်လက်စားတွေ တောင်သူတွေတို့၊ တခြား ပန်းရံတွေတို့ သူတို့ကျတော့ တော်တော်ခက်ခဲပြီ။ ကျနော်တို့ အနေနဲ့လည်း အဲလောက်ကြီး မထောက်ပံ့နိုင်ဘူးပေါ့နော်။ဒါဆို နောက်ပိုင်းဘယ်လို ဖြစ်လာမလဲဆိုတာ စိုးရိမ်စရာအပိုင်းကတော့ ရောက်လာပြီပေါ့နော်။”

တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့သတင်းဖော်ပြချက်အရဆိုရင် တိုက်ပွဲဖြစ်ပွားတဲ့ ၂၈ရက်တာ ကာလအတွင်း ရှမ်းမြောက်ဒေသမှာ အရပ်သားထိခိုက်သေဆုံးသူ ၁၁၀ ခန့်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၀ကျော် ရှိနေပါတယ်။

MNDAA ကိုးကန့်တပ်က ဒီလကုန်အထိ အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ လားရှိုးမြို့မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းမှာတော့ မြို့အတွင်းမှာပါ တိုက်ပွဲတွေဖြစ်နေကြောင်း လားရှိုးမြို့ခံတဦးက ပြောပါတယ်။

“ ကျနော်တို့နဲ့ အနီးကပ်မှာ ကျနော်တို့ ရှေ့နဲ့ အနောက်နဲ့မှာ ဖြစ်နေတာလေ။ ပစ်နေကြတယ်။ ကျည်ဆံထိလာတာထင်တယ်။ အခုရှေ့ကနေ ဟိုး လမ်းထိပ်ဘက် ဆေးခန်းတော့ဖွင့်တယ် အဲဒီမှာ ခေါ်သွားပြီ။ အရပ်သားပဲ။ ဒီနေ့ လေကြောင်းတော့ တခေါက်တော့ လာတယ်။ မနေ့ကတော့ ပိုကြမ်းတာပေါ့။ ရပ်ကွက် ၁၂ဘက်လည်း ရောက်နေပြီလို့ ပြောတာပဲ။( သေနတ်သံ ) ဟော ဟော အခုလည်း ချနေပြီ။ ကျနော့အရှေ့ ဓါတ်ကြိုးတွေ ပြတ်ကုန်ပြီ။ ပါဝါကြိုးအကြီးကြီးတောင် ပြတ်တယ်။ အခုထိ မရပ်သေးဘူး။ ခါတိုင်းဆို ကျနော်ဆိုင်အောက်နား စစ်သားတွေရှိတယ်။ အခုကျ မရှိတော့ဘူး။ မရှိလည်း ဘယ်နဲ့ ဘယ်ပစ်နေမှန်း မသိဘူး။ ဟော လေယာဉ်တော့ လာပြန်ပြီ။ လေယာဉ်လာရင် လေယာဉ်ပဲ ကြောက်တာ။ ကျန်တာ သိပ်မကြောက်ဘူး။”

လားရှိုးမြို့ခံတချို့ကတော့ မိုင်းယော်အဝင်လမ်းဘက်မှာ အခြေစိုက်တဲ့ ခလရ ၆၈ နဲ့ မယ်ဟန်အဝင်လမ်းက ခလရ ၄၁ ကို MNDAA က သိမ်းလိုက်ကြောင်းပြောဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီကနေ့မနက်ပိုင်းမှာတော့ လောက်ကိုင်မြို့ တုံချိန်ကျေးရွာဘက်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိ လားရှိုးတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

MNDAA ကတော့ မကြာသေးခင်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေ အပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချခဲ့ပြီး၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိခဲ့ကြောင်းလည်း လူမှုကွန်ရက်မှာ ဗွီဒီယိုတွေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG