သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အင်တာနက် လွတ်လပ်ခွင့် ကျဆင်း


(Photo-freedom house)
(Photo-freedom house)

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း အင်တာနက် လွတ်လပ်ခွင့်ကျဆင်းလာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ မြန်မာအစိုးရက ဆက်သွယ်ရေးလိုင်စင်တွေချပေးပြီး တယ်လီဖုန်းနဲ့ အင်တာနက်သုံးစွဲနိုင်ခွင့် ပိုရလာတယ် ဆိုပေမယ့် အင်တာနက် လွတ်လပ်ခွင့်အပိုင်းမှာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ မြန်မာ့လွှတ်တော်မှာ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်း လုပ်ဆောင်နေတာကလည်း ပြည်သူတွေရဲ့ လူမှုမီဒီယာအပေါ် လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်စေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အင်တာနက်လွတ်လပ်ခွင့်ဟာ ကမ္ဘာ့နဲ့အဝှမ်း ၇ နှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး၊ ဒါဟာ အကြောင်းအရာတခုခုကို အင်တာနက်အွန်လိုင်းပေါ်က တဆင့် ချယ်လှယ်အသုံးချ လာတာတွေကြောင့်ဖြစ်တယ်လို့ Freedom House အဖွဲ့ကြီးက ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား တာပါ။ တရုတ်နိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့်ကို အမြတ်ထုတ် အသုံးချဆုံးနိုင်ငံအဖြစ်နဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ၃ နှစ် ဆက်တိုက် ဖော်ပြခံခဲ့ရပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့်ကျဆင်းလာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေ အသုံးများတဲ့ Facebook မှာ အမှုန်းတရားပေါ်အခြေခံပြီး တိုက်ခိုက်ရေးသား နေတာတွေ ကြုံနေရတဲ့အတွက် သုံးစွဲသူတွေက ကိုယ်တိုယ်တည်းဖြတ်မှု Self- Censorship ကိုလုပ်လာကြ တယ်လို့ လူငယ်နဲ့ လူမှုသဟဇာတအဖွဲ့ ဦးဆောင်သူ အမုန်းစကားမပျံ့ပွားရေးလှုပ်ရှားမှုက ကိုသက်ဆွေဝင်းက ပြောပါတယ်။

"အွန်လိုင်းမှာဆိုရင် ကျနော့်ကို သတ်ပစ်မယ်တို့ ၊ ကျနော့်အမျိုးသမီးစီးပွားရေးကိုလည်း ခြိမ်းခြောက်တာတွေရှိတယ်။ ၂၀၁၃ လောက်ကပေါ့ ကျနော်တို့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ campign တွေလုပ်ကြတုန်းက ကျနော်ဆီဖုန်းတွေဆက်ပြီးတော့ ပြောတာတွေရှိတယ်။ ဒီ NLD အစိုးရခေတ်မှာတော့ ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာတော့ ကျနေ်ာကြုံဖူးတယ်၊ ရွှေတိဂုံဘုရားမှာ မွတ်ဆလင်ဘာသာဝင်တွေ ဈေးရောင်းတဲ့ကိစ္စကို ဘုန်းကြီးတွေကနေပြီးတော့ ဖမ်းဆီး တားမြစ်တဲ့ကိစ္စကို ကျနော်တို့က ဝင်ပြီးတော့ ရပ်တည်တဲ့အခါကျတော့ ကျနော်ကို ခြိမ်းခြောက်တာတွေကြုံဖူးတယ်။ အွန်လိုင်းကနေပေါ့။ ဒီရိုဟင်ဂျာဆိုတဲ့ စကားလုံးက ကျနော်တို့ တိုက်ရိုက်မရေးရဲတော့ဘူး ကျနော်တို့ကို ၅၀၅ (ခ) နဲ့ ဖမ်းတယ်ဆိုတာမျိုးပေါ့ အရမ်းများလာတယ်၊ အထူးသဖြင့် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက်ပြောတာမျိုးတွေဆိုရင် အရမ်း Sensitive ဖြစ်တာတွေပြောတယ်ဆိုရင် NLD ထောက်ခံတဲ့ ဘက်ကရော စစ်တပ် ထောက်ခံတဲ့ ဘက်ကရော လာပြီးတော့ ပြောဆိုတိုက်ခိုက်ရေးသားတာတွေ အရမ်းများတယ်၊ တရားစွဲတာတွေပေါ့ အရမ်းကို ရုပ်ဆိုးလွန်းတယ်။"

Facebook ပေါ်ကနေ လူမျိုးရေးနဲ့ဘာသာရေးခွဲခြားမှုအမုန်းစကားတွေ ပျံနှံတယ်ဆိုပြီး Facbook ကိုယ်တိုင်က မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ အကောင့်အတော်များများကို ပိတ်ပင်ခဲ့တာကိုလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာအစိုးရအနေနဲ့ ဆက်သွယ်ရေးလိုင်စင်တွေ ချပေးနေပြီး အပြိုင်အဆိုင်ဈေးကွက်ဖွင့်ပေးခဲ့လို့ တယ်လီဖုန်းနဲ့ အင်တာနက်သုံးစွဲခဈေးနှုန်း ကျဆင်းခဲ့ပြီး၊ အင်တာနက်ကို ပိုပြီးလွယ်လွယ်ကူကူ သုံးလာနိုင်တာတွေဟာ တိုးတက်တဲ့အခြေအနေတရပ် အဖြစ်နဲ့ Freedom House အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါပေမယ့်လို့ အခုလက်ရှိ NLD အစိုးရလက်ထက်မှာ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့ဆိုပြီး လွှတ်တော်မှာ ဖွဲ့စည်းလုပ်ဆောင်နေတာက ပြည်သူတွေရဲ့ လူမှုမီဒီယာအပေါ် လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်စေတယ်လို့ ရန်ကုန်လူငယ်ကွန်ယက် တာဝန်ခံ မသဉ္ဇာရွှန်းလဲ့ရည်က ထောက်ပြပါတယ်။

" ဒီ monitoring မလုပ်ခင် သတင်းအချက်အလက် နည်းပညာကို အရင်ဆုံးပေးသင့်တယ်။ အဲဒါတွေကို သိပြီးတဲ့အခါမှmonitoring လုပ်တာဖြစ်သင့်တယ်။ monitoring လုပ်တာတောင်မှ ပုဂ္ဂလိက ထိခိုက်စေမှာမဖြစ်ဖို့ အများကြီး ပြင်ဆင်ရဦးမှာပေါ့နော် နောက်တခါ Social Media မှာ တချို့သော Facebook အကောင့်တွေကို ban တဲ့ကိစ္စမှာ တခုချင်းစီကို ဘယ်အကြောင်းအရာမှာ အခြေခံပြီးတော့ လုပ်တာလဲဆိုတာကို ပြည်သူကို ရှင်းရှင်းလင်းလင်းမဖွင့်ပြဘူးဆိုရင် Social Media ပေါ်မှာ ပြည်သူတွေရဲ့ နားလည်မှု ပိုလွဲလာနိုင်တယ်။"

ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ပတ်သက်လို့ သတင်းရေးသားရာမှာ သတင်းသမားတွေကို အွန်လိုင်းလူမှုကွန်ယက်ပေါ်ကနေ ခြိမ်းခြောက်တာတွေ အကြမ်းဖက်တာတွေ ရှိလာတာကြောင့် အချို့ဆိုရင် ကိုယ့်လုံခြုံရေး စိုးရိမ်လာပြီး တိုင်းပြည်ကနေ ထွက်သွားရတာမျိုးအထိ ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အထူးသဖြင့်တော့ ရခိုင်မြောက်ပိုင်းပဋိပက္ခ ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ သူတို့ လိုသလိုပုံဖော်သလို၊ ဆွေးနွေးပြောဆိုရေးသားမှုတွေကို ထိန်းချုပ်ဖို့ကြိုးစားလာတာကို ထောက်ပြပါတယ်။ တချိန်တည်းမှာပဲ ရခိုင်မြောက်ပိုင်း ကိစ္စနဲ့ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ အမုန်းစကားပြန့်ပွားတာတွေ ရှိနေပြီး၊ ဒါဟာ အခြားဒီမိုကရေစီနိုင်ငံတွေမှာ ကြုံရတဲ့နည်းတူ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ ဒီမိုကရေစီလွတ်လပ်ခွင့် ထိခိုက်လာမှာ စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့လည်း Freedom House အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့်အရှိဆုံးနိုင်ငံတွေကတော့ Iceland နဲ့ Estonia နိုင်ငံတို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အင်တာနက်လွတ်လပ်ခွင့်ကျဆင်း
please wait

No media source currently available

0:00 0:04:08 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG