သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မြို့နယ်အများစု ဖုန်းလိုင်းနဲ့အင်တာနက်ပြတ်တောက်


ယခင်မှတ်တမ်းရုပ်ပုံ | စစ်အာဏာသိမ်းပြီး အင်တာနက်ဝန်ဆောင်မှုတချို့ဖြတ်တောက်ခံရပြီးနောက် နေပြည်တော်မြို့နယ်ထဲမှာ အမျိုးသားတဦး မိုဘိုင်းဖုန်းထဲက Facebook app ကို ဖွင့်ကြည့်နေစဉ် (မတ် ၁၆၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်အာဏာသိမ်းပြီး အင်တာနက်ဝန်ဆောင်မှုတချို့ဖြတ်တောက်ခံရပြီးနောက် နေပြည်တော်မြို့နယ်ထဲမှာ အမျိုးသားတဦး မိုဘိုင်းဖုန်းထဲက Facebook app ကို ဖွင့်ကြည့်နေစဉ် (မတ် ၁၆၊ ၂၀၂၁)

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်းတဲ့မြို့နယ်အများစုမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိလာပြီလို့ မြို့ခံတဦးကပြောပါတယ်။ အခုလို ဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတဲ့ တချိန်တည်းမှာပဲ တိုက်ပွဲဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ ကောလာဟာလကြောင့် မြစ်ကြီးနားမြို့ခံတချို့ ကြိုတင် စစ်ဘေးရှောင်တာမျိုး ရှိလာတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအပါအဝင် မြို့နယ်အများစုမှာ ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်နေတာ ဇူလိုင် ၂၃ ရက် ဒီနေ့နဲ့ဆိုရင် ၃ ရက် ရှိလာပြီလို့ အိန္ဒိယနယ်စပ်ဘက်ရောက်သွားတဲ့ မြစ်ကြီးနားမြို့ခံတဦးက ပြောပါတယ်။

အခုလို ဖုန်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့တချိန်တည်းမှာပဲ မြစ်ကြီးနားမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ တိုက်ပွဲဖြစ်လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး တိုက်ပွဲဖြစ်လာရင် ပိတ်မိမှာစိုးရိမ်တာကြောင့် မြစ်ကြီးနားက တချို့မြို့ခံတွေ ကြိုတင် စစ်ဘေးရှောင်တာမျိုး ရှိလာတယ်လို့ မြစ်ကြီးနားမြို့ခံက ပြောပါတယ်။

“တခုမှ သုံးလို့မရတဲ့အခါမှာ မြို့ခံတော့ စိုးရိမ်တာတော့ပိုမှာပဲဗျ၊ နောက်ပြီးတော့ ဘယ်လိုခေါ်မလဲဆို တချို့လူတွေဘာတွေ ဖယ်ခိုင်းတယ်။ ဆိုတော့ အဲ့ဒါ စစ်တွေဖြစ်လာမယ့် အနေအထားမျိုးမှာရှိတယ်ဆိုတဲ့ ကောလာဟာလတွေ ရှိနေတယ်။ စိုးရိမ်တယ်ဗျ။ အဲ့တော့ ထွက်လာက အဲ့သဘောမျိုးဖြစ်နေတာဗျ။ စစ်ဖြစ်ရင် ညပ်နေမှာစိုးလို့၊ အဲ့သဘောမျိုးပေါ့နော်။ ရွှေ့တဲ့သူရှိတာပေါ့။ မြစ်ကြီးနားမှာတော့ စစ်ဖြစ်တာ ဘာညာတွေ ဘာမှမရှိဘူး၊ အားလုံး မြို့တွင်းဘာညာတော့ အားလုံး အေးဆေးပဲဟုတ်တယ်။ ကောလာဟာလတော့ ဖြစ်နေတယ်၊ ဟိုက သွားရွှေ့ခိုင်းမယ်။ ဒီက သွားရွှေ့ခိုင်းမယ်ဆိုတာတော့ ပြောနေကြတာ။”

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက် မနက်ပိုင်းကတည်းက MPT ၊ Mytel၊ Telenor ၊ Ooredoo ဖုန်းလိုင်းတွေ အသုံးပြုလို့မရဘဲ အားလုံးပြတ်တောက်နေပြီး ဒီနေ့အထိ ပြန်မရသေးပါဘူး။ ဒါဟာ ကချင်ပြည်နယ်တခုလုံးမှာ ပြတ်တောက်နေတာလို့ အိန္ဒိယနယ်စပ်ဘက် ရောက်သွားတဲ့ မြစ်ကြီးနားမြို့ခံက ပြောပါတယ်။

“ဖုန်းလိုင်း အင်တာနက်လိုင်းမရတာတခုပဲ ဟုတ်တယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းမရတာပဲ။ ဒီရက်ဆို ၃ ရက်ရှိသွားပြီ။ ဘယ်သူမှ အဆက်အသွယ်မရဘူး။ ကချင်ပြည်နယ်တခုလုံး ဖြစ်နေတာ ဖြစ်တာလေ။ ဗန်းမော်လည်း ဖြစ်နေတယ်။ မိုးကောင်း၊ မိုးမိတ် အဲ့ဒီဘက် အားလုံး ကချင်ပြည်နယ် တခုလုံးပေါ့နော်၊ ဖားကန့် အဲ့လိုပေါ့နော်။ (အရင်က) တယ်လီနော မရဘူးဆိုရင် MPT ရမယ် MPT မရဘူးဆိုရင် Mytel တခုကတော့ ပုံမှန်ရနေတဲ့ အနေအထားမှာရှိတယ်၊ အခုက သုံးလို့ကို မရဘူးဗျ။ ဘာမှသုံးလို့မရဘူးဗျ၊ အဲ့လိုဖြစ်နေတာ။”

မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ ဖားကန့် လက်ရှိဒေသအတွင်းမှာနေထိုင်တဲ့ ဒေသခံတွေ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။ ဆက်သွယ်ရေး အော်ပရေတာ နည်းပညာပြသနာကြောင့် ဖုန်းလိုင်းပြတ်တောက်ရခြင်းဖြစ်တယ်လို့ ဆယ်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မိုးကုတ်လား မိုးမိတ်လား ဟိုဘက်က ဖိုင်ဘာတကြောင်းပျက်သွားလို့ ဖြစ်နေတာပါ။ အဲ့ဒါ ပြင်ပြီးသွားရင်တော့ ပြန်ကောင်းမှာပါနော်ဟုတ်။ နည်းပညာပြဿနာပါ။ ဟုတ်..ဟုတ်၊ ဖိုင်ဘာပျက်သွားလို့ပါနော်။”

ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် သတင်းစီးဆင်းမှုရပ်တန့်နေပြီး ကောလာဟာလ သတင်းတွေကြား စိုးရိမ်စိတ်တွေမြင့်တက်နေတယ်လို့ ဘေးလွတ်ရာရောက်သွားတဲ့ မြစ်ကြီးနားမြို့ခံက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ ကချင်ပြည်နယ် မြို့နယ်အချို့မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ဖူးသလို ဒီဇင်ဘာလအတွင်းမှာလည်း မြစ်ကြီးနားမြို့မှာ တပတ်ကြာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG