သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တိုးတက်နေတဲ့နည်းပညာနဲ့ သတင်းမီဒီယာ အပိုင်း (၁)


တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး အစီအစဉ်မှာ မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်း (Smart phones) တွေကို လူတိုင်းနီးပါးသုံးနိုင်လာပြီးနောက် အခုဆို သတင်းဖြန့်ဖြူးတဲ့နေရာမှာ Online ကို ပိုပြီး အားထားလာကြရပါတယ်။ ဒီလိုနည်းပညာ တိုးတက်မှုနဲ့အတူ သတင်းလုပ်ငန်းပိုင်း ပြောင်းလဲနေတဲ့ အခြေအနေ ဘယ်လိုရှိပါလဲ၊ VOA မြန်မာပိုင်း အထူးအစီအစဉ်အဖြစ် မစုမြတ်မွန် တင်ဆက်ထားပါတယ်။

မစုမြတ်မွန် ။ ။ နည်းပညာတွေ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲလာချိန်မှာ သတင်းဌာနကြီးတွေရဲ့  သတင်းဖြန့်ဝေတဲ့ပုံစံ၊ သတင်းစီစဉ်သူတွေရဲ့  သတင်းရယူမှုပုံစံတွေလည်း ပြောင်းလဲလာနေပါတယ်။ ဒီသတင်းတွေကို မြန်မြန်ဆန်ဆန် သိရဖို့အတွက် သတင်းဌာနတွေ၊ သတင်းသိချင်သူတွေက Online ကို အဓိက အားကိုးလာကြပါတယ်။ မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်း သုံးစွဲသူ (၉၀) ရာခိုင်နှုန်းကျော်ရှိပြီး အဲဒီအထဲက (၈၀) ရာခိုင်နှုန်းလောက်က Smart phone တွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံတဝှမ်းမှာ ICT နည်းပညာ ပြန့်ပွားအောင်လို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ MIDO အဖွဲ့ရဲ့  သုံးသပ်ချက်တွေအရ သိရပါတယ်။ ဒီလိုမျိုး Smart phone တွေ အသုံးများလာတာနဲ့အမျှ Smart phone ပေါ်ကနေ သတင်းတွေကို ရယူကြည့်ရှု့ သူတွေလည်း ပိုများလာပါတယ်။

ဖြေ ။ ။ သတင်းကတော့ ကျနော်တို့က အလုပ်လုပ်နေတယ်ဆိုတော့ မနက်အိပ်ရာထတယ်ဆိုရင် ဖုန်းဖွင့်ပြီး အဓိက Social Media – Facebook တို့ကနေ သတင်းကို ရယူပါတယ်။ ကြည့်ပါတယ်။

မေး ။ ။ အဓိကတော့ လူမှု့ကွန်ရက်ကနေပေါ့။

ဖြေ ။ ။ လက်ကိုင်ဖုန်းက သတင်းတွေကြည့်ရင်တော့ မြန်တာပေါ့။ သတင်းစာ ဝယ်ဖတ်မယ်ဆိုရင် သတင်းဆိုင်သွားရမယ်။ ကြာတာပေါ့။ မိုးလင်းတာနဲ့ Online ဖွင့်လိုက်၊ ဖုန်းပေါ်မှာ ကြည့်လိုက်တယ်ဆိုရင် သတင်းကမြန်တယ်။ ဖုန်းက ဆိုးကျိုးလည်းရှိသလို၊ ကောင်းကျိုးလည်း ရှိပါတယ်။ ဒါက ဒွန်တွဲနေအရာတခုဆိုတော့။

ဖြေ ။ ။ အရင်တုန်းကဆိုရင် စာတွေ ဘာတွေ လိုလို့ဆိုရင် စာအုပ်ဆိုင်တွေ၊ ဘာတွေ သွားမှ။ ဂျာနယ်ဆိုရင် ဂျာနယ်ဆိုင်သွားမှ ကိုယ်ကသွားပြီးတော့ သိရမှာ ဖြစ်တယ်။ အခုကတော့ ဖုန်းပွတ်လိုက်တာနဲ့ ကိုယ်သိချင်တဲ့သတင်းကို ချက်ချင်းကောက်ရှာလိုက်တာနဲ့ ချက်ချင်း (၁၀-၁၅) မိနစ်အတွင်း ပြန်ပြီးသိရတဲ့အတွက် သုံးလို့အဆင်ပြေပါတယ်။ အချိန်ကုန် သက်သာမယ်။ လူသက်သာမယ် - အဲဒါတခု။ ကိုယ်သိချင်တာလည်း ချက်ချင်းသိရမယ်။ အဲဒီတခုတော့ သဘောကျပါတယ်။

ဖြေ ။ ။ ဗဟုသုတတော့ တော်တော်များများ ရပါတယ်။ အခြေခံလူတန်းစားတွေအကြောင်းလည်း သိရပါတယ်။ ကိုယ်က ဖြစ်နေတဲ့နေရာတွေ မရောက်ပေမယ့်လဲ ဒီမှာ ကြည့်လို့ရတယ်။ ဘုရားတွေလည်း ဖူးလို့ရတယ်။ တော်တော်လေး ဗဟုသုတ ရပါတယ်။

ဖြေ ။ ။ တခါတလေကြရင် ဟုတ်တဲ့ဟာလည်းရှိတယ်၊ မဟုတ်တဲ့ဟာလည်းရှိတယ်။ ကျနော်တို့က ပြန်သွားလို့ရှိရင် မြန်မာ့အသံ၊ မြဝတီတို့ ကြည့်လိုက်တယ် ….

မစုမြတ်မွန် ။ ။ ကိုယ်နဲ့မကွာ အိတ်ဆောင်ထဲမှာရှိနေတဲ့ လက်ကိုင်ဖုန်းကြောင့် သတင်းတွေကို ကိုယ်သိချင်တဲ့အချိန်မှာ သိရအောင် ဖတ်နိုင်ကြပါပြီ။ သတင်းဌာနကြီးတွေကလည်း Internet Online ကို အသုံးချပြီး သတင်းတွေကို ပုံစံမျိုးစုံနဲ့ ဖြန့်ဖြူးလာကြပါတယ်။ တချိန်တည်းမှာပဲ Facebook လူမှု့ကွန်ရက်သုံးသူ သန်း (၂၀) ကျော် ရှိနေတာကြောင့် Facebook ကိုလည်း သတင်းဌာနကြီးတွေက သတင်းဖြန့်ဝေတဲ့ ကြားခံအဖြစ် အသုံးပြုလာကြပါပြီ။ မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူတွေ များလာပြီးတဲ့နောက်မှာ သတင်းဖြန့်ဝေမှု ပုံစံပြောင်းလဲသွားတယ်လို့ Information Matrix ကုမ္ပဏီရဲ့  အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ် က ပြောပါတယ်။

ဦးသောင်းစုငြိမ် ။ ။ အဲဒါက အရင်တုန်းကဆို ဂျာနယ်တွေက ၂၀၀၉-၂၀၁၀ လောက်မှာ စာပေစီစစ်ရေးကလည်း သူတို့ရဲ့  စီစစ်ရေးမူဝါဒတွေကို ရုတ်သိမ်းသွားပြီး၊ ဖြေလျှော့ပြီးနောက်အချိန်မှာ ဂျာနယ်တွေရဲ့  ရွှေခေတ်တခေတ်လိုမျိုး ပုံနှိပ်မီဒီယာခေတ် ရှိခဲ့ပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေကလည်း အများကြီး ရှိလာတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်က လွတ်လာတယ်။ နိုင်ငံရေးထဲ ဝင်တော့မယ် စသည်ဖြင့် အဲဒါမျိုးတွေ ဖြစ်လာတဲ့အချိန်မှာ ဂျာနယ်တွေက ရောင်းအားတအား တက်လာတယ်။ အဲဒီအချိန်မှာ စောင်ရေအများဆုံးက တစ်သိန်းခွဲ - နှစ်သိန်း အဲဒီဝန်းကျင်ပဲရှိတယ်။ အဲဒီခေတ်ကနေ အခုလိုမျိုး Social Media တွေ ပေါ်လာတဲ့အခါမှာ Social Media သုံးစွဲသူက သန်း (၂၀) လောက်ကို ရှိလာတဲ့အခါမှာ အဲဒီလူတွေ အားလုံးနီးပါးက Social Media ပေါ်ကတဆင့် ကျနော်တို့ သတင်းမီဒီယာတွေရဲ့  စာတွေကို အလွယ်တကူ Like လုပ်လို့ရတယ်။ အလွယ်တကူ Follow လုပ်ထားလို့ရတယ်ဆိုတော့ သတင်းတွေကလည်း ပိုပြီးမြန်ဆန်သွက်လက်လာတယ်။ ပိုပြီးတော့ Fresh ဖြစ်လာတယ်။ ပိုပြီးတော့ ပြန့်နှံ့မှုနှုန်းလည်း များလာတယ်။

ဥပမာဆိုရင် ကျနော်တို့ တလောလုံးက ရခိုင်ပြည်နယ် ပင်လယ်ဝက ကျွန်းလေးတကျွန်းကို ရောက်သွားတဲံအခါမှာ အဲဒီကလူကြီးက ကျနော်တို့ ရောက်နေချိန်မှာ လာပြီးနှုတ်ဆက်ချိန်မှာ အခုပဲ ကျနော် 7 Days ကို ဖတ်နေတယ်ဆိုတော့ ကျနော်တို့ စာအုပ်ဂျာနယ်တွေ ကျွန်းပေါ်ရောက်နေသလားဆိုတော့ … မဟုတ်ဘူး .. သူက Facebook ပေါ်က ဖတ်နေတယ်ဆိုတယ်။ အဲဒီတော့ ဒါက ပင်လယ်ဝက ကျွန်းလေးတကျွန်း - အဲဒီမှာ Hand phone, Smart phone နဲ့ Data ရနေတော့ သတင်းတွေကို အဆက်မပြတ်၊ ရန်ကုန်က လူတယောက်လိုပဲ ဖတ်နေလို့ ရတယ်ဆိုတော့ ဒါက Media ရဲ့  Distribution Model က အများကြီး ပြောင်းလဲသွားတာကို တွေ့နိုင်ပါတယ်။

မစုမြတ်မွန် ။ ။ မြန်မာနိုင်ငံ နေရာအနှံမှာ ရှိနေကြတဲ့ Smart Phone သုံးသူတွေဆီ သတင်းအရောက်ပို့ပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လူသိများတဲ့ သတင်းဌာနကြီးတွေရဲ့  သတင်းတွေကို Smart Phone တွေပေါ်က ဖတ်နိုင်၊ နားဆင်နိုင်အောင် လုပ်ပေးနေတဲ့ လုပ်ငန်းတခုကတော့ Blue Ocean Operation Management ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့  ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က သူတို့ရဲ့  ဝန်ဆောင်မှုတွေအကြောင်းကို အခုလို ရှင်းပြပါတယ်.

ဦးထွန်းထွန်းနိုင် ။ ။ ကျနော်တို့ Blue Ocean ကတော့ မီဒီယာမှာ ၂၀၀၉ ခုလောက် Internet စလုပ်ကတည်းက စတင်လုပ်ခဲ့ပါတယ်။ အဓိကတော့ Mobile Operators တွေ ပြောင်းလာတဲ့နောက်ပိုင်း ကျနော်တို့က မီဒီယာသတင်းတွေကို ကျနော်တို့က ပထမဦးဆုံး SMS နဲ့ ပေးတယ်။ ပထမဦးဆုံး MPT ပဲ ရှိတဲ့ခေတ်မှာ SMS နဲ့ ပေးတယ်။ နောက်တခု ဒုတိယအစီအစဉ်ကတော့ IVR – Voice … လို့ ခေါ်တယ်။ Automatic Telephone ခေါ်လိုက်တယ်။ တယ်လီဖုန်းခေါ်ပြီး Phone ring သံကြားလို့ရှိရင် သတင်းတွေကို ကြားရတယ်။ အခု တတိယကတော့ Video Content တွေအနေနဲ့ ပေးပါတယ်။ ဒီသုံးခုနဲ့ Blue Ocean ကနေ မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာတွေနဲ့ International မှာရှိတဲ့ မီဒီယာတွေနဲ့ မိုဘိုင်အသုံးပြုသူတွေကို ကျနော်တို့ အဲဒီ Platform သုံးခုကနေ ပေးနေပါတယ်။

မစုမြတ်မွန် ။ ။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပုဂ္ဂလိက Telecom ဆက်သွယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ပေးခဲ့ပြီးနောက်ပိုင်း ဒေါ်လာထောင်ချီ ပေးခဲ့ရတဲ့ Phone Sim Card တန်းဖိုးဟာ တစ်ဒေါ်လာဝန်းကျင်လောက်ကို ဈေးကျသွားခဲ့ပါတယ်။ လက်ကိုင်ဖုန်း၊ Smart Phone တွေ သုံးလာနိုင်ကြသလို အဖိုးအခနှုန်း သက်သက်သာသာနဲ့ မြန်နှုန်းမြင့် အင်တာနက်ကိုပါ သုံးလာနိုင်ကြပါတယ်။ ဒါကြောင့် မြို့ ကြီးတွေမှာပင် မဟုတ်ကြတော့ဘဲ မြန်မာနိုင်ငံတနိုင်ငံလုံးရှိ လူတွေဟာ လက်ကိုင် Smart Phone ပေါ်ကတဆင့် သတင်းတွေကို ရလာခဲ့ကြတယ်လို့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ လုပ်ကိုင်နေတဲ့ ဖန်တီးရာ CEO Jeff Peterson က ပြောပါတယ်။

Jeff ။ ။ မြန်မာနိုင်ငံမှာ လူဦးရေ တစ်ရာ ရာခိုင်နှုန်းနီးပါး လက်ကိုင်ဖုန်းသုံးတဲ့ အခြေအနေကို ရောက်ခါနီးပါပြီ။ သိပ်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာက လက်ကိုင်ဖုန်း အများစုက Smart phone တွေ ဖြစ်ကြပါတယ်။ အဲဒီတော့ လူတွေအနေနဲ့ မြန်နှုန်းမြင့် 3G, 4G အင်တာနက်တွေကို ရနေကြပါတယ်။ မြန်ဆန်တယ်၊ ဈေးနှုန်းလည်း မကြီးလှဘူးဆိုတော့ မြန်မာတနိုင်ငံလုံး ရန်ကုန်၊ မန္တလေးလို မြို့ ကြီးတွေမှာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ သတင်းတွေ၊ ဖျော်ဖြေရေးတွေကို ကိုယ်ပိုင်လက်ကိုင်ဖုန်းတွေပေါ်ကနေ ရနေကြပါတယ်။ သိပ်မကြာခင်နှစ်ပိုင်းကမှ အခုလိုမျိုး ဖြစ်သွားတာပါ။ အခုဆိုလို့ရှိရင် လူတွေက ပြည်တွင်းသတင်းတွေတင် မဟုတ်ဘူး၊ ပြည်ပသတင်းတွေကိုတောင်မှ Facebook ကွန်ရက်ပေါ်ကနေ ရယူနေကြပါပြီ။

မစုမြတ်မွန် ။ ။ ဒီကနေ့ သတင်းမီဒီယာတွေကြားမှာ Facebook က အားကိုးစရာ ကြားခံဖြစ်ပေမယ့် သတင်းပေးနိုင်တဲ့နေရာမှာ ကန့်သတ်ချက်တွေ ရှိတာကြောင့် အားနည်းချက်တွေ ရှိတယ်လို့ မဇ္ဈိမသတင်း အယ်ဒီတာချုပ်လည်းဖြစ်၊ ဦးဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဦးစိုးမြင့်က ပြောပါတယ်။

ဦးစိုးမြင့် ။ ။ ဗီဒီယိုဆိုရင် တစ်မိနစ်စာလောက်ပဲ The clipping .. Text အကြောင်းအရာဆိုရင်လည်း ရေးတဲ့စာသားဆိုရင်လည်း တိုတိုတုတ်တုတ်ပဲ ခေါင်းစဉ်လောက်ပဲ။ ပြီးတော့ Facebook ဆိုရင် Live လုပ်ပေးတယ်။ ဒါက သူ့ရဲ့  သတ်သတ်မှတ်မှတ် နည်းလေးတွေရှိတယ်။ အဲဒါတွေ လုပ်နိုင်ရင် မြန်မြန်ဆန်ဆန် ရောက်သွားတယ်။ ဒါပေမဲ့ အားနည်းချက်က ဘာလဲဆိုတော့ ပြည့်ပြည့်စုံစုံ အချက်အလက် မရဘူး။ ပြည့်ပြည့်စုံစုံ အချက်အလက်တွေကြတော့ Websites တွေရှိမယ်။ ပုံနှိပ်တွေ ရှိမယ်။ သူတို့က အချိန်ကြာတယ်။ Facebook လိုတော့ ချက်ချင်းမရဘူး။ ဒါပေမဲ့လဲ နောက်တစ်နာရီလောက်အတွင်းမှာ ပြည့်ပြည့်စုံစုံ၊ ပိုပြီးပြည့်ပြည့်စုံစုံ ရတယ်။ အဲဒီနှစ်ခုကို ကျနော်က မျှသုံးလာတယ်။ ဘယ်လိုသုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ်မှာ၊ ဘာကြောင့်သုံးတယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ်မှာ မူတည်ပြီးတော့ လုပ်တယ်။ ဒါပေမဲ့ နှစ်ချက်စလုံးမှာ အားနည်းချက်ရှိတယ်။ Facebook ဆိုရင် အပြည့်အစုံ မရဘူး။ ဒီ့အပြင် Social Media မှာ အမှန်ကို အမှားလုပ်တာရှိတယ်။ အမှားကို အမှန်ပြန်လုပ်တာရှိတယ်။

မစုမြတ်မွန် ။ ။ သတင်းဌာနတွေ၊ သတင်းဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေက သတင်းတွေကို Smart Phone သုံးသူတွေဆီ အရောက်ပို့ပေးနိုင်အောင် စီစဉ်လုပ်ထားပေမယ့် သတင်းကို လေးလေးနက်နက် သိချင်သူတွေ၊ သတင်းတန်းဖိုးထားသူတွေကပဲ ဒီဝန်ဆောင်မှုတွေကို အဖိုးအခ အကုန်အကျခံပြီးတော့ တကူးတကန့် ရယူနေကြတာပါ။ အများစုကတော့ Facebook ပေါ်မှာ လွယ်လွယ်မြင်တွေ့နေတဲ့ သတင်းတွေကိုပဲ ဖတ်နေကြည့်နေကြတာ ဖြစ်ပါတယ်။

ဦးထွန်းထွန်းနိုင် ။ ။ ဒီမှာလည်း လူတန်းစားနှစ်ရပ် ရှိပါတယ်။ တအုပ်စုကတော့ လူငယ်တွေ၊ Teenagers တွေ နှစ်ဆယ်အောက်လူငယ်တွေကတော့ သူတို့က တကူးတကန့် ဒီ Service ကို မယူရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က Facebook မှာပဲ ပျော်မွှေ့နေတယ်။ Facebook တင်ထားတာတွေပဲ ရှာကြတယ်။ ကျနော့်တို့ဆီမှာ သတင်းယူတဲ့လူတွေက လူကြီးပိုင်းများတယ်။ လူကြီးပိုင်းဆိုတာက သုံးဆယ့်ငါးနှစ်အထက် လူတွေများတယ်။ အထူးသဖြင့် လေးဆယ့်ငါးနှစ်၊ ငါးဆယ်၊ အသက်ခြောက်ဆယ်အထိလူတွေ သူတို့ကတော့ Facebook ကို ရှာတာထက်၊ သူတို့ဆီကို အရောက်ပို့ပေးတဲ့ Service မျိုးကို ပိုကြိုက်ကြတယ်။ နောက်တခုကတော့ ကျနော်တို့ဆီမှာ ဂျာနယ်သတင်းစာတွေ များလာတယ်။ ဂျာနယ်သတင်းစာတွေက များလာတဲ့အခါကြတော့ တနေ့တနေ့ကိုထွက်တဲ့ ဂျာနယ်၊ သတင်းစာတွေ ဝယ်ဖတ်ဖို့ဆိုတာက မလွယ်ဘူး။ နောက်တခုက အချို့ ဟာတွေဆိုရင် သတင်းတွေ ထပ်နေတယ်။ ဒီလိုမျိုး Service ကို ယူလိုက်လို့ရှိရင် ဂျာနယ်၊ သတင်းစာထက် သူကပိုပြီးတော့ Effective ပိုဖြစ်ပါတယ်။ အဲဒါကြောင့် တကယ်လိုချင်တဲ့လူနဲ့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေကတော့ ကျနော်တို့ Service ကို Subscribe လုပ်ကြပါတယ်။

မစုမြတ်မွန် ။ ။ အဲဒီလို Facebook သုံးစွဲသူတွေဆီကို ကိုယ့်ရဲ့  သတင်းစာမျက်နှာတွေဆီ လာကြည့်အောင်၊ သတင်းဝန်ဆောင်မှုတွေ ရယူလာအောင်လို့ ဘယ်လို လုပ်နိုင်မလဲ။

ဦးစိုးမြင့် ။ ။ Facebook မှာတော့ အကုန်ပေးလို့ မရဘူး။ ပေးလည်း စိတ်မဝင်စားဘူး။ ဒါပေမဲ့ စိတ်ဝင်စားတဲ့လူကတော့ ရှိပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေး၊ လူမှုရေး စိတ်ဝင်စားတာဖြစ်ဖြစ်၊ Celebraties အကြောင်း စိတ်ဝင်စားတာဖြစ်ဖြစ်၊ စီးပွားရေး စိတ်ဝင်စားသူတွေကို ကျနော်တို့က တဆင့်ပြန်ခေါ်ရတဲ့အခါကြတော့ Facebook မှာ သတင်းအကျဉ်းချုပ်တင်မယ်၊ ပြီးရင် Link ပေးမယ်။ Website ကို သွားမယ်။ ဒါမှမဟုတ် အဲဒီကနေ Link ကို ပေးမယ်။ TV, Video footage ကို သွားမယ်။ အဲဒီလိုမျိုး နည်းလမ်းတခုခုနဲ့ သူတို့ကို ပြန်ပြီးတော့ လုပ်ရတယ်။ ဒါပေမဲ့ လူတိုင်းသွားမှာ မဟုတ်ဘူး။ Facebook က မြန်မာပြည်မှာ ဖတ်တာတောင် မဟုတ်ဘူး၊ Facebook က ပွတ်တာ။ အဲဒီလိုလုပ်တာဆိုတော့ အဲဒီကြားထဲမှာ စိတ်ဝင်စားတဲ့လူကို တနည်းနည်းနဲ့ တနေရာကို ခေါ်သွားဖို့ဆိုတာကိုပဲ ကျနော်တို့က နည်းလမ်းရှာပြီးတော့ လုပ်တဲ့အခါကြတော့ … Application download လုပ်ချင်လား။ ဖတ်ချင်တဲ့လူဆိုရင် ဖတ်တယ်။ မဖတ်ချင်တဲ့လူဆိုတာ မရှိဘူး။ မြန်မာနိုင်ငံမှာ သန်း (၅၀) ကျော် လူဦးရေ ရှိတယ်။ အဲဒီအထဲမှာမှ ဘယ်လောက်က ဘယ်ဟာကို စိတ်ဝင်စားတဲ့ဟာကို ကျနော်တို့အလုပ်က စိတ်ဝင်စားမယ့် နည်းလမ်းပေါင်းစုံကို ကျနော်တို့က အဆင်သင့်လေး လုပ်ပေးထားဖို့ပဲ ကျနော်တို့ရဲ့  စိန်ခေါ်မှုဖြစ်တယ်။

မစုမြတ်မွန် ။ ။ Online ပေါ်ကနေ အထူးသဖြင့် လူမှုကွန်ရက်တွေပေါ်ကနေ သတင်းရယူသူတွေ များလာတာနဲ့ တဆက်ထဲမှာ သတင်းတုပြဿနာကလည်း စိန်ခေါ်မှု ဖြစ်လာနေပါတယ်။ မှန်ကန်တဲ့ သတင်းတွေကို လူထုကြားထဲကို ထိုးဖောက်ရောက်နိုင်အောင်လို့ ပိုမိုလုပ်ပေးနိုင်အောင်လို့ သတင်းဌာနတွေအနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်နေသလဲ။ အဲဒီလို လုပ်တဲ့နေရာမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေတာကို နောက်တခေါက် အစီအစဉ်မှာ တင်ပြသွားပါမယ်။

XS
SM
MD
LG