သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးတက်နေတဲ့နည်းပညာနဲ့ သတင်းမီဒီယာ အပိုင်း (၃)


People use the use computers at an internet cafe in Yangon November 21, 2011. As the country loosens media controls, one woman's image is everywhere, from newspapers to magazines and television programmes: pro-democracy leader Aung San Suu Kyi, or simply
People use the use computers at an internet cafe in Yangon November 21, 2011. As the country loosens media controls, one woman's image is everywhere, from newspapers to magazines and television programmes: pro-democracy leader Aung San Suu Kyi, or simply
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ နည်းပညာတိုးတက်မှုနဲ့အတူ သတင်းလုပ်ငန်းပိုင်း ပြောင်းလဲနေတဲ့ အခြေအနေ။ ကောင်းကျိုး ဆိုးပြစ်တွေကို မစုမြတ်မွန်က အပိုင်း (၃) ပိုင်းခွဲပြီး အထူးအစီအစဉ်အဖြစ် တင်ဆက်နေပါတယ်။ အခု ဒုတိယပိုင်းမှာတော့ နှစ်ပေါင်းများစွာ သတင်းအမှောင်ချခံထားရတဲ့ အခြေအနေကနေ သတင်းအစုံကို Smart phone ပေါ်ကနေ လွယ်လွယ်ကူကူ ရယူနိုင်တဲ့ အခြေအနေ ရုတ်တရက်ရောက်သွားတဲ့အတွက် ဖြစ်လာတဲ့ သတင်းမှန် သတင်းမှား ပြဿနာအကြောင်းကို တင်ပြထားပါတယ်။ နည်းပညာအပြောင်းအလဲ သက်ရောက်မှုတွေအပေါ် လေ့လာနေသူတွေ။ သတင်းမီဒီယာလုပ်ငန်း လုပ်နေကြသူတွေ။ နည်းပညာတိုးတက်ရေး ပံ့ပိုးနေသူတွေ။ နည်းပညာအခြေခံ ဝန်ဆောင်မှုပေးနေသူတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

မစုမြတ်မွန် ။ ။ ဒီနေ့ခေတ်မှာ ကိုယ်နဲ့မကွာ သယ်သွားနိုင်တဲ့ Smartphone တွေကြောင့် သိချင်သမျှ သတင်းအချက်အလက်တွေကို အချိန်မရွေး၊ နေရာမရွေး သိရအောင်လို့ လုပ်နိုင်နေပါပြီ။ သတင်းဌာနတွေဘက်ကလည်း သတင်းတွေကို အချိန်နဲ့တပြေညီ ပေးနိုင်ဖို့အတွက် ပိုပြီးတော့မှ အားထုတ်လုပ်လာကြပါတယ်။ သတင်းပေးသူတွေနဲ့ သတင်းရယူလိုသူတွေဘက်ကပါ Online ကို အဓိက အားကိုးလာကြတဲ့အတွက် အသစ်အသစ်ပေါ်နေတဲ့ နည်းပညာတွေကို သတင်းဌာနကြီးတွေဘက်က မျက်ခြေမပြတ် စောင့်ကြည့်အသုံးချဖို့ လိုအပ်လာပါတယ်။ လူဦးရေ တစ်ရာရာခိုင်နှုန်းနီးပါးလုံး အင်တာနက် ချိတ်ဆက်သုံးနေကြတဲ့ မြန်မာနိုင်ငံမှာ နည်းပညာ ပြောင်းလွှဲမှုကြောင့်မို့ မကြာခင် အနာဂတ်ကြရင် သတင်းမီဒီယာ ဖြန့်ဖြူးမှုပိုင်း အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာကို အခုအစီအစဉ်မှာ တင်ပြထားပါတယ်။

New Media လို့ပြောတဲ့ Online ပေါ်ကနေ Platform မျိုးစုံသုံးပြီးတော့ သတင်းဖြန့်ဖြူးတာကို နိုင်ငံတကာသာမက မြန်မာနိုင်ငံမှာပါ လုပ်နေကြပါတယ်။ သတင်းဌာနတွေဘက်က သတင်းတွေကို အခုလို ပုံစံမျိုးစုံနဲ့ ဖြန့်ဝေနေကြတဲ့အထဲမှာ ရုပ်သံသတင်းပုံစံနဲ့ပေးတာက ပိုပြီးတော့ ထိရောက်လာတယ်လို့ Blue Ocean Operating Management ရဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ Blue Ocean ကုမ္ပဏီက မြန်မာနိုင်ငံမှာ လူသိများတဲ့ သတင်းဌာနကြီးတွေရဲ့ သတင်းကို ပုံစံမျိုးစုံနဲ့ Smartphone တွေဆီ ပို့ပေးနေတဲ့ နည်းပညာဝန်ဆောင်မှု ကုမ္ပဏီတခု ဖြစ်ပါတယ်။

ဦးထွန်းထွန်းနိုင် ။ ။ အဓိကတော့ ကျနော်တို့က တော်တော်များများ မီဒီယာတွေမှာ Social Media တွေမှာ ကိုယ့် Page တွေရှိကြတယ်။ Page ကတော့ အရှိဆုံးပါ။ နောက်တခုက ဘာလဲဆိုတော့ အခုနောက်ပိုင်းမှာ Web TV တွေ လုပ်လာကြတယ်။ အဲဒါလုပ်လာတဲ့အခါကြတော့ ဒီမှာရှိတဲ့ Local Media တွေလည်း တချို့မီဒီယာတွေဆိုရင် သူတို့ရဲ့ TV Viewer ပေါင်းက သန်းနဲ့ချီ ရှိတယ်။ အခုနောက်ပိုင်းတော့ ခေတ်စားလာတာကတော့ Web TV တွေ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အင်တာနက်ဈေးကြီးအတွက်ကြောင့် TV ကို အင်တာနက်ပေါ်က သိပ်မကြည့်ကြဘူး။ အခုကတော့ အင်တာနက်က တော်တော်လေး ဈေးပေါလာတဲ့အတွက်ကြောင့် Mobile ပေါ်ကနေ TV Programs နဲ့ ကြည့်တဲ့ဟာတွေက တဖြည်းဖြည်းများလာပါတယ်။

မစုမြတ်မွန် ။ ။ နည်းပညာ ပြောင်းလဲလာတာနဲ့အတူ ပရိသတ်တွေဘက်က သတင်းကို ချက်ချင်း သိချင်တဲ့ အခြေအနေ ပြောင်းလဲလာတာကြောင့် နောင် (၃) နှစ်ဆိုရင် သတင်းမီဒီယာတွေရဲ့ သတင်းပေးမှုပုံစံကရော ဘယ်လို ပြောင်းလဲသွားနိုင်ပါသလဲ။ ကိုယ့်ကြည့်ချင်တဲ့ အကြောင်းအရာကို၊ ကိုယ့်ကြည့်ချင်တဲ့အချိန်မှာ ရွေးချယ်နိုင်မယ့် Video on Demand ပုံစံတွေ ပိုပြီးတော့ ခေတ်စားလာလိမ့်မယ်လို့ မဇ္ဇျီမမီဒီယာ အယ်ဒီတာချုပ်လည်းဖြစ်၊ ဦးဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဦးစိုးမြင့် က ခန့်မှန်းထားပါတယ်။

ဦးစိုးမြင့် ။ ။ ကျနော်ထင်တယ် လက်ရှိ Traditional Media လို့ပြောတဲ့ အခုနလို ပုံနှိပ်၊ Website လည်း အတိုင်းအတာတခုအထိ Traditional ဖြစ်လာတယ်။ အစကတော့ News Media ပေါ့။ ပြီးခဲ့တဲ့ (၁၀) နှစ်လောက်က Website ဆိုတာ New Media ပေါ့။ အခုကတော့ Website က Traditional Media ဖြစ်သွားပြီးတော့ Social Media က New Media ဖြစ်လာတယ်။ ပြီးတော့ TV … ဒါတွေက ဆက်ရှိနေအုံးမှာပါ။ နောက် (၃) နှစ် (၅) နှစ် ရှိနေအုံးမှာပါ။ ဒါပေမဲ့ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ ရှိမယ်ဆိုတဲ့ဟာ သူတို့ ဘယ်လို Contents တွေ ရှိသလဲဆိုတဲ့ မေးခွန်းပဲရှိမယ်။ ဒါပေမဲ့ တဘက်မှာလည်း လူတွေက ဘယ်လိုဟာမျိုး အထူးသဖြင့် မြန်မာပြည်ရဲ့ အနေအထား - အနေအထားဆိုတဲ့ ဥပမာအားဖြင့် ကျနော်တို့ အင်တာနက် speed ပေါ်မှာ မူတည်သလို၊ Smartphones တွေ၊ အင်တာနက် … အဲဒီအကြောင်းအရာတွေပေါ် မူတည်ပြီးတော့ လူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် Video on Demand လို့ ခေါ်တဲ့ ကိုယ်ကြည့်ချင်တဲ့ဟာကို အချိန်မရွေး ကြည့်နိုင်တဲ့ဟာမျိုးကို ပိုပြီးတော့ လုပ်လာမယ်။

ဥပမာ ဘယ်လိုမျိုးလဲဆိုတော့ iFlix, NetFlix တို့ ရှိတယ်။ အဲဒီလိုမျိုး Model ဆန်ဆန် အဲဒီလိုမျိုး Content တွေက မြန်မာပြည်သူတွေ ပိုပြီးတော့လဲ ရွေးချယ်ချင်လာလိမ့်မယ်။ သူတို့ကြည့်ချင်တဲ့ဟာကို အချိန်မရွေး ကြည့်နိုင်တယ်။ အဲဒီ အချိန်မှာ ကိုယ်က Contents ရှိနေဖို့ပဲ အရေးကြီးတယ်။ သူတို့က (၂၄) နာရီ ထိုင်ကြည့်နေမှာလည်း မဟုတ်သလို၊ သူတို့တွေ ဘယ်အချိန်မှာ ကြည့်တယ်ဆိုတာကိုလည်း ကိုယ့်က မမှန်းနိုင်ဘူး။ သူတို့ ကြည့်ချင်တဲ့အချိန်၊ သူတို့ကြည့်ချင်တဲ့ Contents ကို ပေးနိုင်မယ်ဆိုတဲ့ခေတ်က (၃-၄) နှစ်အတွင်းမှာရောက်မယ်။ အဲဒီအခါကို ပေးနိုင်ဖို့ အရေးကြီးပါတယ်။

မစုမြတ်မွန် ။ ။ မြန်မာနိုင်ငံမှာ လက်ကိုင် Smartphone သုံးသူတွေဘက်က ဒေတာ (data) အသုံးပြုမှု ပိုများလာကြောင့်လဲ Online ပေါ်မှာ Video Contents တွေ ပိုပြီးတော့ များလာလိမ့်မယ်လို့ ဦးထွန်းထွန်းနိုင်က မြင်ပါတယ်။

ဦးထွန်းထွန်းနိုင် ။ ။ အဓိကတော့ Technology က အမြဲတမ်း ပြောင်းလဲနေတယ်။ နောက်တခုက ဘာလဲဆိုတော့ Mobile အသုံးပြုသူတွေရဲ့ Demand တွေ။ ဟိုးအရင်တုန်းကဆိုရင် Mobile Phone ပေါ်မှာ SMS တို့ပဲ ပါတယ်။ အခုနောက်ပိုင်းကြတော့ Data သုံးတဲ့ Rate က အရမ်းများလာတယ်။ Mobile Operators တွေကအစ ဘာတွေလုပ်လာလဲဆိုတော့ Data ကို Promotion တွေ ပေးလာကြတယ်။ ဖုန်းပြောတာ၊ SMS ပို့တာ မဟုတ်ဘဲနဲ့ Data ဘယ်လောက်ဝယ်ရင် ဘာပေးမယ်၊ ညာပေးမယ်တို့ ဖြစ်လာတယ်။ ကျနော်အနေနဲ့ မြင်တာက နောက် (၃) နှစ်မှာ Data တွေ ဈေးပေါလာတဲ့အတွက်ကြောင့် Video Contents တွေက ပိုများလာပါတယ်။ နောက်တခုက ဘာလဲဆိုတော့ တော်တော်များများက Facebook ကလည်း Live Channel လွှင့်တဲ့အတွက်ကြောင့် တချို့မီဒီယာတွေဆိုရင် Live Channel တွေ ဖြစ်လာတယ်။ ဆိုတော့ Live လွှင့်တဲ့အတွက်ကြောင့် သုံးစွဲသူတွေ Users တွေကလည်း Live ပိုကြည့်လို့ရတယ်။ တော်တော်များများက Video Posts အပြင်ကို Live လွှင့်တဲ့ မီဒီယာတွေ ပိုများလာပါတယ်။ အထူးသဖြင့် Video နဲ့ Live က နောက် (၂) နှစ် (၃) နှစ်အတွင်းမှာ တကယ့် Future ဖြစ်လာနိုင်ပါတယ်။

မစုမြတ်မွန် ။ ။ လက်ရှိ မြန်မာနိုင်ငံမှာက နည်းပညာ ပြောင်းလဲမှုဟာ အစပဲရှိသေးပြီ။ Digital Media ပိုင်းမှာ နောက်အများကြီး တိုးတက်ပြောင်းလဲလာနိုင်သေးတယ်လို့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ လုပ်နေတဲ့ ဖန်တီးရာရဲ့ CEO Jeff Peterson က တွက်ပါတယ်။

Jeff ။ ။ ကျနော်တို့ ဖန်တီးရာမှာ မကြာခဏ ပြောဖြစ်သလို၊ အခြားလုပ်ဖော်ကိုင်ဖက်တွေလည်း ခံစားရတာက ဒီမှာ ကြီးမားတဲ့ ပြောင်းလဲမှုကြီးရဲ့အစ သေးသေးလေးကိုပဲ မြင်ရသေးတယ် ဆိုတာပါ။ မြန်မာနိုင်ငံမှာ Digital Media တွေ၊ Digital စနစ် ပုံစံ Platform တွေက အခုမှစတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့လို့ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စားသုံးသူတွေအားလုံးအတွက် ပိုသိအောင်၊ တတ်အောင်လို့ လေ့လာစရာတွေ အများကြီး ရှိပါသေးတယ်။ နည်းပညာတွေသုံးပြီးတော့ သတင်းတွေ ဖြန့်ဖြူးပေးနိုင်မယ့် နည်းလမ်းတွေကလည်း ဒု့နဲ့ဒေးပါ။ မြန်မာနိုင်ငံက လူဦးရေတစ်ရာ ရာခိုင်နှုန်းနီးပါး အင်တာနက် ချိတ်ဆက်ထားကြပါတယ်။ ဒေသအတွင်းမှာရှိတဲ့ တခြားနိုင်ငံများထက်ကို အများကြီးသာပါတယ်။ အဲဒါ လူတွေဆီကို အချက်အလက်တွေ ပို့ပေးနိုင်ဖို့ သိပ်ကိုကောင်းတဲ့ အခြေကောင်းဖြစ်ပါတယ်။ ရှိလာမယ့် စိန်ခေါ်မှုကတော့ Online ပေါ်မှာ ရှိတာတွေထဲက အကောင်းဆုံး အကြောင်းအရာတွေကို လူတွေဆီကို ဘယ်လိုမျိုး၊ အထိရောက်ဆုံး ပို့ပေးနိုင်မလဲ။ Digital နည်းပညာ သုံးလာကြတဲ့ မျိုးဆက်သစ်တွေကို သူတို့အတွက် အသုံးဝင်မယ့် အချက်အလက်တွေ ရှာတတ်အောင် ဘယ်လိုသင်ပေးရမလဲ ဆိုတာပါ။ သိပ်ကိုစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။

မစုမြတ်မွန် ။ ။ Online ကို အဓိကထားတဲ့ Digital Media တွေ ပိုအားကောင်းလာမယ်ဆိုရင် ပုံနှိပ်ထုတ်ဝေတဲ့ Print Media တွေကရော ဘယ်လို ဖြစ်လာနိုင်မလဲ။ Information Matrix ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်အနေနဲ့က မီဒီယာသမားတွေအနေနဲ့ အသစ်ထွက်လာမယ့် မီဒီယာနဲ့ မျက်ခြေမပြတ်ဖို့သာ အရေးကြီးတယ်လို့ ပြောပါတယ်။

ဦးသောင်းစုငြိမ် ။ ။ တကမ္ဘာလုံးမှာ Media Trend က ဒီအတိုင်းပဲ သွားနေတယ်ဆိုတော့ ကျနော်တို့လည်း ထူးခြားပြီးတော့၊ ဆန့်ကျင်ပြီးတော့ ရပ်တည်နေမှာတော့ မဟုတ်ဘူး။ အဲဒီတော့ Digital ကိုတော့ သွားတာတော့ သွားမှာပဲ။ ဒါပေမဲ့ မီဒီယာသမားအနေနဲ့ အထူးသဖြင့် Media Owner သမားအနေနဲ့ ကျနော်မြင်တာက ပုံနှိပ်မီဒီယာ၊ Digital Media လုပ်နေတယ်လို့ ခံယူတာထက် မီဒီယာ လုပ်နေတယ်လို့သာ ခံယူပြီးတော့ အခု ဒီနေ့ဒီခေတ်မှာ ပုံနှိပ်လား၊ ရေဒီယိုလား၊ ဟိုဟာလား ဒီဟာလား မပြောနိုင်ဘူး။ နောက်ကြရင် မပြောနိုင်ဘူး။ နောက် ငါးနှစ်ဆိုရင် ကျနော်တို့ လုံးဝမစဉ်းစားရသေးတဲ့ နည်းပညာအသစ်တခု ပေါ်လာပြီးတော့ AR – Augmented Reality လိုမျိုး ဖြစ်သွားမယ်။ သတင်းကြေညာတိုင်း သတင်းကြေညာသူက ကိုယ့်ရှေ့မှာ မတ်တပ်ရပ်ပြီးတော့ ပြောနေတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားမလား။ အဲဒီအခါကြမှ လူတွေက နားထောင်မလား။ အဲဒါကို ကျနော်တို့ မပြောနိုင်ဘူးဆိုတော့ မီဒီယာသမားတွေအနေနဲ့ နည်းပညာကို အမြဲတမ်း နားစွင့်ထားပါ၊ မျက်စိဖွင့်ထားပါ။ အသစ်အဆန်းတွေ၊ နိုင်ငံခြားမှာ ဖြစ်နေတဲ့အရာတွေလည်း ကိုယ့်ဆီကို အချိန်နဲ့တပြေညီရောက်လာနိုင်ပြီး၊ အခုက နယ်စည်းခြားတာ မရှိတော့ဘူး။ အမေရိကမှာ ဖြစ်တဲ့ဟာကလည်း နောက်နေ့ ရန်ကုန်မှာ ဖြစ်လို့ရနေပြီဆိုတော့ ဒါကို အမြဲတမ်း မျက်စိဖွင့်ထားဖို့ လိုပါတယ်။

မစုမြတ်မွန် ။ ။ ပြောင်းလဲနေတဲ့ နည်းပညာတွေနဲ့အမီ သတင်းတွေ ပေးနိုင်ဖို့ သတင်းဌာနတွေက ပြင်ဆင်ထားဖို့ လိုတဲ့အထဲမှာ သတင်းစုံကို တခါထဲပေးတာထက် မတူတဲ့ သတင်းကဏ္ဍအလိုက် ခွဲပြီးပေးတာက အများကြီး ပိုထိရောက်လိမ့်မယ်လို့ Jeff Peterson က ထောက်ပြပါတယ်။

Jeff ။ ။ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ နည်းပညာကို အသုံးချတဲ့နေရာမှာ အခွင့်လမ်းကြီးတခုက သတင်းရယူကြသူတွေရဲ့ စိတ်ဝင်စားမှုပေါ် လိုက်ပြီးတော့ သတင်းတွေကို သီးခြားခွဲထုတ်ပြီး ပေးနိုင်တာပါ။ သတင်းအချက်အလက်မျိုးစုံကို တစုတစည်းထဲ ပေးလိုက်တာမျိုးထက်၊ စိတ်ဝင်စားသူအပေါ် လိုက်ပြီးတော့ သူတို့စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို သတ်သတ်ဆီ ခွဲပေးတာမျိုး လုပ်နိုင်ပါတယ်။ ပထဝီအနေအထားအရတင် မဟုတ်ဘူး၊ မတူညီတဲ့သတင်းဖတ်သူ၊ သတင်းကြည့်သူတွေအတွက် ကဏ္ဍတွေ ခွဲပေးလို့ရပါတယ်။ ကိုယ်ပစ်မှတ်ထားတဲ့ လူတွေဆီကို ရောက်နိုင်ဖို့ သိပ်ကိုကောင်းတဲ့ အခွင့်အလမ်းကောင်းကြီး ဖြစ်ပါတယ်။

မစုမြတ်မွန် ။ ။ အပြိုင်အဆိုင်ဖြစ်နေတဲ့ သတင်းလုပ်ငန်းတွေအနေနဲ့ သူများထက် ပိုသာစေချင်တယ်ဆိုရင် သတင်းတန်းဖိုးရှိတဲ့ သုံးသပ်တင်ပြချက်မျိုးကလည်း အရေးကြီးတယ်လို ဦးထွန်းထွန်းနိုင်က အကြံပေးပါတယ်။

ဦးထွန်းထွန်းနိုင် ။ ။ အဓိကတော့ ဘာလဲဆိုတော့ ကျနော်တို့က ပြည်တွင်းမီဒီယာနဲ့ ပြည်ပမီဒီယာနှစ်ခု ခွဲလိုက်တာ။ VOA ဆိုရင် ပြည်ပမီဒီယာလို့ ပြောလို့ရတယ်။ ဆိုတော့ အဓိက တွေ့ရတဲ့ဟာက Reach နဲ့ ချက်ချင်းရဖို့ဟာ သတင်းမီဒီယာတွေမှာ အရေးကြီးပါတယ်။ တခုခုထစ်ကနဲ့ဆိုရင် အဲဒီနေရာတွေကို ချက်ချင်းသွားနိုင်ဖို့၊ ချက်ချင်းရောက်ဖို့။ ဆိုတော့ တော်တော်များများ တချို့မီဒီယာတွေဆိုရင် iReport လို ဟာမျိုးတွေ လုပ်လာကြတယ်။ တယောက်ယောက်က နီးစပ်တဲ့လူက အဲဒီမီဒီယာဌာနကို ချက်ချင်းပို့ပေးလိုက်၊ မီဒီယာဌာနက ဒါကို အတည်ပြုပြီးတော့ ပြန်ပြီးတော့ လွှင့်တာမျိုးတို့။ ဒါကတော့ လုပ်လို့ရသလို တခု ကျနော်တို့ဆီမှာ ဘာလိုနေသေးလဲဆိုတော့ တကယ့် Professional Media တွေကနေ သုံးသပ်ချက်တွေလိုတယ်။ News is everywhere ဒါပေမဲ့ အဲဒီ News က နေ့တိုင်းနဲ့ နေရာတိုင်းမှာ သတင်းတွေ ဖြစ်နေတယ်။ ဒါပေမဲ့ ကျနော်တို့က ဘယ်လိုဟာမျိုးကို ပြည်ပမီဒီယာတွေကနေ လိုအပ်သလဲဆိုတော့ နှစ်ကုန်သွားလို့ရှိရင် တနှစ်အတွင်း Review - ဥပမာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဲဒီကဏ္ဍတွေကို Cover Story လိုမျိုးတွေ၊ အဲဒီလိုဟာမျိုးတွေ များများလုပ်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ လူတွေက ဗဟုသုတ ပိုရနိုင်မယ်။ Up to date သတင်းတွေကတော့ ဘယ်နေရာမှာ ရှာလို့ရတယ်။ အဲဒီလိုမျိုး Story နဲ့ ရေးတဲ့ဟာမျိုးကြတော့ တော်ရုံတန်ရုံ မီဒီယာလေးတွေက မလုပ်ပေးနိုင်ကြဘူး။ ဆိုတော့ နိုင်ငံခြားမီဒီယာတွေအနေနဲ့ အဲဒီလိုမျိုးတွေ များများလုပ်ပေးရင်တော့ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ လူတွေအတွက် ဗဟုသုတပို့ရပြီး Information တွေ ပိုရနိုင်တယ်ပေါ့။

မစုမြတ်မွန် ။ ။ သတင်းပိုင်းနဲ့ ပတ်သက်ရင် Smart Phone တွေရဲ့ အခန်းကဏ္ဍကရော နောင် (၃) နှစ်လောက်အတွင်းမှာ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲ။

ဦးစိုးမြင့် ။ ။ အဓိက အရေးကြီးတဲ့ Smart Phone မျိုးစုံမှာ အရေးကြီးတယ်။ နံပတ်တစ်က ရိုက်ကူးရေးမှာတောင် Smart Phone က အရေးပါလာလိမ့်မယ်။ အခုလည်း အရေးပါနေပါပြီ။ နောက်တခုက ပို့ဆောင်ရေး Content တခုကို ချက်ချင်းပို့တဲ့ဟာမျိုး။ Production, Distribution plus Smart Phone က Multi-purposes use – smart phone တွေက ဓါတ်ပုံ၊ ရေဒီယို၊ SMS အပြင် အခုဆိုရင် ကျနော်တို့ ဘာလုပ်မလဲဆိုရင် Smart Phone မှာပဲ Digital TV Channel ကို အင်တာနက်မသုံးဘဲနဲ့ Digital Tuner ထည့်ပြီးတော့ ကြည့်လို့ရတယ်။ ဆိုလိုတာက Smart Phone တခု ဝယ်တာနဲ့ လူက အကုန်မျှော်လင့်လိမ့်မယ်။ အဲဒီတော့ Smart Phone တွေရဲ့ Multiple Use က ပိုပြီးတော့ များလာလိမ့်မယ်။ အခုထက် ပိုများလာလိမ့်မယ်။

မစုမြတ်မွန် ။ ။ Smart phone တွေကြောင့် သတင်းဖြန့်ဖြူးတဲ့ပုံစံ၊ သတင်းရယူတဲ့ပုံစံတွေ ပြောင်းလဲလာခဲ့သလို၊ သတင်းမှား၊ သတင်းတု ပြဿနာတွေလည်း ရှိလာနေပါတယ်။ ဒါပေမဲ့ Smart Phone တွေကြောင့်ပဲ သတင်းလုပ်ငန်းတွေဘက်က ထိရောက်တဲ့ သတင်းပေးမှုတွေ ပိုပြီးတော့ လုပ်လာနိုင်ကြပါတယ်။ မကြာခင် အနာဂတ်မှာလည်း ထပ်ပြီးတော့ ပြောင်းလဲတိုးတက်လာမယ့် Smart Phone နည်းပညာတွေနဲ့အတူ သတင်းစီးဆင်းမှု ပုံစံတွေလည်း ပြောင်းလဲလာအုံးမှာပါ။ အဲဒီအပြောင်းအလဲတွေအတွက် ပြင်ဆင်ထားရမယ့် တချိန်တည်းမှာ ရှိလာနိုင်မယ့် စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ထည့်တွက်စဉ်းစားထားဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။

XS
SM
MD
LG